(က)-တောင်သူလယ်သမားများ၏အကျိုးစီးပွားနှင့် ပတ်သက်သည့် လိုလားချက်များအားနိုင်ငံတော် မှဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၄.၁.၂၀၁၄)

ဦးညီညီမြင့် (အုတ်တွင်း)တောင်သူလယ်သမားများကို စပါးနှင့် အခြားအဓိကသီးနှံများ အထွက်တိုးပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ၁၀ ဧက အထွက်တိုးပြိုင်ပွဲမှ ၅ ဧကပြိုင်ပွဲသို့ ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပုလဲသွယ်စပါးထက် ပိုမိုကောင်း မွန်ပြီး ရောဂါပိုးမွှား အန္တရာယ်ကို ပိုမိုခုခံနိုင်သည့်အပြင် အထွက်တိုးသော တရုတ်နိုင်ငံထုတ် ကမာ ကုမ္ပဏီမှ ဖြန့်ချိပေးသည့် ကမာ ၃ ကဲ့သို့ မျိုးစပါးများကို တင်သွင်းဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ။

မြန်မာနိုင်ငံအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးဆေးကုမ္ပဏီများမှ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အခြားဆေးများကို ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် ရောင်းချလျက်ရှိသည့် ပိုးသက်ဆေးဈေးနှုန်းများထက် ဈေးနှုန်းနှစ်ဆခန့်မြင့်မားနေသည့် အတွက် ဈေးနှုန်းသက်သက်သာသာနှင့် ပြည်တွင်း တောင်သူလယ်သမားများ ဝယ်ယူရရှိနိုင်ရေး အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ နိုင်ငံတော်စိုက်ဘဏ်မှ ထုတ်ချေးနေသော တောင်သူလယ်သမားစိုက်ပျိုးစရိတ် ချေးငွေများကို လယ်ပိုင်ရှင်များသာ ချေးယူရရှိနိုင်သည့် အတွက် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးချိန်တွင် လယ်ပိုင်ရှင်များထံမှ တစ်ဆင့်ပြန်၍ ချေးရသည့် အတွက် အတိုးနှုန်းများပေးပြီး ဆောင်ရွက်နေရပါကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးနေသော တောင်သူ လယ်သမားများအတွက် စိုက်ဘဏ်စာအုပ်များဖွင့်လှစ်ပြီး စိုက်ဘဏ်မှငွေချေးယူနိုင်ခြင်း ရှိ/မရှိနှင့် နိုင်ငံတော်မှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော ယူရီးယားဓာတ်မြေသြဇာကို တောင်သူလယ်သမားများ လက်ဝယ်သို့ တိုက်ရိုက်ရောင်းချရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူလယ်သမားများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံတော်၏ အဓိက စားသုံးသီးနှံဖြစ်သော ဆန်စပါး အပါအဝင် ဈေးကွက်ဝင်သီးနှံများကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးတက် လာစေရန် ရည်ရွယ်၍ အထွက်နှုန်း ယှဉ်ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပါကြောင်း၊    ထိုသို့ အထွက်နှုန်းယှဉ်ပြိုင်စိုက်ပျိုးရာတွင်  မြို့နယ်တစ်ခု သို့မဟုတ် ကွင်းတစ်ခု ကိုယ်စားပြု နိုင်ရန်အတွက် စပါးသီးနှံကို ၁၀ ဧက တစ်ဆက်တစ်စပ်တည်းဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်တောင်သူများသည် တစ်ဦး တည်း သို့မဟုတ် အသင်းအဖွဲ့အလိုက် သို့မဟုတ် ဌာနဆိုင်ရာအလိုက်၊ မည်သည့် စပါးမျိုးနှင့်မဆို ပါဝင်ယှဉ်ပြိုင်ခွင်‌့ပြုထားပါကြောင်း၊ ပြိုင်ပွဲဆုငွေအား ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၇ သိန်း၊ တတိယဆု ကျပ် ၅ သိန်းနှင့် နှစ်သိမ့်ဆုများအား ကျပ် ၃ သိန်းစီ ချီးမြှင့်ထောက်ပံ့ပေးမည်ဖြစ်ပြီး တောင်သူလယ်သမားအများစု ပါဝင်ယှဉ်ပြိုင်လိုပါက ပြိုင်ပွဲဝင် ၁၀ ဧကပြည့်မီရန် စုပေါင်း၍ ယှဉ်ပြိုင်ခွင့်ပြုထားပါသဖြင့် ၅ ဧကပြိုင်ကွက်သို့ ပြင်ဆင်ပေးရန် ယခုအချိန်တွင် အစီအစဉ် မရှိသေးပါကြောင်း။

ထို့အတူ အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်စေရန် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုလည်း ၂-၃-၂၀၁၄ ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ် ပေးမည်ဖြစ်ပါကြောင်း၊ သီးနှံမျိုးကွဲတစ်ခုအား မျိုးအဖြစ် အသုံးပြုမည်ဆိုလျှင် မျိုးသန့်ပြန့်မှု (Purity) ၉၈ ရာခိုင်နှုန်း၊ အပင်ပေါက်မှု (nation) ၈၀ ရာခိုင်နှုန်းအထက်  အစိုဓာတ် (Washy Content)  ၁၃ ရာခိုင်နှုန်း ရှိရန်ဖြစ်ပြီး  မျိုးကောင်းမျိုးသန့်အဖြစ် ထုတ်လုပ်ဖြန့်ဖြူးမည်ဆိုပါက ယင်းသီးနှံသည် ရေမြေဒေသနှင့် ကိုက်ညီ ဖြစ်ထွန်းမှု ရှိ/မရှိ၊ သားဆက်တစ်လျှောက် အပင်ညီညာမှု (Uniformity) ရှိ/မရှိ၊ သားဆက် အဆက်ဆက် မျိုးဖောက်ပြန်မှု/ဗီဇတည်ငြိမ်မှု (Stability) ရှိ/မရှိ၊ ယခုအချိန် ပြည်တွင်း၌ စိုက်ပျိုးနေသော မျိုးများထက် သာလွန်မှု ရှိ/မရှိ၊ သုတေသနပြု စမ်းသပ်စိုက်ပျိုးရန်လိုအပ်ပြီး ဖော်ပြပါအရည်အချင်း လက္ခဏာများနှင့် ပြည့်စုံပါက မျိုးကောင်းမျိုးသန့်အဖြစ် မှတ်ပုံတင်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း။

ထို့အပြင် စားသုံးမှုအရည်အသွေးကောင်းမွန်မှုနှင့် ဈေးကွက်ရရှိနိုင်မှု၊ မိဘမျိုးများရရှိနိုင်မှုတို့ကိုပါ ထည့်သွင်း စဉ်းစားရပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်မှုသည် မိဘမျိုးစေ့ (Breeder Seed)၊ ဆင့်ပွားမျိုးစေ့ (Foundation Seed)၊ မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed)နှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) စသည့် မျိုးစေ့စီးဆင်းမှု (Seed Flow) များကို တာဝန်ယူပြီး မျိုးသန့်စင်မှုအာမခံရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် မျိုးကွဲအများအပြား ပြန့်နှံ့စိုက်ပျိုးခြင်းကြောင့် မျိုးရောနှောမှု ဖြစ်ပေါ်လျက်ရှိပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် အရည်အသွေးကျဆင်း၍ အကျိုးအမြတ်နည်းပါးနေရပါကြောင်း။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ စပါးသီးနှံတွင် တစ်ဧက တင်း ၂၀၀ နှင့်အထက် ထွက်ရှိသော အထူးအထွက်တိုး ပုလဲသွယ်စပ်မျိုးစပါး စိုက်ပျိုးရေးကို တောင်သူလယ်သမားများ ဝင်ငွေတိုးမြင့်ရရှိစေရန် ကျယ်ပြန့်စွာစိုက်ပျိုးလာနိုင်ရေး၊ ဈေးကွက်ခိုင်မာမှုရရှိလာစေရေးတို့အတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် အပါအဝင် ဆန်စပါးအထူးပြုကုမ္ပဏီများနှင့် ညှိနှိုင်းပေါင်းစပ်၍ သတ်မှတ်ဈေးနှုန်းဖြင့် ကြိုတင် ဝယ်ယူရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့အတူ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသော တရုတ်နိုင်ငံမှ ကမာ ၃ စပါးမျိုးကဲ့သို့ ဈေးကွက်သေချာပြီး အထွက်နှုန်းကောင်းမွန်သော စပါးမျိုးများကိုလည်း တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင် စေရေးအတွက် တည်ဆဲဥပဒေနှင့်အညီ  တင်သွင်းခွင့်ပြုထားပါကြောင်း၊ ထို့အပြင် အရည် အသွေး ကောင်းမွန်သော ဆန်များ ရရှိစေရန် အရည်အသွေးမြင့် ဆန်စက်များ တည်ထောင်နိုင်ရေးကို ဆန်စက် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများအတွက် ရေရှည် အကျိုးအမြတ်သေချာသော သီးနှံများအား စဉ်ဆက်မပြတ် ရှာဖွေဖော်ထုတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အရည်အသွေးပြည့်ဝပြီး၊ ဈေးနှုန်းမှန်ကန်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် သွင်းအားစုများကို တောင်သူလယ်သမားများ အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များမှ ပြည်တွင်းမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက်လည်း အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမား အဖွဲ့အစည်းများ သို့မဟုတ် ကော်မတီများမှ ပိုးသတ်ဆေးများကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်သွင်း လိုပါက မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့တွင် တင်သွင်းလိုသော ပိုးသတ်ဆေးအတွက် မှတ်ပုံတင် လျှောက်ထားရပါကြောင်း၊ တင်သွင်းသောပိုးသတ်ဆေးသည် မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးမှတ်ပုံတင် အမှတ် ရရှိထားသောပိုးသတ်ဆေး ဖြစ်ရပါကြောင်း၊ တင်သွင်းသူ သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူများသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သော လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်း တက်ရောက်ပြီး လက်မှတ်ရရှိထားသူ ဖြစ်ရပြီး တင်သွင်းသူ သို့မဟုတ် အဖွဲ့အစည်းမှ အတွင်းရေးမှူး ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သို့ လိပ်မူ၍ ပိုးသတ်ဆေးနမူနာ၊ ပိုးသတ်ဆေး မှတ်ပုံတင်အမှတ် (Certificate) မိတ္တူ၊ သက်ဆိုင်ရာ ထုတ်လုပ်သော ကော်မတီ၏ သဘောတူညီချက်အပါအဝင် လိုအပ်သော အထောက်အထား အချက်အလက် စာရွက်စာတမ်းများပူးတွဲပြီး လျှောက်ထားရပါကြောင်း။

လိုအပ်သောအချက်များ ပြည့်စုံပါက အတွင်းရေးမှူး၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာကုန်သွယ်ရေးဦးစီးဌာနသို့ တင်သွင်းခွင့်လိုင်စင် ရရှိရေးအတွက် ဆက်လက်လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ ဓာတ်မြေသြဇာဖြန့်ဖြူးရေး နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် စွမ်းအင်ဝန်ကြီးဌာနအောက်တွင်ရှိသော စလေဓာတ်မြေသြဇာစက်ရုံ၊ ကျွန်းချောင်းဓာတ်မြေသြဇာစက်ရုံ၊ ကျော်စွာ ဓာတ်မြေသြဇာစက်ရုံ၊ မြောင်းတကာဓာတ်မြေသြဇာစက်ရုံနှင့် ပုသိမ်ဓာတ်မြေသြဇာစက်ရုံများမှ ယူရီးယား ဓာတ်မြေသြဇာများကို ထုတ်လုပ်ပေးလျက်ရှိပါကြောင်း။

ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များက မိမိပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း တောင်သူလယ်သမား များ စိုက်ပျိုးမည့် သီးနှံများအတွက် ယူရီးယားဓါတ်မြေသြဇာ လိုအပ်ချက်ကို စွမ်းအင်ဝန်ကြီးဌာနသို့  တိုက်ရိုက် ဆက်သွယ်ပြီး ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ဆန်စပါးလုပ်ငန်းရှင် အသင်းအဖွဲ့များမှလည်း ယူရီးယား ဓါတ်မြေသြဇာများကို သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူပြီး တောင်သူ လယ်သမားများကို ဖြန့်ဖြူးပေးလျက်ရှိ ပါကြောင်း၊ လက်ရှိအခြေအနေတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နိုင်ငံတော်၏ ဈေးကွက် စီးပွားရေးမူဝါဒအရ ၂၀၀၆ ခုနှစ်မှစပြီး ဓါတ်မြေသြဇာဖြန့်ဖြူးခြင်း လုပ်ငန်း များကို လယ်/ဆည်ဝန်ကြီးဌာန မှ ဆောင်ရွက်ခြင်း မပြုတော့ပါကြောင်း၊ ဓါတ်မြေသြဇာများကို နိုင်ငံခြားမှ တင်သွင်းဖြန့်ဖြူးခြင်းကို ခွင့်ပြုထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဓါတ်‌မြေသြဇာများကို တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်မှ ပြဋ္ဌာန်းပေး ထားသော မြေသြဇာဥပဒေ၊ မြေသြဇာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တောင်သူလယ်သမားများ အရည်အသွေးမှန်ကန်သော ဓါတ်မြေသြဇာများ စနစ်တကျအသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနရှိ ဓါတ်ခွဲခန်းများက စစ်ဆေးပေးပြီး စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဓါတ်မြေသြဇာများကို တင်သွင်းနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့အပြင် တောင်သူလယ်သမားများ ပိုးသတ်ဆေးများနှင့် ဓါတ်မြေသြဇာ အတုအပများ အသုံးပြုနေခြင်းမှ ကာကွယ်နိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နေ့စဉ်ထုတ်သတင်းစာများ တွင် ကြေညာပေးထားပြီးဖြစ်ပါကြောင်း၊  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာ တွင် ငွေချေးသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုတွင် အမြဲနေထိုင်သူ၊ အိမ်ထောင်စုစာရင်း သီးခြားရှိလျက် အိုးစားခွဲအိမ်ထောင်ဦးစီးဖြစ်သူ၊ လယ်ယာလုပ်ငန်းကို အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သူ၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ရရှိပြီးသူ သို့မဟုတ် လယ်ယာမြေ စိုက်ပျိုးလုပ်ကိုင်ခြင်းအတွက် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရရှိသူ ဖြစ်ရပါကြောင်း၊ ဖော်ပြပါအချက်များနှင့် ကိုက်ညီပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစုစာအုပ်စာရင်းဖွင့်ပြီး ချေးငွေများ ထုတ်ချေးနိုင် မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။