ကျောင်းကုန်းမြို့နယ်သည် အာဆင်းနစ်အလွန် များပြားသော ဒေသတစ်ခု ဖြစ်သည့် အတွက် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အာဆင်းနစ်နှင့်ပတ်သက်ပြီး ဆောင်ရွက်ချက် များ ကို မေးမြန်းခဲ့ရာ ၂၀၁၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစားပေးအစီအစဉ် ၆ ရပ်ကို စာဖြင့်ဖြေကြားထားပါကြောင်း၊
ကျောင်းကုန်းမြို့နယ်သည် အာဆင်းနစ်များပြားခြင်းကြောင့်၂၀၀၅ ခုနှစ် နိုဝင်ဘာ လနှင့် ၂၀၀၇ ခုနှစ် မတ်လပိုင်းမှာ UNICEF နှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သောက်သုံးရေတွင်းများကို စမ်းသပ်ခဲ့ရပါကြောင်း၊ သောက်သုံးရေအတွက် အာဆင်းနစ်သတ်မှတ်ချက်မှာ ၁၀ ကနေပြီးတော့ ၅၀ PPB အတွင်း သာသောက် သုံးနိုင် သည်ဟု သိရှိရပါကြောင်း၊ မိမိတို့စမ်းသပ် ချက် ရလဒ်များအရ ကွင်းဆက်ကြီးကျေးရွာအုပ်စု ရေတွင်း (၉) တွင်းအနက် အာဆင်းနစ်ဓာတ်(၇) က ၁၀၆ PPB အထိ၊ တံခွန်တိုင် ၂၁ တွင်း အနက်၂၁ တွင်းလုံးသည် ၉၉ PPB အထိ၊ အဝစုရွာအတွင်းတွင် ၁၅ တွင်းသည် ၁၁၀ PPB အထိ၊ အလယ်စုရွာမှာ ၁၆ တွင်းအနက် ၁၁ တွင်းသည် ၁၁၁ PPB အများဆုံး၊ တောင်စုကျေးရွာမှာ ၃၂ တွင်း အနက် ၃၁ တွင်းသည် ၁၀၆ PPB အထိ၊ ကြုံဒိုင်းရိုးကျေးရွာမှာ ၂၆ တွင်းအနက် ၂၄ တွင်းသည် ၁၀၉ PPB ၊ ကြုံနားဝကျေးရွာရှိ ၁၈ တွင်းအနက် ၁၈ တွင်းသည် ၁၀၈ PPB အထိတွေ့အသီးသီးတွေ့ရှိရပါကြောင်း။
အထူးသဖြင့် ကျောင်းကုန်းမြို့နယ်၊ မှော်သေးရပ်ကွက်ရှိ ၅၂ တွင်းအနက် ၃၈ တွင်း အများဆုံးဟာ PPBအဆင့် ၅၄၀, ၅၁၅, ၅၀၀ ကျော်သည်အထိနှင့် အ.ထ.က တွင်းသည် PPB ၂၀၀၀ အထိဖြစ်သွားခြင်းများကြောင်း ချက်ခြင်းပိတ်လိုက်ရသည့်အနေအထားရှိပါကြောင်း။
ထို့ကြောင့် ၂၀၀၅ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၀၇ ခုနှစ် မတ်လတွင် ကျန်းမာရေးဦးစီး ဌာနနှင့် UNICEF တို့ပူးပေါင်းပြီး စမ်းသပ် ရလဒ်အပေါ် မူတည်ပြီး စီမံချက် တစ်ရပ်အနေနှင့် တွင်း ပေါင်း ၃၂ တွင်းကို စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ကျန်းမာရေးဦးစီးဌာနများနှင့် ပူးပေါင်းတူးဖော်ခဲ့သော်လည်း ပေ ရှည်တွင်းနှင့် လေး လက်မ ပိုက်တွင်းများဖြစ်သောကြောင့် ယခုအချိန်တွင် သောက်ရေတွင်းများသည် အတော် ပျက်စီးနေသည့် အနေအထားရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်နှင့် တူးဖော်ရာ တွင်လည်း မူလအစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း များကြောင့် UNICEF ကတူးပေးသော တွင်းများကို ဆောင်ရွက်ပေးခြင်းမရှိပါကြောင်း၊ ဒရေအရင်းအမြစ် ဦးစီးဌာနက ဆောင်ရွက်ရာတွင်လည်း Heavy ဖြစ်သော မှော်သေးကဲ့သို့နေရာမျိုးတွင် ပေ ၁၀၀၀ တွင်း နှစ်တွင်းခန့်သာ တူးနိုင်ပြီး ဆက်လက်တူးဖော်နိုင်ခြင်းမရှိခြင်း၊ မြို့နယ်စည်ပင်အနေဖြင့်လည်း ပေ ၂၀၀ အထိ သာ တူးနိုင်ခြင်းများကြောင့် အာဆင်းနစ်လွတ်အောင် တူးနိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ အာဆင်းနစ်မြင့်မားသော ဒေသများတွင် နိုင်ငံတော်အစီအစဉ်ဖြင့် သောက်ရေတွင်းများတူးဖော်ပေးနိုင်မည့်အစီအစဉ်နှင့် UNICEF အစီအစဉ်ဖြင့်တူးဖော်ပေးနိုင်သည့် အာဆင်းနစ်သောက်ရေ တွင်းများကို ပြန်လည်ပြင်ဆင် တူးဖော်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျောင်းကုန်းမြို့နယ်အတွင်းရှိ တချို့သော လက်ရိုက်တွင်း တိမ်များတွင် အာဆင်းနစ် ပါ ဝင်နှုန်း သည် သောက်ရေအတွက် သတ်မှတ်စံနှုန်းထက်များပြားလျက် ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှလည်း စစ်ဆေးတွေ့ရှိထားကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်းပြီးတော့မှ ဧရာဝတီ တိုင်းဒေသကြီး အတွင်းအာဆင်းနစ် ကင်းစင်သော သောက်သုံးရေ ရရှိရေးလုပ်ငန်းအနေဖြင့် ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်တွင် ဟင်္သာတ၊ သာပေါင်းနှင့် ကျုံပျော်မြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှာ မြေသားရေကန် ၁၃ ကန်နှင့် လက်တူးတွင်း ၃၀ တွင်း အဆင့်မြှင့်တင်ခြင်း၊ ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်များတွင် ကျုံပျော်၊ အင်္ဂပူ၊ ဟင်္သာတနှင့် ရေကြည် မြို့နယ်များ အတွင်းရှိ ကျေးရွာ ၁၁ ရွာတွင် မြေသားရေကန် တစ်ကန်နှင့် လက်တူးတွင်း ၁၀ တွင်း တူးဖော်ခြင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ကျောင်းကုန်း၊ ပန်းတနော်နှင့် ကျိုတ်လတ်မြို့နယ်များ အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင် လေးလက်မ စက်ရေတွင်း ၁၀ တွင်း တူးဖော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရေအရင်းအမြစ်များတွင် အာဆင်းနစ်ဓာတ် ပါဝင်မှု ပမာဏကို တိုင်းတာခြင်း၊ အာဆင်းနစ်ဓါတ် ပါဝင်မှု များသော ရေအရင်း အမြစ်များကို ပြည်သူ လူထု သောက်သုံးခြင်း မပြုရန် ပညာပေးခြင်း၊ ပြည်သူလူထု၏ ရေရှည်အာဆင်းနစ် အဆိပ်သင့်ရောဂါရှိ/ မရှိ စောင့်ကြပ် ထောက်လှမ်းခြင်း၊ သောက်သုံး ရေတွင်ပါဝင်သော အာဆင်းနစ်ဓာတ်ကို ဖယ်ရှားခြင်းဆိုင်ရာနည်း စနစ်များကို သုတေသနပြုခြင်း အစရှိသော ရောဂါကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက် လျက်ရှိကြပါကြောင်း၊
ကျောင်းကုန်းမြို့နယ်အတွင်း အာဆင်းနစ် ပါဝင်မှုများသောဒေသများမှာ အာဆင်းနစ်ကင်းစင်သော သောက် သုံးရေ ရရှိရေး ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့ကြီးဌာနအနေဖြင့် ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာ တွေ့ရှိချက်များနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF နှင့် ပူးပေါင်းဆောင်ရွက်သော အာဆင်းနစ်ကင်းစင်သော သောက်သုံးရေရရှိရေးလုပ်ငန်းစီမံချက်တွင် ရန်ပုံငွေတင်ပြတောင်းခံဆောင်ရွက်ရန်နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေလျာထားရေးဆွဲထားခြင်း မရှိသေးပါ ကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အာဆင်းနစ်ကင်းစင်သော သောက်သုံးရေ တွင်းနက်တူးဖော် နိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြန်လည်းဖြေကြားပါသည်။
ဦးသိန်းထွန်း(ကျောင်းကုန်း) မှ ဆက်စပ်မေးခွန်းကို ဆက်လက်မေးမြန်းပါသည်။
ဘုန်းကြီးအိုင်ကျေးရွာတွင် အာဆင်းနစ်လွတ်ကင်းသောတွင်း လုံးဝမရှိကြောင့် ရေအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို တင်ပြခဲ့ရာ တူဖော်းဆောင်ရွက်ပေးသော်လည်း ရေထွက်ရန် အစီအစဉ်မပါသေးပါကြောင်း၊ ပျက်စီးယိုယွင်း သွားသော UNICEF တွင်းများကို ပြန်လည် သုံးစွဲရာ ဘုံပိုင်အနေနှင့် သုံးစွဲခြင်းများတွင် တွင်းနက်ခြင်း ရေ Fresh မဖြစ်ခြင်းများကြုံတွေ့နေရ ပါကြောင်း၊ ကွန်ပရက်ဆာ ၊အင်ဂျင်များနှင့် အသုံးပြုမှ အဆင်ပြေနိုင်မည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက အာဆင်းနစ်လွတ် တွင်း များတူးပေးရန် အစီအစဉ်များရှိခဲ့လျှင် တွင်းအပြင် ဆက်စပ်ပစ္စည်းများ၊ စက်များ၊ ရေကန်များ ပါရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးသိန်းထွန်း(ကျောင်းကုန်း)၏ ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သုံးသပ်ပြောကြားရာ-
ကျောင်းကုန်းဒေသ၏ ဤမျှလောက်များပြားသောနေရာများတွင် အာဆင်းနစ် အဆိပ်ဓာတ် ပါဝင်သော ရေများသုံးစွဲနေကြရပါက ဒေသခံများအတွက် အင်မတန် အန္တရာယ်ကြီးပါကြောင်း၊ ထို့ကြောင့် လွှတ်တော်တွင်ဖွဲ့စည်းထားသော ကျန်းမာရေး မြှင့်တင်မှုကော်မတီ်၊ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ပူးပေါင်းပြီး လွှတ်တော် အနေဖြင့် ကွင်းဆင်းစုံးစမ်းလေ့လာကာ ပြန်လည်းတင်ပြပါက ပိုမိုထိရောက်အောင်မြင်နိုင်သော အနေအထားရှိ သည့်နည်းတူ ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြအကြောင်းကြားမည်ဆိုပါက လည်း ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် သီးခြားစီမံ လုပ်ဆောင် ဆောင်ရွက်နိုင်သော ကိစ္စရပ်ဖြစ်ပါကြောင်း၊ UNICEF အပါအဝင် UN အဖွဲ့အစည်းတို့ကို ယခင်က အကူအညီ ပေးခဲ့သကဲ့သို့ ယခုအချိန်တွင်လည်း အကူအညီပေးရန် သက်ဆိုင်ရာ UN အဖွဲ့အစည်းများနှင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပိုကောင်းမှာဖြစ်ပါကြောင်း၊ ကျန်းမာရေးအရလည်း အထူးကိစ္စတစ်ရပ်အနေဖြင့် စဉ်းစားပြီး ငွေကုန်ကြေးကျခံလုပ်ဖို့ သင့်ကိစ္စတစ်ခုဖြစ်နိုင် သည်အတွက် မိမိရဲ့တင်ပြချက် အပေါ်မူတည်ပြီးသက်ဆိုင်ရာကော်မတီများနှင့် ပေါင်းစပ်ကာ အမြန်ဆုံးဆောင် ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊ အဆိုပါဆောင်ရွက်မှုများအတွက် မိမိသည်အချိန် သတ်မှတ် ဆောင် ရွက်စေရန် ကော်မတီများနှင့် ဆက်လက်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
