ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကဗျာဝကျေးရွာတွင် ရွာအဝင်တွင်တည်ရှိပြီး အားထား ရသော တံတားတစ်စင်းသည် ၉ လပိုင်းတွင် ကြိုးပြတ်သွားခဲ့ပါကြောင်း၊ ၎င်းရွာသည် အမည်နှင့်လိုက်ဖက်စွာ သဘာဝများစွာနှင့် သာယာလှပ ကဗျာဆန်သော ကျေးရွာ လည်း ဖြစ်သည့်အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပင်လယ်ကမ်းခြေ Beach တစ်ခု အဖြစ် ဆောင်ရွက်ရန်ရည်ရွယ်ထားသော ကျေးရွာတစ်ရွာဖြစ်ပါကြောင်း။
ထိုအပြင် လမိုင်းမြို့နယ်ခွဲ ကော့ဒွတ်-ကတို့ဆိပ်ကျေးရွာနှင့် နှစ်ကရင်ကျေးရွာသို့ သွားသော ကတို့ချောင်းတွင် တံတားတစ်စင်း တည်ဆောက်ရန်ကိုလည်း လိုအပ်နေ လျက်ရှိရာ ယင်းတံတားသည် ကော့ဒွတ်-ကတို့ဆိပ် ရေနက်ဆိပ်ကမ်း တည်ဆောက် ရာတွင် အထောက်အကူပြုသော တံတားတစ်စင်းဖြစ်ခြင်းကြောင့်အောက်ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း၊
(က) ကဗျာဝကျေးရွာတွင် လိုအပ်နေသော တံတားကို ၂၀၁၃-၂၀၁၄ ဘတ်ဂျက်တွင် တည်ဆောက်ပေးရန်နှင့် (ခ) ကော့ဒွတ်-ကတို့ဆိပ်ကျေးရွာမှ နှစ်ကရင်ကျေးရွာသို့ ဆက်သွယ်ပေးသော တံတားတစ်စင်းကို ၂၀၁၄-၂၀၁၅ ခုနှစ် ဘတ်ဂျက်တွင် တည်ဆောက်ပေးဖို့ အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက ဆောင်ရွက်ပေးမည့် အချိန်နှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကဗျာဝကျေးရွာအဝင်တွင်ရှိသည့် အရှည် ၃၇၅ ပေ ရှိသော သစ်သားတံတားကို ကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက် မည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ် ၂၆၂.၅သန်းကျော် ကုန်ကျမည်ဖြစ်ပါကြောင်း ၊ ခေါဇာမြို့နယ်ခွဲ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဝင်ငွေမရှိသော မြို့နယ် ခွဲဖြစ်ခြင်းကြောင့် အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းထား ဆဲဖြစ်ကာ အကူအညီရရှိမှုအပေါ်မူတည်ပြီး ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လမိုင်းမြို့နယ်ခွဲ ကော့ဒွတ်-ကတို့ဆိပ်ကျေးရွာနှင့် နှစ်ကရင် ကျေးရွာသို့ သွားသော လမ်းပေါ်ရှိ ကတို့ချောင်းသည် ကပ္ပလီပင်လယ်ဝတွင် တည်ရှိသောချောင်းသည့် အတွက် ရေစီးသန်သည့်အပြင် အလျားကျယ်သည့်အတွက် တံတားတည်ဆောက် မည်ဆိုပါက ကုန်ကျစရိတ် အလွန်များပြားမှာ ဖြစ်ပါကြောင်း၊ ယခုအခါမှာ ကတို့ဆိပ်မှလှေ၊ သဗ္ဗာန်တို့ဖြင့် ရေလမ်းခရီးကို လည်း ကောင်း၊ ကတို့ဆိပ်-ကော့ဒွတ်-လမိုင်း-မော့ကနင်-ဝယ်ဖယ်-နှစ်ကရင် ကုန်းလမ်းခရီးကိုလည်းကောင်း အဆင်ပြေချောမွေ့စွာသွားလာနိုင်ခြင်များကြောင့် ၂၀၁၃-၁၄ ခုနှစ် ဘတ်ဂျက်မှာ အဆိုပါ တံတားကို တည်ဆောက်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
