ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဧရိယာ ၃၀.၅၄၅ စတုရန်း မိုင်၊ လူဦးရေ ၃၇၀၀၀၀ဦး၊ မီးသုံးစွဲ ၆၈၁၅၂ ဦးနှင့် စက်မှုဇုန်လေးဇုန်ရှိပြီး စက်ရုံ၊ အလုပ်ရုံများပြားစွာရှိသော မြို့နယ်ဖြစ်ပါကြောင်း၊ ယခုအခါ လူနေရပ်ကွက်များတွင် မီးအား များကျဆင်းခြင်း၊ မီးပြတ်ခြင်း၊ မီးအားနည်းမှုကြောင့် သောက်သုံးရေမရရှိခြင်း၊ သောက်သုံးရေ မပေးဝေနိုင်ခြင်းများရှိနေပြီး စက်မှုဇုန်များတွင်လည်း မီးအားသုံးစွဲမှုများစွာလိုအပ်လျက်ရှိပါကြောင်း၊ မကြာမီ ဒဂုံမြို့သစ်(တောင်ပိုင်း)စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်း၊ Pilot ပရောဂျက်ကို တိုင်းဒေသကြီးဦးဆောင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါ သဖြင့် ၂၀၀ KVA ထရန်စဖော်မာ အလုံး ၅၀ အမြန်ဆုံးတပ်ဆင်ပေးရန်နှင့် မီတာလျှောက် ထားမှုများကို လက်ခံပေးရန် ရွာသာကြီခွဲရုံ၊ ဒဂုံ(တောင်ပိုင်း)တိုးချဲ့ဇုန်နှင့်ခွဲရုံ၊ ဒဂုံ(တောင်ပိုင်း)ခွဲရုံ တို့ကို (၃၃/၁၁)KV မှ (၆၆/၁၁)KV သို့ တိုးမြှင့်ပေးရန်နှင့် (၅၆)ရပ်ကွက်နှင့်(၇၀)ရပ်ကွက်ကြား၊ (၅၇)ရပ်ကွက်နှင့် (၇၁)ရပ်ကွက်ကြားတွင်လည်းကောင်း၊ (၆၆/၁၁)KV ဓာတ်အားခွဲရုံများ အသစ် တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ကို ၁-၃-၂၀၁၆ ရက်နေ့ မှစတင်ပြီး Myanmar Global Lighting Star Co.,Ltd မှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်း ကိုလုပ်ကိုင်ခွင့်ရပြီး ဆောင်ရွက်နေပါကြောင်း၊ ၎င်းမြို့နယ်အတွင်းမှာရှိ ၆၆ KV ဗို့အားအဆင့်နှင့် ၃၃ KV ဗို့အားအဆင့် များနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များကို မူလရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း က တာဝန်ယူရင်းနှီးမြှုပ်နှံဆောင်ရွက်ရမည်ဖြစ်ပြီး ၁၁ KV ဗို့အားနဲ့ ၎င်းရဲ့အောက်မှာရှိတဲ့ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၏ ဓာတ်အားဖြန့်ဖြူးရေးစနစ်များ တိုးတက်ကောင်းမွန်အောင် ထိန်းသိမ်းရေး၊ ရင်းနှီးမြှုပ်နှံရမယ့်တာဝန်ကို ကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ၆၆ KV နှင့် ၃၃ KV ဓာတ်အားခွဲရုံများအနေဖြင့် ပြည်သူများ ထပ်မံလိုအပ်လျက်ရှိသည့် လျှပ်စစ်ကိုနိုင်နင်းအောင် ဖြန့်ဖြူးပေးနိုင်နေသည့်အဆင့်တွင်ရှိပါကြောင်း၊ လက်ရှိ ၃၃ KV ဓာတ်အားခွဲရုံများကို ၆၆ KV ဓာတ်အားခွဲရုံအဆင့်အား တိုးမြှင့်နိုင်ရန်အစီအစဉ်ရှိ/မရှိ နှင့်ပတ်သက်ပြီး ၆၆ KV နှင့် ၃၃ KV ခွဲရုံများသည် ဝန်အားနိုင်နင်းလျက်ရှိပါကြောင်း၊ လာမည့် နှစ်ကာလများတွင် အဆိုပါခွဲရုံများကို ဝန်အားတိုးတက်လာသည့်အတွက်ကြောင့် အဆင့်တိုးမြှင့်ရန်လိုအပ် လာမည်ဆိုပါက ရန်ကုန် လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် စီမံလျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်း၊ အဆိုပါ မြို့နယ်အတွင်းမှာရှိ ၁၁ KV ထရန်စဖော်မာများ၏ လက်ရှိအခြေအနေမှာ ၂၂၃ လုံး တပ်ဆင်ထားပြီး ဝန်အား ၉၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ၁၈ လုံး၊ ဝန်အား ၈၆ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ကိုးလုံး၊ ဝန်အား ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ ၁၇ လုံးနှင့် ဝန်အား ၈၀ ရာခိုင်နှုန်းအောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ထရန်စဖော်မာပေါင်း ၁၇၉ လုံးရှိပါကြောင်း၊ အဆိုပါ ၁၁ KV ဓာတ်အားလိုင်းများနှင့် (၁၁/ဝ.၄)ထရန်စဖော်မာများ ဝန်အားနိုင်နင်းမှုနည်းလာသည့် အခြေအနေကို ရင်းနှီးမြှုပ်နှံမှုကို ကုမ္ပဏီကတာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပြီး လုပ်ငန်းလိုအပ်သည့် အချိန်တွင် လိုအပ်သလို ရင်းနှီးစိုက်ထုတ်မှုအားနည်းသည့်အတွက်ကြောင့် ပြည်သူများတောင်းဆို သည့်မီတာများ တပ်ဆင်နိုင်ပေးနိုင်ခြင်းမရှိဖြစ်နေပါကြောင်း၊
လက်ရှိအခြေအနေတွင် မီတာများထပ်မံလျှောက်ထားခြင်းကို လက်ခံဆောင်ရွက်ပေးလျက် ရှိပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အိမ်သုံးမီတာပေါင်း အလုံးရေ ၄၄၈ လုံးအထိ တပ်ဆင်ပေးရန် ကျန်ရှိနေပါကြောင်း၊ အဆိုပါမီတာများ ခွင့်ပြုတပ်ဆင်ပေးနိုင်ရန်အတွက် (၁၁/ဝ.၄)KV၊ ၂၀၀ KVA ထရန်စဖော်မာ ၄၂ လုံးနှင့် ဆက်စပ်ဓာတ်အားလိုင်းများကို Myanmar Global Lighting Star Co.,Ltd က တည်ဆောက်ပေးရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေပြီး ကုမ္ပဏီ အား စာဖြင့်လည်းကောင်း၊ အစည်းအဝေးခေါ်ယူ ဆွေးနွေးခြင်းအားဖြင့်လည်းကောင်း တိုက်တွန်း ဆောင်ရွက်လျက်ရှိသည့်အတွက် ကုမ္ပဏီကဦးစားပေးအလိုက် (၁၁/ဝ.၄)KV၊ ၂၀၀ KVA ၁၉ လုံးနှင့် ၁၁ KV ဓာတ်အားလိုင်း ပေ ၁၉၀၀ ခန့်အသစ်တည်ဆောက်ခြင်းအား ၂၀၁၈ ခုနှစ် မတ်လအကုန် တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံ ပြန်လည်တင်ပြထားပါကြောင်း၊ မြို့နယ်အတွင်း မီတာတပ်ဆင်ခွင့် လျှောက်ထားသည့် ကိစ္စများ အတွက် လိုအပ်သည့်ထရန်စဖော်မာများ၊ ဆက်စပ်ဓာတ်အားလိုင်းများ အမြန်တိုးချဲ့ တည်ဆောက် ပေးရန် အတွက် Myanmar Global Lighting Star Co.,Ltd ကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက စဉ်ဆက်မပြတ်တွန်းအားပေး ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ကုမ္ပဏီဘက်မှ တာဝန်ပျက်ကွက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက စာချုပ်ပါစည်းကမ်းအတိုင်း အရေးယူဆောက်ရွက်သွားမှာဖြစ်ပါကြောင်း နှင့် ယခုလာမည့် စနေ၊ တနင်္ဂနွေတွင် မိမိကိုယ်တိုင် အဆိုပါ ဒဂုံ(တောင်ပိုင်း)မြို့နယ်သို့ သွားရောက်ပြီး ၃၃ KV ခွဲရုံများ၏ ဝန်အားနိုင်နင်းမှုနှင့် နည်းပညာ ဆိုင်ရာအခြေအနေများကို ကိုယ်တိုင်သွားရောက်စစ်ဆေးပြီး လိုအပ်သလိုဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
