(စ)-ပုဂ္ဂလိကသတင်းစာများ အားကောင်းမောင်းသန် ရှင်သန်ရပ်တည်သွားနိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုအစီအမံများရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၉.၃.၂၀၁၈)

အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးကြေညာစာတမ်းကို ပါဝင်လက်မှတ်ရေးထိုးကြသည့် အမေရိကန် နိုင်ငံ၏ Founding Father တစ်ယောက်ဟုလည်းခေါ်ဆိုနိုင်သော တတိယမြောက် သမ္မတကြီး သော(စ်)မတ်ဂျဖာဆင်ပြောခဲ့သည့် ကမ္ဘာကျော်စကား တစ်ခွန်းရှိပါကြောင်း၊ အစိုးရရှိပြီး သတင်းစာမရှိသည့်နိုင်ငံနှင့် သတင်းစာရှိပြီး အစိုးရမရှိသည့်နိုင်ငံနှစ်ခုကို ရွေးချယ်ခိုင်းမည်ဆိုပါက ၎င်းက သတင်းစာရှိပြီး အစိုးရမရှိသောနိုင်ငံကိုသာရွေးချယ်မည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ကမ္ဘာ့ သတင်းစာလောကတွင် ထင်ရှားသည့်စကားတစ်ခွန်းဖြစ်ပါကြောင်း၊ သတင်းစာများနှင့် ပတ်သက်ပြီး ပြောဆိုသည်မှာ အနည်းငယ်များသည်၊ အစွန်းရောက်သည်ဟု ယူဆကောင်းယူဆနိုင်ပါကြောင်း၊ သို့သော် ယနေ့အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် စစ်ရေးသာမကစီးပွားရေးပါ အင်အား အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်လာသည်မှာ တတိယမြောက်သမ္မတကြီး၏အတွေးအခေါ်နှင့်ဆက်စပ် နေသလားဆိုသည်ကို စဉ်းစားတွေးတောသင့်ပါကြောင်း၊ မိမိတို့ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နိုင်ငံတော်အစိုးရက ပြည်သူ့ဘဏ္ဍာငွေဖြင့်သတင်းစာထုတ်ဝေသည့်ကိစ္စကို မိမိက လက်မခံသည့် သူတစ်ယောက်ဖြစ်သော်လည်း မိမိတို့နိုင်ငံသည် ယခုအချိန်တွင် ဒီမိုကရေစီနိုင်ငံပြည့်ပြည့်ဝဝ မဖြစ်သေးပါကြောင်း၊ Transactional Period Democracy စနစ် ပန်းတိုင်ဆီကို ဦးတည်ပြီး သွားနေသောနိုင်ငံတစ်ခုသာ ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက ပြည်သူ့ဘဏ္ဍာဖြင့့်် သတင်းစာ များ ထုတ်ဝေနေသည့်ကိစ္စကို ဘာမှအငြင်းမပွားလိုသော်လည်း မိမိတို့နိုင်ငံ၌ ၂၀၁၀ ခုနှစ်တွင် ပါတီစုံလွှတ်တော်ပေါ်လာပါကြောင်း၊ ၎င်းနောက်လိုအပ်သည့်အတွက် ပုဂ္ဂလိကသတင်းစာများကို ၂၀၁၃ ခုနှစ် ဧပြီလတွင်စတင်ပြီး ထုတ်ယူခွင့်ပြုလိုက်ပါကြောင်း၊ လျှောက်ထားသည့်သတင်းစာ ၄၄ စောင်ရှိသော်လည်း အမှန်တကယ်ထုတ်နိုင်သည့်သတင်းစာက အဆိုပါ အရေအတွက် လောက် မရှိပါကြောင်း၊ ယခုအချိန်တွင် အားလုံးသိကြသည့်အတိုင်း သတင်းစာအရေအတွက်က လက် ၁၀ ချောင်းမပြည့်သည့်အနေအထား ရောက်နေပြီဖြစ်ပါကြောင်း၊ ၎င်းသတင်းစာများက လည်း အခက်အခဲများ အထူးသဖြင့် ဘဏ္ဍာရေးအခက်အခဲများနှင့် ကြုံတွေ့နေရပါကြောင်း၊ အထူးသဖြင့် ပုဂ္ဂလိကသတင်းစာများသည် မိမိတို့ ဒီမိုကရေစီနိုင်ငံ၏ကျက်သရေမင်္ဂလာများ ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကသတင်းစာများ အားနည်းနေပါက မိမိတို့နိုင်ငံ၏ပုံရိပ်ကလည်း ညိုှးနွမ်းနေ မည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေသူများခံစားနေကြရသည်မှာ နိုင်ငံတော်အစိုးရ က ပြည်သူ့ဘဏ္ဍာငွေဖြင့်ထုတ်ဝေနေသည့် အစိုးရသတင်းစာများနှင့် ပြိုင်ဆိုင်သည့်အခါ Fairly မဖြစ်၊ တရားမျှတစွာပြိုင်ဆိုင်နိုင်ခွင့်မရှိဟူသည် ခံစားချက်များ ရှိနေပါကြောင်း၊ နိုင်ငံတော် အစိုးရက ထုတ်ဝေသည့်သတင်းစာများက Infrastructure လည်း များစွာရှိပါကြောင်း၊ တိုက်ခွဲများ လည်း များစွာရှိပါကြောင်း၊ ဈေးနှုန်းကလည်း သက်သာသည့်အတွက် ကြော်ငြာများကလည်း များစွာရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက ထည့်သည့်ကြော်ငြာများကလည်း အစိုးရကထုတ်ဝေ သည့် သတင်းစာများတွင်သာ ထည့်သွင်းရသည့်အနေအထားဖြစ်နေသည့်အတွက် ပုဂ္ဂလိက သတင်းစာများသည် နိုင်ငံပိုင်သတင်းစာများနှင့်ပြိုင်ဆိုင်သည့်အခါ Heavy Weight လက်ဝှေ့ သမားနှင့် Thin Weight လက်ဝှေ့သမား ထိုးနေရသည့်ပုံစံမျိုး မမျှမတယှဉ်ပြိုင်နေရသည့်အတွက် မျှမျှတတဖြစ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကသတင်းစာများဖွံ့ဖြိုးစည်ပင် ရှင်သန် လာစေရန် လုပ်ဆောင်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မိမိတို့နိုင်ငံတွင် Competition Law ဟူ၍ ပြိုင်ဆိုင်နိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေတွင် လွတ်လပ်စွာ၊ တရားမျှတစွာပြိုင်ဆိုင်ရမည်ဟု ပါရှိထားသော်လည်း ပုဂ္ဂလိက သတင်းစာထုတ်ဝေသူများက အစိုးရကထုတ်ဝေသည့်သတင်းစာများသည် ၎င်းတို့ပေါ်တွင် ဈေးကွက်အသာစီးယူပြီး မမျှမတအနိုင်ယူနေသည်ဟု ခံစားနေရပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၏အဖြေကိုလည်း သိရှိလိုပါကြောင်း၊ ပုဂ္ဂလိကသတင်းစာများ ဖွံ့ဖြိုးစည်ပင် ဝေဆာလာစေရန် နိုင်ငံတော်အစိုးရတွင် ကြံစည်ထားသောအစီအမံများ ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပထမဦးစွာ မြန်မာနိုင်ငံ၏ လက်ရှိသတင်းစာများ ထုတ်ဝေနေမှုအခင်းအကျင်းကို အနည်းငယ် တင်ပြလိုပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကသတင်းစာ ၃၇ စောင်နှင့် ဌာနဆိုင်ရာသတင်းစာ ၇ စောင် စုစုပေါင်း ၄၄ စောင်ကို ထုတ်ဝေခွင့်ပြုထားပါကြောင်း၊ ယင်းတို့ အနက် လက်ရှိအခြေအနေတွင် မန္တလေးနေ့စဉ်၊ မြဝတီရောင်စုံ၊ ရတနာပုံ၊ မြို့တော်၊ မြန်မာ့ အလင်း၊ ကြေးမုံနှင့် Global New Light of Myanmar စသည့် ဌာနဆိုင်ရာသတင်းစာများ စုစုပေါင်း ၇ စောင်ရှိပါကြောင်း၊ ပုဂ္ဂလိကသတင်းစာများက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The Straits Times, New York Times, Myanmar Times နှင့် China Daily လေးစောင် ရှိပါကြောင်း၊ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် စံတော်ချိန်၊ ခေတ်သစ်၊ ဒီမိုကရေစီတူဒေး၊ 7 Day Daily၊ Daily Eleven၊  The Voice Daily၊ ပြည်ထောင်စုနေ့စဉ်၊ မြန်မာတိုင်းမ်၊ မြန်မာသံတော်ဆင့်၊ ဝိတိုရိယနှင့်  ညနေခင်းသတင်းစာ စုစုပေါင်း ၁၁ စောင်အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် တအောင်း၊ ပလောင်စသည့် တိုင်းရင်းသားဘာသာ အသီးသီးဖြင့် ထုတ်ဝေနေသည့် သတင်းစာနှင့် ဂျာနယ် ၄၇ စောင်ရှိသည်ကို ကြည့်ခြင်းအားဖြင့် ပုဂ္ဂလိကသတင်းစာများ လွတ်လပ်စွာ ထုတ်ဝေဖြန့်ချိလျက်ရှိသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတကာ တွင် ဆက်သွယ်ရေးနည်းပညာ တစ်ဟုန်ထိုးတိုးတက်လာသည့်အလျောက် Online Media တွင် လျင်မြန်စွာဖွံ့ဖြိုးလာနေပါကြောင်း၊ တစ်ချိန်တည်းတွင် Print Media ဟုခေါ်သော ပုံနှိပ်မီဒီယာ များ၏အခန်းကဏ္ဍက တစ်ရိပ်ရိပ်ကျဆင်းလျက်ရှိပါကြောင်း၊ ၂၀၀၈ ခုနှစ်ကစတင်ပြီး ကမ္ဘာကျော် သတင်းစာကြီးများအပါအဝင် ပုံနှိပ်သတင်းစာအများအပြားကို Online သတင်းစာများအဖြစ် လုံးဝ ပြောင်းလဲ၍ဖြစ်စေ၊ ပုံနှိပ်သတင်းစာနှင့်ယှဉ်တွဲ၍ဖြစ်စေ စတင်ထုတ်ဝေလာခဲ့ကြပါကြောင်း၊ ၁၇၃၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သော ကမ္ဘာ့သက်တမ်းအရှည်ဆုံး Lloyd’s List Journal သည် ပုံနှိပ်ထုတ်ဝေရာက Online Version ကို ၂၀၁၃ ခုနှစ်တွင် အပြီးအပိုင်ပြောင်းလဲခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း Mizzima Newspaper အပါအဝင် သတင်းစာအများအပြားကို Digital Newspaper များအဖြစ် ပြောင်းလဲထုတ်ဝေလာပါကြောင်း၊

ပုံနှိပ်သတင်းစာများ ရပ်တည်ရန်ခက်ခဲလာရသည့် အဓိကအကြောင်းအရင်းတစ်ခုက သတင်းစာ များရောင်းချရမှု (Subscription)နှင့် ကြော်ငြာများမှရရှိသည့် ဝင်ငွေတို့ကျဆင်းလာရခြင်းတို့ ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ကြော်ငြာဝင်ငွေများသည် ပုံနှိပ်မီဒီယာများအပြင် ရေဒီယိုရုပ်သံ (Broadcast) နှင့် Digital အစရှိသော Online Media များသို့ ခွဲဝေစီးဆင်းနေမှုကြောင့် ပုံနှိပ်မီဒီယာများအနေဖြင်‌့ ကြော်ငြာမှရရှိသည့်ဝင်ငွေများ ကျဆင်းလျက်ရှိပြီး လုပ်ငန်းလုပ်ကိုင် ရာတွင် ကန့်သတ်ချက်များ ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ သတင်းစာအပါအဝင် ပုံနှိပ်လုပ်ငန်း များအနေဖြင့် အကောက်ခွန်၊ ကုန်သွယ်ခွန်၊ လုပ်ငန်းခွန်၊ အမြတ်ခွန် အစရှိသော အခွန်အခ များကြောင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများရှိနေသည့်အတွက် Withholding Tax များကို ပယ်ဖျက်ရန်အတွက် နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန်အခ များ ကင်းလွတ်ခွင်‌့ရရှိရေး/လျှော့ပေါ့ပေးရေးကိစ္စသည် သက်ဆိုင်သူများအားလုံး ဝိုင်းဝန်း ဆောင်ရွက်ရမည့် ကိစ္စရပ်သာ ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက် ၍မရနိုင်ပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများသည်လည်း ဈေးကွက်စီးပွားရေးမူဝါဒများအရ အခွန် အခများ ကင်းလွတ်ခွင့်မရရှိဘဲ ပုဂ္ဂလိကသတင်းစာများနည်းတူ ပေးဆောင်နေကြရပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံတော်၏ဘဏ္ဍာငွေကိုအသုံးပြု၍ လည်ပတ်ရသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် အရှုံးဖြင့်ရပ်တည်၍ မရနိုင်ပါကြောင်း၊ စီးပွားရေးအားဖြင့် အရှုံးနှင့်ရင်ဆိုင်ရနိုင်ခြေရှိပါကလည်း အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းစသော နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများအနေဖြင့် အရှုံးနှင့်မရှိစေရ ကန့်သတ်ချက်များအပြင် အမြတ်အစွန်းများစွာရရှိရေးကိုလည်း ဦးတည်၍မရဘဲ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သတင်းစာဝယ်ယူဖတ်ရှုခွင့်ရရှိရေးအတွက် ဦးတည်ကာ သတင်းစာ တန်ဖိုးကို ကြောငြာဝင်ငွေဖြင့်ခုနှိမ်ပြီး သတင်းစာအမှန်တကယ်ကျသင့်သည်‌့တန်ဖိုးထက် လျှော့ချပြီး ရောင်းချနေရခြင်းဖြစ်ပါကြောင်း၊ ထူထောင်ဆဲနိုင်ငံများတွင် နိုင်ငံပိုင်သတင်းစာများ အနေဖြင့် ပြည်သူနှင့်အစိုးရတို့အကြားတွင် ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ဆောင်ရွက် ပေးရန် အဓိကတာဝန်ရှိသည့်အတွက် ပြည်သူများဈေးနှုန်းချိုသာစွာဖြင့် သတင်းစာဖတ်ရှု နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊

ပုဂ္ဂလိကသတင်းစာများမှ သတင်းထောက်များ၊ ဌာနဆိုင်ရာသတင်းရရှိမှု  အဆင်ပြေလွယ်ကူ စေရန်အတွက် ၂၀၁၆ ခုနှစ်ကစတင်ပြီး မဏ္ဍိုင်သုံးရပ်နှင့် သတင်းမီဒီယာများ တွေ့ဆုံ ဆွေးနွေးပွဲများကို သတင်းမီဒီယာကောင်စီနှင့်ပူးပေါင်းလျက် မြန်မာနိုင်ငံအနှံ့ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဦး၏လုပ်ငန်းသဘာဝကို တစ်ဦးကသိရှိနားလည်ကာ သတင်းကိစ္စဆက်သွယ် ဆောင်ရွက်မှု ချောမွေ့လွယ်ကူစေရန် များစွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ မဏ္ဍိုင် သုံးရပ်တွင် ပြောရေးဆိုခွင့်ရှိသူ (Spokes Persons) များကို ရွေးချယ်တာဝန်ပေးထားပြီး ယင်းတို့အား သတင်းမီဒီယာများနှင့် ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ သင်တန်းများ ပြုလုပ်ပေး ခဲ့ပါကြောင်း၊ မီဒီယာလောကမှ ထင်ရှားသောပုဂ္ဂိုလ်များနှင့်ဆက်သွယ်၍ တွေ့ဆုံပွဲများ၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၃-၅-၂၀၁၆ ရက်နေ့မှ ၂၇-၇-၂၀၁၇ ရက်နေ့အထိ ကာလအတွင်း စုစုပေါင်း(၆)ကြိမ် ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထပ်မံတိုးချဲ့ဆောင်ရွက် ရန် အစီအစဉ်များရှိပါကြောင်း၊ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ပြင်ပပုဂ္ဂလိက ကြော်ငြာကုမ္ပဏီများနှင့် ပူးပေါင်းပြုလုပ်သည့် ကြော်ငြာစာမျက်နှာများရိုက်နှိပ်ပြီး ကြားညှပ် ထည့်သွင်းဖြန့်ချိခြင်းလုပ်ငန်းကို ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်များသို့ ခွဲဝေရောက်ရှိစေရန် ရည်ရွယ်ပြီး ၁-၆-၂၀၁၆ ရက်နေ့ကစတင်၍ ဖျက်သိမ်းပေးခဲ့ပါကြောင်း၊ နိုင်ငံတော်အဆင့် တာဝန်ရှိ သူများ၏ သတင်းများအပါအဝင် ဌာနဆိုင်ရာသတင်းများ၊ ဓာတ်ပုံများကို ပြင်ပပုဂ္ဂလိက မီဒီယာများအနေဖြင့် နိုင်ငံပိုင်သတင်းစာများနှင့်အတူ တစ်ပြေးညီရရှိစေရန်အတွက် Website များ ထူထောင်ပေးပြီး သတင်းရရှိမှုအပိုင်းတွင် မြန်ဆန်စေရန် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေပြည်တော်တွင် ကျင်းပသည့်အခမ်းအနားကြီးများနှင့် နိုင်ငံတကာက စိတ်ဝင်စားမှုရှိသော ရခိုင်ပြည်နယ်(မြောက်ပိုင်း)ခရီးစဉ်များတွင် နိုင်ငံခြားသတင်းမီဒီယာများနှင့်အတူ ပြည်တွင်း ပုဂ္ဂလိကမီဒီယာများကို အားလုံးတစ်ပြေးညီ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်သတင်းယူ နိုင်စေရန်အတွက် နေရာထိုင်ခင်းနှင့်သွားရေးလာရေး အခက်အခဲကြောင့် လူဦးရေကန့်သတ် ရသည့်အခါများမှလွဲ၍ အလှည့်ကျသတင်းယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကသတင်းစာများ လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ရရှိစေရန် ဆောင်ရွက်ပေးရာတွင် လိုအပ်ချက်များ များစွာရှိသေးသည်ကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်အသိအမှတ်ပြုပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများကို အစိုးရ၏ ဆောင်ရွက်ချက်များအား ပြည်သူများ သိရှိစေရန်၊ ပြည်သူများ၏လိုအပ်ချက်များကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များသိရှိစေရန်၊ ပင်မမီဒီယာများက စိတ်ဝင်စားမှုနည်းပါးသည့် လူနည်းစု တိုင်းရင်းသားများအကြောင်းနှင့် အခြားပြည်သူများသိသင့်သိထိုက်သည်များကို သိရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့်သာ ထုတ်လုပ်ဖြန့်ချိလျက်ရှိပါကြောင်း၊ ပြင်ပပုဂ္ဂလိကသတင်းစာများနှင့်  ပြိုင်ဆိုင်ခြင်းမပြုဘဲ သီးခြားပုံစံတစ်မျိုးဖြင့်သာ ရပ်တည်လျက် ပုဂ္ဂလိကသတင်းစာများ ရှင်သန် ရပ်တည်ရေးအတွက် လမ်းဖွင့်ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။

ဦးမြင်‌့လွင်(တွံတေးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေကြားသွားသည်မှာ အတော်ပြည့်စုံပါကြောင်း၊ နိုင်ငံတကာတွင် Print Media များ ကျဆင်းသွားခြင်း၊ တချို့ရပ်သွားခြင်းတို့ကို မိမိတို့သိရှိပါကြောင်း၊ မိမိတို့တိုင်းပြည်တွင် Digital Media, Progression Media ဖြစ်လာသည်ကိုလည်း သိရှိပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံပြည်သူအများစုက သိပ်လက်လှမ်းမမီသေးသည့်အနေအထားသာ ရှိပါကြောင်း၊ Print Media က မိမိတို့နိုင်ငံတွင် အမြဲတမ်းလတ်တလောတွင် အတော်များများ လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ လတ်တလောတွင် ပုဂ္ဂလိကသတင်းစာများ၏ အနေအထားအရ လေ့လာမိ သလောက်အတော်ကို ယုတ်လျော့ကျဆင်းလာပါကြောင်း၊ 7 Day သည် ယခင်က အစောင်ရေ ၄၀၀၀၀ ခန့် ထုတ်ဝေပါကြောင်း၊ ယခု ၂၈၀၀၀ ခန့်သာရှိပါကြောင်း၊ Daily Eleven သည် ယခင်က ၆၅၀၀၀ ခန့် ရှိပါကြောင်း၊ ယခု ၂၈၀၀၀ ခန့်သာရှိပါကြောင်း၊ စံတော်ချိန်သည် ယခင်က ၇၅၀၀၀၊ ယခု ၄၀၀၀၀ ခန့်သာရှိပါကြောင်း၊ Democracy Today သည် ယခင်က ၉၀၀၀၀ ခန့် ရှိပါကြောင်း၊ ယခု ၂၅၀၀၀ ခန့်သာရှိပါကြောင်း၊ ကျန်သည့်သတင်းစာများလည်း လျော့ကျနေကြသည့် အနေအထားက နိုင်ငံတော်အစိုးရမှ လိုအပ်သည့်အကူအညီများ မပေးပါက တစ်ဖြည်းဖြည်း ခြောက်ခမ်းသွားပြီး ပြည်သူများ တစ်ဖက်သတ်ပေးသည့် သတင်းများသာရရှိသည့် အနေအထား မျိုးဖြစ်သွားသည့်အတွက် မိမိတို့စဉ်းစားထားသည်များ ရှိပါကြောင်း၊ ကြေးမုံ၊ မြန်မာ့အလင်းတွင် ကြော်ငြာများစွာကို အနည်းငယ်လျှော့ချလိုက်ပါက လျှော့ချလိုက်သည့်ကြော်ငြာများက ပုဂ္ဂလိကသတင်းစာကို ရောက်ရှိသွားနိုင်ပါကြောင်း၊ ဒုတိယနည်းလမ်းက အစိုးရ၊ ပုဂ္ဂလိက၊ အများပြည်သူ ပါဝင်သော အများပိုင်ကုမ္ပဏီ၊ ၎င်းကဲ့သို့ကုမ္ပဏီအသွင်ပြောင်းပြီး သတင်းစာများကို ထုတ်ဝေသည့် အနေအထားမျိုးလုပ်ပေးနိုင်ရန်၊ တတိယနည်းလမ်းက နိုင်ငံပိုင်အစိုးရကထုတ်ဝေနေသော သတင်းစာများကို ပုဂ္ဂလိကထံကို လုံးဝလွှဲပြောင်းရောင်းချလိုက်ခြင်း၊ နိုင်ငံတော်အစိုးရက ပုံနှိပ်ပစ္စည်းများ၊ အကုန်လုံးကို ဈေးကွက်စီးပွားရေးဆန်ဆန် အငှားရိုက်ပေးခြင်းဟူသည့် နည်းလမ်း သုံးမျိုးကို ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ဆောင်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း

မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆောင်ရွက်နေဆဲကာလ Print Media များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် တစ်ဖက်မှ စဉ်းစားကြည့်မည်ဆိုပါက ပုဂ္ဂလိက Print Media များတွင် ကြော်ငြာရရှိနိုင်ရန် အနေအထားသည် ကြော်ငြာစီးပွားရေးလုပ်ငန်းနှင့်လည်း ပတ်သက်နေပါကြောင်း၊ တစ်နိုင်ငံလုံး၏ စီးပွားရေး အခြေအနေအရ ကြော်ငြာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင်လည်း မူတည်နေပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကနှင့် ပေါင်းစပ်၍ ဆောင်ရွက်လျက် ရှိတာသည်မှာ Myanmar Digital News နှင့် Global New Light သတင်းစာတို့ကို ပုဂ္ဂလိကနှင့်ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်ချက်များ များစွာရှိသည်ကို အသိအမှတ်ပြုပါကြောင်းနှင့် ပြင်ပသတင်းစာများက အပ်လာသည့် လုပ်ငန်းများကိုလည်း သင့်လျော်သည့် အဖိုးအခယူပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။