(ဂ)-လယ်ယာမြေပိုင်ဆိုင်မှုအငြင်းပွားခြင်း ၊လျော်ကြေးငွေရရှိရေး တင်ပြခြင်း၊ သိမ်းဆည်းခံပ လပ်မြေများပြန်လည်ရရှိရေးတင်ပြတောင်းခံခြင်းတို့ ကိုအစိုးရအုပ်ချုပ်ရေးပိုင်းမှမည်သို့ဖြေရှင်းဆောင် ရွက်မည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၄.၁.၂၀၁၄)

ဦးတင်မောင် (ရွှေပြည်သာ)ယနေ့အခြေအနေအရ စစ်မှန်သောဒီမိုကရေစီနိုင်ငံသို့ သွားသည့်အချိန်တွင် လယ်ယာမြေသိမ်းဆည်းခြင်းသည် ကြီးမားသော အဟန့်အတားတစ်ခုဖြစ် ပါကြောင်း၊ ပြည်သူ လူထုသည် ခေတ်အဆက်ဆက်က သိမ်းဆည်းခဲ့သော လယ်ယာမြေကို စီမံကိန်းအရ ဆောင်ရွက်ပြီးလျှင် လျော်ကြေးငွေလိုချင်ကြပါကြောင်း၊ စီမံကိန်းတွင် မသုံးသော ပလပ်မြေများကို ပကတိအတိုင်းပြန်လိုချင်ပါသော် လည်း ဖြေရှင်းဆောင်ရွက်ပေးနိုင်းခြင်း မရှိသည့်အတွက် မျှော်လင့်စောင့်စားနေရသော အခြေအနေဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ကြားနာစစ်ဆေးပြီး တွေ့ရှိချက်များကို နိုင်ငံတော် အစိုးရအဖွဲ့သို့ ပေးပို့ပြီး ကော်မရှင်မှပေးလိုက်သည့် အကြောင်းအရာများသည် အုပ်ချုပ်ရေးပိုင်းအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ကို လက်တွေ့ရောက်ရှိနေရာ ကွင်းဆင်းပြီး ပြန်လည်စစ်ဆေးနေသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်များက ကိုင်တွယ်ဖြေရှင်းနေ သည်ကို တွေ့ရပါကြောင်း၊ ယခုအချိန်တွင် အရေအတွက် အလွန်နည်းသည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ဘက်ဂျတ်တွင် လျော်ကြေးငွေများ ပါဝင်နေမည်ဟု ထင်မိသဖြင့် စောင့်မျှော်နေသည် ကို တွေ့ရပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ် တွင် လျော်ကြေးပေးလျော်မည်ဟု ပါဝင်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ငွေကျပ် ၄၂၈.၂၈ သန်းကို ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပေးလျော်ထား သည်ကို တွေ့ရပါကြောင်း၊ ယင်းမြေများသည် ယခုနှစ်တွင် ရဲစခန်းများ တိုးချဲ့ဖွင့်လှစ်သည့် အတွက် လျော်ကြေးငွေပေး ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရက ထိုကိစ္စများကို မြန်မြန် မဖြေရှင်းပေးပါက  မမျှော်မှန်းနိုင်သော တရားဥပဒေစိုးမိုးရေးများ ဖြစ်လာနိုင်ပါကြောင်း၊ ဖြေရှင်းပေးမည်ဆိုပါက လယ်ယာမြေများ၊ ပလပ်မြေများ၊ လျော်ကြေးငွေများ ရမည့်အတွက် မိမိတို့ စောင့်စားနေသော FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ  ဝင်လာနိုင်သည့်အတွက် အလုပ်သမားများ အလုပ်အကိုင်များ ရရှိလာနိုင်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အမျိုးသား စီမံကိန်းတွင် နိုင်ငံတော်အစိုးရဘက်က အဓိက ရေးသားထားသည်မှာ ဗဟိုကိုချုပ်ကိုင်မှု လျော့ချခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတာဝန်ရှိသူများ၊ ခရိုင်တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ အခင်းဖြစ်ပွား သောနေရာများကို မလာဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပေးထားသည့်အတွက် ဗဟိုချုပ်ကိုင်မှုကို လွန်စွာလျော့ချလိုက်လျှင် မြန်မာနိုင်ငံကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးက အုပ်ချုပ်နေသော ပုံသဏ္ဍန်ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အုပ်ချုပ်ရေးအပိုင်းမှ သိမ်းဆည်းလယ်ယာမြေများကို လျော်ကြေးပေးရန် ဖြေရှင်းဆောင်ရွက်ခြင်းကို မည်သို့ဆောင်ရွက်မည်နှင့် မည်သည့်အချိန်တွင်ဆောင်ရွက်၍ မည်သည့်အချိန်တွင် ပြီးစီးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမြန်မာနိုင်ငံတော်အတွင်းရှိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများနစ်နာမှု မရှိစေရန်နှင့် မြေသိမ်းမှုပြဿနာများကို လျင်မြန် စွာဖြေရှင်းဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါဝင်သော မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာ အမှတ်(၅၉/၂၀၁၃)ဖြင့်လည်းကောင်း၊ မြေ အသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီအား အထောက် အကူပြုနိုင်ရန်နှင့် ပြဿနာ များဖြစ်နေသည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/မြို့နယ်/ ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများ ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၁၉-၉-၂၀၁၃ ရက်စွဲပါစာဖြင့်လည်းကောင်း ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် စားကျက်မြေ၊ သစ်တောမြေ စသည့် အခြားမြေများကို ရယူခဲ့သူများမှ ပြန်လည်စွန့်လွှတ်ပါက သက်ဆိုင်သူများသို့ ပြန်လည်ပေးအပ် ဆောင်ရွက်ရာတွင် ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ၊ လယ်ယာမြေဥပဒေ စသည့် တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် သိမ်းဆည်းမြေများအပေါ်  စွန့်လွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၃-၉-၂၀၁၃ ရက်စွဲပါစာဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ထံ အကြောင်းကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာနမှလည်း အမိန့်ကြော်ငြာစာများထုတ်ပြန်၍ သိမ်းဆည်းခဲ့ခြင်းနှင့်စပ်လျဉ်း၍ လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ဝန်ကြီးဌာနမျာမှ သိမ်းဆည်ထားသော မြေများကိုလည်း ဧရိယာမည်မျှကို ပြန်လည် စွန့်လွှတ်အပ်နှံကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့သည် သဘောတူခွင့်ပြုပါက ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြားပြီး ပြည်ထဲရေးဝန်ကြီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ တစ်ဆင့် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သက်ဆိုင်ရာ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးရန် အကြောင်းကြား ရပါကြောင်း၊ အကြောင်းကြားစာရရှိပြီးပါက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးသည် မူလမြေသိမ်းအမှုတွဲ ဖွင့်လှစ်စဉ်ကကဲ့သို့ မြေလက်ခံအမှုတွဲ ဖွင့်လှစ်ရပါကြောင်း၊ မြေရယူခဲ့သည့် ဝန်ကြီးဌာနကိုယ်စား ဌာနဆိုင်ရာ တာဝန်ခံအရာရှိက လွှဲပြောင်းအပ်နှံရန်ဖြစ်ပြီး နိုင်ငံတော်ကိုယ်စား ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးက လက်ခံရယူရပါကြောင်း၊ အမှုတွဲဖွင့်လှစ်ရာတွင် မူလမြေသိမ်းအမှုတွဲတွင် ပါဝင်သော မြေဧ ရိယာပြမြေပုံ၊ ပြန်လည်စွန့်လွှတ်အပ်နှံသော မြေဧရိယာပြမြေပုံနှင့် စွန့်လွှတ်အပ်နှံပြီး ကျန်ရှိမည့် မြေဧရိယာပြမြေပုံ၊ စုစုပေါင်း မြေပုံသုံးခု ပါဝင်ရမည်ဖြစ်ပါကြောင်း။

ခရိုင်အထွေထွေဦးစီးဌာနသည် အမှုတွဲ ပြည့်စုံစွာတည်ဆောက်ပြီးပါက နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြရပါကြောင်း၊ နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် အမှုတွဲများကို ပြည့်စုံမှုရှိ/မရှိ စိစစ်ပြီး နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြရပါကြောင်း၊ ထိုသို့တင်ပြရာတွင် သိမ်းဆည်းခဲ့သော မြေသည် လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ လယ်မြေမဟုတ်ဘဲ အခြားမြေများဖြစ်ပါက တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ မူလခွင့်ပြုခဲ့သော လ/န ၃၉ အမိန့်ကို ပယ်ဖျက်ရန်နှင့် ကျန်ရှိမြေဧရိယာ အတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃၀ အရ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ကို ပြင်ဆင်ထုတ်ပြန်ရန် ထည့်သွင်းရပါကြောင်း၊ ကျန်ရှိမည့် မြေဧရိယာအတွက် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် အမိန့်ရရှိပါက နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အမှုတွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြရပါကြောင်း။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သည် အမှုတွဲလက်ခံရရှိပါက စိစစ်ပြီး မူလမြေသိမ်း အမိန့်ကြော်ငြာစာ ကို ပယ်ဖျက်ရန်နှင့် ကျန်ရှိမည့်မြေဧရိယာအတွက် အမိန့်ကြော်ငြာစာ ပြင်ဆင်ထုတ်ပြန်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနသည် တင်ပြချက်ကို အတည်ပြုပြီး ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေပုဒ်မ ၄ (၁) နှင့် ပုဒ်မ ၆ တို့အရ မူလထုတ်ပြန်ခဲ့သော မြေသိမ်း အမိန့်ကြော်ငြာစာအား ပယ်ဖျက်ပြီး သက်ဆိုင်သူများအား လယ်ယာမြေပြန်လည်ပေးအပ်နိုင်ရန် အမိန့်ကြော်ငြာစာကို ပြင်ဆင်ထုတ်ပြန်ရပါကြောင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးသည် ပြင်ဆင်ထုတ်ပြန်သော အမိန့်ကြော်ငြာစာကိုရရှိပြီး မူလသိမ်းယူ ခဲ့သော မြေသိမ်းအမိန့်ပါဧရိယာကို ပယ်ဖျက်၍ သက်ဆိုင်ရာဌာနက စွန့်လွှတ်လွှဲပြောင်းပြီး ကျန်ရှိသော မြေဧရိယာအတွက် ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)အရ အမိန့်ကြော်ငြာစာ ထပ်မံထုတ်ပြန်ရပါကြောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးသည် မြေကိုရယူခဲ့သော ဝန်ကြီးဌာန/ဌာနဆိုင်ရာမှ ပြန်လည်စွန့်လွှတ်လွှဲပြောင်းသော လယ်ယာမြေကို သက်ဆိုင်သူများထံ သို့ လုပ်ပိုင်ခွင့် ပြန်လည်ချထားနိုင်ရန် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြရပါကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လွှဲပြောင်းပေး သော လယ်ယာမြေများကို လက်ခံပြီးပါက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များနှင့် ညှိနှိုင်းပြီး ဆောင်ရွက်မည့်အစီအမံကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြရပါကြောင်း၊ တိုင်းဒေသကြီး /ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တင်ပြသော အမိန့်ကြော်ငြာစာကို အစိုးရအဖွဲ့အတည်ပြုချက်ဖြင့် စွန့်လွှတ်လွှဲပြောင်းသည့် လယ်ယာမြေကို ယခင် အသုံး ပြုခဲ့သော သက်ဆိုင်သူများက ပြန်လည်လုပ်ပိုင်ခွင့်ရရှိလိုပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုကို လျှောက်ထားရပါမည် ဖြစ်ပါကြောင်း၊ ပြန်လည်စွန့်လွှတ်မြေ သည် မူလအသုံးပြုလုပ်ကိုင်ခဲ့သူ သတ်မှတ်ပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို  မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ တရားဝင်ထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရသောကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေအသုံးချမှုဆိုင်ရာစီမံခန့်ခွဲ မှု ဆပ်ကော်မတီ ဥက္ကဋ္ဌ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သောအဖွဲ့သည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ သွားရောက်ပြီး မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့်၊ မြေအသုံးချမှုနှင့် သက်ဆိုင်သောကုမ္ပဏီ၊ အဖွဲ့အစည်း များနှင့် ဖြေရှင်းဆောင်ရွက်ပေးရမည့် ဝန်ကြီးဌာနကိုယ်စားလှယ်တို့အား တွေ့ဆုံညှိနှိုင်းပြီး လုပ်ထုံးလုပ် နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သိမ်းဆည်းခံပလပ်မြေများနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ တင်ပြချက် အစီရင်ခံစာပါ မြေသိမ်းဆည်းမှု ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ၂၇-၈-၂၀၁၃ ရက်စွဲပါစာဖြင့် လယ် ယာမြေဥပဒေအရ ဖွဲ့စည်းတာဝန် ပေးအပ်ထားသော ဝန်ကြီးချုပ်များဦးဆောင်သည့် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များသည် ဒေသအတွင်းရှိ အမှုကိစ္စကို ဥပဒေနှင့်အညီ Case by Case ရှင်းလင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိစေရန် သတင်းစာရှင်းလင်းပွဲကို ၂၇-၉-၂၀၁၃ ရက်နေ့ ၁၀ နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီဝင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ခေါင်းဆောင်မှုဖြင့် ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ လယ်ယာမြေ ပိုင်ဆိုင် မှု အငြင်းပွားခြင်း၊ လျော်ကြေးငွေရရှိရေးတင်ပြခြင်း၊ သိမ်းဆည်းခံ ပလပ်မြေ များ ပြန်လည်ရရှိရေး တောင်းခံခြင်းတို့ကို စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ထိရောက်စွာကြီးကြပ်ကွယ်ကဲနိုင်ရန်အတွက် ဒုတိယသမ္မတ(၂)က ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးနှင်‌့ ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီးများက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အခြားပြည်ထောင်စုဝန်ကြီး ၅ ဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ အဖွဲ့ဝင်များ အဖြစ်ပါ ဝင်သော မြေအသုံးချ မှုစီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး လက်တွေ့ ကျင်းသုံးဆောင်ရွက်လျက်ရှိသော လယ်ယာမြေဥပဒေ အခန်း(၈) ပုဒ်မ ၂၅ ပုဒ်မခွဲ(ဂ)အရ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု အတိအကျ ပြဋ္ဌာန်း ထားပြီးဖြစ် သဖြင့် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု အဆင့် ဆင်‌့နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများက လက်ငင်းအရေးကြီး လုပ်ငန်းတာဝန်များ အဖြစ် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် အလေးထားဆောင်ရွက်၍ ဖြေရှင်းပေးလျက်ရှိပါကြောင်းနှင့် ယခင်အစိုးရ အဆက်ဆက်ကာလတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များဖြစ်၍ နစ်နာသူများ ပြန်လည်ရရှိရေးအတွက် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်များက စနစ်တကျ စိစစ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့မှလည်း ၂၁-၁-၂၀၁၄ ရက်စွဲပါ စာအမှတ် ၁၅၃/၃၄၉ ၁-၁၄/အဖရ/ ၂၀၁၄ အရ တပ်ပိုင်မြေများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသို့ တပ်မတော်ပိုင်မြေများ ပြန်လည်အပ်နှံပြီးစီးမှုအခြေအနေများကို အမြန်ဆုံးပြန်လည်တင်ပြရန် အကြောင်းကြား ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။