(င)-အများပြည်သူ သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့်စပ်လျဉ်း၍ မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၉.၃.၂၀၁၈)

သတင်းအချက်အလက် ရယူပိုင်ခွင့်ဆိုသည်မှာ မိမိတို့၏အခြေခံအခွင့်အရေး ဖြစ်သည့်အပြင် အခြေခံလူ့အခွင့်အရေးလည်း ဖြစ်သည်ကို လူ့အခွင့်အရေး၏ အပိုဒ် ၁၉ တွင်လည်း ဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ အစိုးရက ပြည်သူ့အတွက်ဝန်ဆောင်မှုများပေးရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူများက ရွေးကောက်တင်မြှောက်ပေးထားခြင်းဖြစ်ပြီး အစိုးရဝန်ထမ်းများက တိုင်းပြည်၏ဝင်ငွေများ၊ ရင်းမြစ်များကိုအသုံးပြုပြီး တိုင်းပြည်တိုးတက်စေရန်အတွက် အားထုတ် လုပ်ဆောင်ရန် ပြည်သူမှအခွင့်အာဏာအပ်နှင်းထားခြင်း ဖြစ်သည်ဆိုသည့် အခြေခံအချက်အလက်များကို နားလည်သဘောပေါက်မှုအားနည်းခြင်း၊ လိုက်နာကျင့်သုံးမှု မရှိခြင်းတို့ကြောင့် ကိုယ်စားလှယ်များ၏ အချက်အလက်များတောင်းသည့်အခါတွင် နှောင့်နှေးကြန့်ကြာခြင်း၊ အနှောင့်အယှက်ဖြစ်ရခြင်းများလည်း များစွာကြုံတွေ့နေရသည့် အတွက်ကြောင့် ဒီမိုကရေစီအသွင် ကူးပြောင်းရန်အတွက် သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့်ပတ်သက်ပြီး ဘတ်ဂျက်ပွင့်လင်းမြင်သာမှု၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ အခွန်ကောက်ခံရရှိမှု၊ အများပြည်သူသက်ဆိုင်သော ဝန်ဆောင်မှု လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သတင်းအချက်အလက်များကို ပြည်သူများရယူပိုင်ခွင့်ရှိပါကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံအများစုတွင် သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့်ပတ်သက်ပြီး သီးခြားဥပဒေပြဋ္ဌာန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ထည့်သွင်းခြင်းများ ပြုလုပ်ထားပြီးဖြစ်သည့်အပြင် သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့်ပတ်သက်ပြီး အကျိုးကျေးဇူးများ၊ အဂတိလိုက်စားမှုများလည်း လျော့နည်းသွားစေနိုင်ခြင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများ မြင့်တက်စေနိုင်ခြင်း၊ နိုင်ငံတော်အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများ ပိုမိုအားကောင်းလာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက်လည်း ပိုမိုထိရောက်စွာလုပ်ကိုင်နိုင်ခြင်း၊ မျှတသည့်ယှဉ်ပြိုင်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း လျော့နည်းသွားစေနိုင်ခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအားကောင်းလာပြီး ပြည်သူပူးပေါင်းပါဝင်သည့်အတွက် ပိုမိုတိုးတက်လာသည့်အတွက် အကျိုးကျေးဇူးများလည်း ရရှိမည်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့် ပတ်သက်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ လောက်ကတည်းက ဆွီဒင်နိုင်ငံတွင် ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ် အမေရိကန်နိုင်ငံ၊ ၁၉၈၃ ခုနှစ်တွင် ကနေဒါနိုင်ငံနှင့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ၁၉၉၇ ခုနှစ်တွင် ပြဋ္ဌာန်းပြီး ၎င်း သတင်းအချက်အလက် ရယူပိုင်ခွင့်ဥပဒေကြောင့် ဒီမိုကရေစီပိုမို အားကောင်းလာပြီး အဆင်ပြေချောမွေ့မှုများ ဖြစ်ပေါ်လာသည့် သာဓကများရှိခဲ့သည့်အတွက် ယခုအခါ နိုင်ငံပေါင်း ၁၂၀ ခန့်တွင် ၎င်းဥပဒေပြဋ္ဌာန်းပေးပြီး ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ပြီဟုလည်း သိရပါကြောင်း၊ တင်းအချက်အလက် ရယူပိုင်ခွင့်ကြောင့် အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများ ပြောင်းလဲလုပ်ဆောင်ပြီး ပွင့်လင်းမြင်သာမှုများ အားကောင်းလာခဲ့ပါကြောင်း၊ မိုကရေစီအသွင် ကူးပြောင်းရန်အတွက် များစွာအထောက်အကူဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် မည်သည့်နိုင်ငံသားမဆို အစိုးရထံတွင် သတင်းအချက်အလက် တောင်းယူပိုင်ခွင့် ရှိသည်ဆိုသည်ကို ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ အစိုးရအဖွဲ့သည် ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ပေးရမည် ဆိုသည့်အကြောင်းလည်း ပါရှိပါကြောင်း၊ ၂၀၀၇ ခုနှစ် နိပေါနိုင်ငံတွင် ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး သတင်း အချက်အလက်တောင်းဆိုခြင်း မရှိပါက အစိုးရက ပုံမှန် သို့မဟုတ် အခါအားလျော်စွာ အချက်အလက်များကို ထုတ်ပြန်ပေးရမည်ဟု ပါရှိပါကြောင်း၊ အမျိုးသားသတင်းအချက်အလက် ကော်မရှင် တည်ထောင်ခဲ့ပါကြောင်း၊ ၂၀၀၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ပြဋ္ဌာန်းပေးခဲ့ပြီး တောင်းဆိုသော သတင်းအချက်အလက်များကို ၁၀ ရက်အတွင်း အကြောင်းပြန်ပေးရမည်ဟု ပါရှိပါ ကြောင်း၊ ပြန်ကြားရေးကော်မရှင်ကို သမ္မတက ခန့်အပ်ပေးခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ် သီရိလင်္ကာတွင် ပြဋ္ဌာန်းပြီး မည်သည့်နိုင်ငံသားမဆို သတင်းအချက်အလက် တောင်းဆိုခြင်းကို ၂၈ ရက်အတွင်း အစိုးရမှ အကြောင်းပြန်ပေးရမည်ဆိုပြီး RTI ကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ကောင်စီကနေပြီး ခန့်အပ်ခဲ့ပါကြောင်း၊ ကျွန်မတို့နိုင်ငံမှာလည်း သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့် ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်နေပြီး ဥပဒေမပြဋ္ဌာန်းခင် ပြည်သူများ၏ အခြေခံအခွင့်အရေးဖြစ်သည့် သတင်းအချက်အလက် ရနိုင်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးကို လိုအပ်သည့် ညွှန်ကြားမှုများ ပြုလုပ်ပေးရန်အတွက် လိုအပ်နေပြီဖြစ်သည့်ပ အတွက်ကြောင့် ပြည်သူများကိုယ်စား မေးမြန်းပါသည်။


ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အများပြည်သူ သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများ စာရင်းကို ဖွဲ့စည်းထုတ်ပြန် ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ Web Portal ဖြစ်သည့် www.moi.gov.mm တွင် လွှင့်တင်ထားသည့်အပြင် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသော ဦးစီးဌာနများနှင့် လုပ်ငန်းများသို့ ရုံးလုပ်ငန်းများဆောင်ရွက်ရန် လာကြသည့် ပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစေရေးအတွက် သက်ဆိုင်ရာဌာနများ၏ ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် လိုအပ်သည့် သတင်းအချက်အလက်များကို အများပြည်သူ မြင်သာသောနေရာများတွင် ချိတ်ဆွဲပြသထားရန်နှင့် Website၊ Social Media အစရှိသော အင်တာနက်လူမှုကွန်ရက်များတွင် ဖော်ပြပေးခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးက ၁၀-၁၀-၂၀၁၆ ရက်နေ့တွင် ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများသို့လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၇-၁၀-၂၀၁၆ ရက်နေ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ လည်းကောင်း အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း၊

အဆိုပါ Web Portal၊ Website နှင့် Social Media များတွင် လွှင့်တင်ထားသည့် ကိန်းဂဏန်း၊ စာရင်းဇယားများနှင့် အချက်အလက်အချို့သည် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲတက်သည့် အတွက် ယင်းတို့ကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စေရန် စဉ်ဆက်မပြတ် Update လုပ်ပေးရန်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်သွယ်ညှိနှိုင်းနှိုးဆော်လျက်ရှိပါကြောင်း၊

          ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရရှိသည့်အချက်အလက်များ၊ ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များအပါအဝင် အခြားသောဝန်ကြီးဌာနများ၏ သတင်းအချက်အလက်များ၊ မိုးလေဝသ သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု သတင်းများကို ပြည်သူအများ အလွယ်တကူ သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ Call Center Hot Line (1883) ကို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

          ထို့အပြင် ဒီမိုကရေစီလူ့ဘောင်တစ်ခုတွင် အများပြည်သူသို့ မဏ္ဍိုင် (၃) ရပ်၏ လုပ်ကိုင် ဆောင်ရွက်မှုများကို အသိပေးရသည့် သတင်းမီဒီယာများမှတစ်ဆင့် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို စနစ်တကျပေးပို့နိုင်ရန်အတွက် မဏ္ဍိုင် (၄) ရပ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တစ်ဆင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းမှာဘဲ နိုင်ငံသားအားလုံး သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို စနစ်တကျရရှိနိုင်ရန်အတွက် သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ (Right to Information Law) ကို ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်အေးမြမြမျိုး (ကျောက်တန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့၏ အောက်ခြေတွင် ၎င်းညွှန်ကြားချက်များသည် မရောက်ပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်တွင် စည်ပင်ကနေပြီး ကျောက်တန်းမြို့နယ်တွင်ရှိသည့် လိုင်စင်နှင့်ပတ်သက်ခြင်းများကို မည်ကဲ့သို့ စီစဉ်ထားသနည်း၊ မည်မျှရှိသနည်းဆိုသည့် ကိစ္စကိုမေးမြန်းသည့်အခါ ဝန်ထမ်းမှ အမှုဆောင်အရာရှိ ခွင့်ပြုမှဖြေမည်ဟု ပြောပါကြောင်း၊ အမှုဆောင်အရာရှိကိုမေးသည့်အခါ အမှုဆောင်အရာရှိက စာရင်းပြုစုပါ မည်ဟုပြောပါကြောင်း၊ လပေါင်းများစွာကြာသည့်အခါ အထက်ကခွင့်ပြုမှ ပေးနိုင်မည်ဆိုပြီး ပြောပါကြောင်း၊ ထို့ကြောင့် ပြည်သူတို့၏ အခြေခံအခွင့်အရေးကို တရားဝင်ရရှိရန်အတွက်ကို သတင်းအချက်အလက် ဥပဒေနှင့်ပတ်သက်ပြီး မည်သည့်အချိန်တွင် လုပ်ပေးမည်နည်း၊ မလုပ်ပေးခင်အချိန်တွင်လည်း ယခုလိုဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားပေးရန်နှင့် ညွှန်ကြားထားပြီးသားကို မလိုက်နာပါက အရေးယူဆောင်ရွက်ပေးရန် ဌာနအသီးသီး၏ လုပ်ဆောင်ချက်ကို မြို့နယ်အဆင့်၊ ရပ်ရွာအဆင့် အဆင့်ဆင့်တိုင်းအထိ ရောက်ရန်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ထပ်မံပြီးပြည့်ပြည့်စုံစုံ မည်ကဲ့သို့စီစဉ်ပေးမည် ဆိုသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း

ယခုလို လက်တွေ့တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် မိမိတို့တွင် အခက်အခဲများများစွာ ရှိနေသည့်အတွက် လိုအပ်သလို ဆက်လက်နှိုးဆော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။