(ဃ)-ညောင်ရွှေအရှေ့ဘက် တောင်တန်းများပေါ် ရှိညောင်ရွှေ-လွယ်ခေါ်-အင်းနီ-သပြေကုန်း-သလဲ ဦး (၂၀)မိုင်ကိုနိုင်ငံတော်မှမြေသားလမ်းဖောက် လုပ်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၄.၁.၂၀၁၄)

ဦးခွန်သိန်းဖေ ( ဟိုပုန်း မဲဆန္ဒနယ်ညောင်ရွှေမြို့နယ်သည် နိုင်ငံံံ့ကျက်သရေဆောင် ကမ္ဘာကျော်အင်းလေးကန်ကြီး တည်ရှိရာမြို့နယ်ဖြစ်ပြီး ညောင်ရွှေမြိုအရှေ့ဘက်ရှိ တောင်တန်းများပေါ် ရှိ ကျေးရွာများမှ ပြည်သူများသည် အင်းလေးကန် အရှေ့ဘက်ကမ်းရှိ ညောင်ရွှေဈေး၊ မိုင်းသောက်ဈေး၊ သလဲဦးဈေးများကို အဓိကမှီခိုအားထားလျက်ရှိရာ အဆိုပါဈေးများသို့သွားလာခြင်း၊ တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်ဆံခြင်းအတွက် ၎င်းတို့ကိုယ်တိုင် ဖောက်လုပ်ထားသော ကိုယ်ထူကိုယ်ထလမ်းများဖြင့် ခက်ခဲစွာ သွားလာရပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်ရွှေမြို့ အရှေ့ဘက် တောင်တန်း များပေါ်ရှိ ကျေးရွာ အုပ်စု ၃ ခုအတွင်းရှိ ကျေးရွာများ ဆက်သွယ်သွားလားရေး အဆင် ပြေချေမွေ့စေရေးအတွက် ညောင်ရွှေ-လွယ်ခေါ်-အင်းနီ-သပြေကုန်း-သလဲဦးလမ်း မိုင် ၂၀ ကို နိုင်ငံတော်မှ မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရေး အစီအစဉ်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ဒုတိယဝန်ကြီး ဦးခင်မောင်အေးရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အရှေ့ဘက်တောင်တန်းပေါ် ရှိ ကျေးရွာအုပ် စု ၃ ခုအတွင်း ကျေးရွာများဆက် သွယ်သော ညောင်ရွှေ-လွယ်ခေါ်-အင်နီ-သပြေကုန်း-သလဲဦးလမ်းသည် လက်ရှိအခြေအနေ တွင် ကျောက်လမ်း ၆ ဖာလုံ၊ မြေသားလမ်း ၁၉ မိုင်၊ ၂ ဖာလုံ စုစုပေါင်းအရှည် ၂၀ မိုင်ရှိပါကြောင်း၊ လမ်းအရှည် ၁၉ မိုင်၊ ၂ ဖာလုံကို  မြေသားလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည် ဆိုပါက ငွေကျပ် ၂၈၈.၇၅ သန်း ကုန်ကျမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၈၉၃၅.၂၃၃ သန်း ဖြင့် ကတ္တရာလမ်း ၃၂ မိုင်၊ ၁ ဖာလုံ၊ ကျောက်ချောလမ်း ၆၇ မိုင်၊ ၂ ဖာလုံ၊ ‌မြေသားလမ်း ၁၅၆ မိုင်၊ သစ်သား တံတား ၃၁၄၃ ပေ၊ ရေပြွန် ၂၁၀၀ ပေ ဆောင်ရွက်ရန်ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၈၄၇.၀၂ သန်းဖြင့် ညောင်ရွှေ-တောင်ပို့ကြီးလမ်း၊ ခေါင်တိုင်-အင်းတိုင်-ရွှေအင်းတိမ်လမ်းဘုရားလမ်း၊ နန့်ပန်-ဓါတ်တော်ရေဦးလမ်းနှင့် ညောင်ရွှေ-ပေါင်းပိတ်တာပတ်လမ်း၊ ကတ္တရာလမ်း ၄ လမ်း (၇ မိုင်၊ ၁ ဖာလုံ)၊ နန့်ပန်-ဓါတ်တော်ရေဦးလမ်း၊ ကန်တော်-လွယ်ခေါ့လမ်း၊ ကျောက်လမ်း  ၂ လမ်း (၁ မိုင်၊ ၄ ဖာလုံ)၊ ကန်တော်-လွယ်ခေါ့လမ်း၊ အင်းတိမ်-မှော်ဘီလမ်း၊ ညောင်ရွှေ-နန်းနွဲ့လမ်း၊ မြေသားလမ်း ၃ လမ်း (၅ မိုင်)၊ တိန်နန်းသစ်သားတံတား ၁၄၀ ပေ၊ ညောင်ရွှေ-ရွာသာယာလမ်းရေပြွန် ၃၀ ပေ တို့ကို လျာထားခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ညောင်ရွှေ-လွယ်ခေါ်-အင်းနီ-သပြေကုန်း- သလဲဦး လမ်းအရှည် ၂၀ မိုင် မြေသားလမ်းအား ၂၀၁၃ -၁၄ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း ၁ မိုင် အတွက် ခွင့်ပြုငွေ ကျပ် ၄၀.၈ သန်း၊ မြေသားလမ်း ၂ မိုင်အတွက် ခွင့်ပြုငွေကျပ် ၂၄.၆ သန်းဖြင့် လျာထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။