၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်များ ကို ပြန်လည်ပုံနှိပ် ထုတ်ဝေရောင်းချပေးခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို စာ အုပ်စာတမ်းအဖြစ် ခိုင်ခိုင်မာမာ ဖတ်ရှု့လေ့လာခွင့်ရရှိသကဲ့သို့ ပင်လုံညီလာခံ ကို လည်း အမျိုးသားညီလာခံ မှတ်တမ်းကဲ့သို့ ပြည့်စုံစွာ မှတ်တမ်းတင်နိုင်ပြီး ပင်လုံ ညီလာခံစာအုပ်ဖြင့် ပြုစုရိုက်နှိပ်ထုတ်ဝေနိုင်ပါက လူငယ်များ ဗဟုသုတ ပိုမိုကြွယ်ဝ လာ နိုင်မည်ဖြစ်ပါကြောင်း၊ ပင်လုံညီလာခံမှတ်တမ်းစာအုပ်တွင် ပင်လုံ ညီလာခံပြု လုပ်ရသည့် ရည်ရွယ်ချက်၊ ကျင်းပသည့်နေရာ၊ ကျင်းပချိန်ကြာမြင့်သည်ကာလ တက်ရောက်ကြသော ကိုယ်စားလှယ်များနှင့် ဆွေးနွေးသော ကိုယ်စားလှယ် များ၊ ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်များအပါအဝင် နောက်ဆုံး ပင်လုံ စာချုပ်ပါ သဘောတူညီချက်များ စသည်တို့ကို ပြည့်စုံစွာ ရေးသားပြုစုထားသော ပင်လုံညီလာခံမှတ်တမ်း စာအုပ် ကို ရိုက်နှိပ် ထုတ်ဝေပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် ပြည်သူလူ ထုအား အသိပညာပြန့်ပွားစေရနှင့် စာပေဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ တိုးပွား ကျယ်ပြန့်လာစေရေးအတွက် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ပင်လုံညီလာခံနှင့် ပတ်သက်ပြီး ရေးသားထုတ်ဝေခဲ့သော စာအုပ် စာစောင်မြောက်များစွာရှိပြီး အချို့အကြောင်းအရာ အပြည့်အစုံဖော်ပြ၍လည်းကောင်း၊ အချို့ကိုလိုအပ်သည့်အစိတ်ပိုင်းကိုသာ ထုတ်နုတ်၍လည်းကောင်း ရေးသား ထုတ်ဝေ ခဲ့ခြင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ ၎င်းတို့အနက်မှ လက်လှမ်းမီသမျှ တင်ပြရသော် ၁၉၇၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကပြုစုပြီး စာပေဗိမာန်မှ ထုတ်ဝေ ခဲ့သည့် ပင်လုံညီလာခံ သမိုင်းစဉ် အကျဉ်းစာ အုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက ၁၉၉၀ပြည့်နှစ်တွင် သတ္တမအကြိမ်ထုတ်ဝေခဲ့သော မဟာသရေစည်သူဦးဖေခင် (နိုင်ငံ့ဂုဏ်ရည်ပထမ အဆင့်)ရေးသားပြုစုပြီး ရဲခေါင်မောင်မောင် မြန်မာပြန် ဆိုရေးသားသည့် ကိုယ်တွေ့ပင်လုံစာအုပ်၊ ၁၉၈၄ ခုနှစ်မှာ ဦးအုန်းဖေ (ရှမ်းပြည်နယ်ဦးစီး အဖွဲ့ဝင်အား )ရေးသားပြုစုပြီး လင်းယုန်စာပေမှ ထုတ်ဝေခဲ့သော ပင်လုံစစ်တမ်းစာအုပ်၊ ၂၀၁၂ ခုနှစ် တွင် မြန်မာ့သမိုင်းအဖွဲ့ဝင် စာရေးသူ ကျော်ငြိမ်း(ကျော်ဇောအောင်) ရေးသားပြုစုပြီး ပန်းမျိုးတစ်ရာစာပေမှ ထုတ်ဝေခဲ့သော ပင်လုံရုပ်ပုံ လွှာစာအုပ် စသည်ဖြင့် စာအုပ်အများ အပြားထွက်ရှိခဲ့ရာ ယနေ့ခေတ်ကာလအထိ ထွက်ရှိဆဲဖြစ်ကြောင်း၊ ပင်လုံ ညီလာခံစာအုပ်ကို အမျိုးသားညီလာခံမှတ်တမ်းကဲ့သို့ဖြစ်ရန်မှာ ပင်လုံညီလာ ခံပြုလုပ်သည့်ရည်ရွယ်ချက်၊ ကျင်းပသည့်နေရာ၊ ကြာမြင့်ချိန်ကာလ၊ တက်ရောက်ခဲ့သည့် ကိုယ်စား လှယ်များနှင့် ဆွေးနွေးခဲ့သော ကိုယ်စားလှယ်များ၊ ဆွေးနွေးသည့်အကြောင်းအရာ အသေးစိတ်များ အပါအ ဝင် နောက်ဆုံးပင်လုံစာချုပ်ပါ သဘောတူညီချက်များ စသဖြင့် ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ပြုစုရေးသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွတ် လပ်သော သမိုင်းပညာရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာ ရှင်များပါဝင်သော ကော်မရှင် ဖွဲ့စည်း၍ သမိုင်းအထောက် အထားအကိုးအကားများနှင့် အချက်အလက်ပြည့်စုံ စွာဆောင်ရွက်သင့်သော အရေးကြီးကိစ္စ တစ်ရပ်ဖြစ်ပါကြောင်း။ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပင်လုံညီလာခံ မှတ်တမ်းစာအုပ်အား ပြုစု ထုတ်ဝေရန် လောလောဆယ်အစီ အစဉ်မရှိသေးပါကြောင်း ပြန် လည် ဖြေကြားပါသည်။
