(က)-အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသတွင် နယ်မြေမီးသတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၉.၃.၂၀၁၈)

ကွင်းကောက်ဒေသသည် ပတ်ဝန်းကျင်ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စုနှင့် ဝန်းရံထားပြီး အနီးဆုံး မီးသတ်စခန်းများဖြစ်သည့် အင်္ဂပူစခန်းနှင့် ၁၅ မိုင်၊ ဟင်္သာတစခန်းနှင့် ၃၂ မိုင်၊ ငါးသိုင်းချောင်း စခန်းနှင့် ၃၅ မိုင်ခန့်ကွာဝေးပြီး ပုသိမ်- မုံရွာကားလမ်းကြီး၏ဘေးတွင် တည်ရှိပါကြောင်း၊ အိမ်ခြေ ပေါင်း ၁၇၀၆၁ အိမ်၊ ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စုရှိပြီး ပတ်ဝန်းကျင်ကျေးရွာအုပ်စု ၄ အုပ်စုနှင့်ပေါင်းလျှင် ၂၆ အုပ်စုနှင့် အိမ်ခြေပေါင်း ၂၀၇၈၄ အိမ် ရှိပါကြောင်း၊ ဈေး နှစ်ဈေး၊ ရဲစခန်း တစ်ခု၊ ဆေးရုံ တစ်ရုံ၊ ဆေးပေးခန်း ငါးခု၊ ပညာသင်ကျောင်း ၆၅ ခု၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများနှင့် အမှတ်(၅)တိုင်းဗဟိုလေ့ကျင့်ရေး ကျောင်းတစ်ကျောင်းရှိပါကြောင်း၊ ၂၆-၁၁-၂၀၁၆ ရက်နေ့တွင် လျှောက်လွှာနှင့် ပြည်ထဲရေးဒုတိယဝန်ကြီးထံ မိမိတင်ပြတောင်းခံခဲ့ဖူးပါ ကြောင်း၊ ၁၀ ရက်ခန့်အကြာတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မီးသတ် ဦးစီးဌာနမှ ဖုန်းနှင့် အကြောင်းပြန်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် မတ်လတွင် မိမိတိုင်းဒေသကြီး မီးသတ်ဦးစီးနှင့် တွေ့သည့်အခါ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် မီးသတ်စခန်းများ ပြည့်သွားပြီဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် မြို့နယ် ပထမဦးစားပေးအဆင့်နှင့် တောင်းခံထားပြီးဖြစ်ပါကြောင်း၊ လိုအပ်သည့် မြေတစ်ဧကကို လည်း ပုံစံ(၁၀၅)နှင့် မိမိတို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကွင်းကောက်ဒေသ၏နယ်မြေ မီးသတ်စခန်းကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိ မေးမြန်းခဲ့သည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်နယ်မြေမီးသတ်စခန်းသည် လက်ထောက် မီးသတ်ဦးစီးမှူးဦးစီးသည့် အင်အားကိုးဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး စုစုပေါင်း မီးသတ်ယာဉ်နှစ်စီးပါဝင်သည့် နယ်မြေမီးသတ်စခန်းတစ်ခုကို ဖွဲ့စည်းပုံအရ ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် ကွင်းကောက်နယ်မြေမီးသတ်စခန်းကို ကွင်းကောက်(မြောက်)ကျေးရွာ၊ အောင်တေဇရပ်ကွက်၊ အောင်တေဇလမ်းရှိ အရန်မီးသတ်စခန်း ၁၅ ပေ x ၂၀ ပေရှိသည့် သွပ်မိုး၊ မြေစိုက်ယာယီအဆောက်အဦတစ်လုံးတွင် ဖွင့်လှစ်ထားရှိပြီး လက်ထောက် မီးသတ်ဦးစီးမှူး တစ်ဦး၊ ဒုတိယတပ်ကြပ် နှစ်ဦး၊ မီးသတ်တပ်သားတစ်ဦး စုစုပေါင်းတပ်ဖွဲ့ဝင် လေးဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး စုစုပေါင်း နှစ်စီးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကိုလည်း စတင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးထံသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းမှ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်နယ်မြေမီးသတ်စခန်းဆောက်လုပ်ရန် အတွက် ၂၆.၁၁.၂၀၁၆ ရက်နေ့တွင် ပုဂ္ဂိုလ်ရေးရာစာနှင့် ပေးပို့အကူအညီတောင်းခံခဲ့ပါကြောင်း၊ ၎င်းကိစ္စနှင့် စပ်လျဉ်းပြီး စိစစ် ဆောင်ရွက်သည့်အခါ မီးသတ်စခန်းဆောက်လုပ်ရန် မြေနေရာသည် လယ်မြေအမျိုးအစားဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ မီးသတ်ဦးစီးဌာနအမည်ပေါက် ရရှိရေး ဆောင်ရွက်ပြီး အမည်ပေါက်ရရှိပြီးသည့်အခါ နီးစပ်ရာဘဏ္ဍာရေးနှစ် ရန်ပုံငွေတင်ပြ တောင်းခံသွားမည် ဖြစ်ကြောင်းကိုလည်း ကိုယ်စားလှယ်ထံသို့ ၁၃.၁၂.၂၀၁၆ ရက်နေ့တွင် ပြန်လည်အသိပေးပြောကြားခဲ့ပါကြောင်း၊ ယခုကာလအတွင်း လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာ များ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊

အင်္ဂပူမြို့နယ်၊ ကွင်းကောက်နယ်မြေမီးသတ်စခန်းဖွင့်လှစ်ရန်အတွက် ကွင်းကောက်(မြောက်) ရပ်ကွက်၊ ဦးပိုင်အမှတ်(၄၁/၄)၊ ကွင်းအမှတ်(၈၃၂)တွင် ဧရိယာ ဝ.၉၂ ဧကရှိသည့် မြေနေရာကို ဌာနအမည်ပေါက် ရရှိရေး ဆောင်ရွက်ခဲ့သည့်အခါ မြေစာရင်းပုံစံ(၁၀၅)၊ (၁၀၆)ရရှိခဲ့ပြီးဖြစ်သဖြင့် ၁၈.၂.၂၀၁၈ ရက်နေ့တွင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိရေးကိုလည်း ဆက်လက် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကွင်းကောက်နယ်မြေမီးသတ်စခန်းဆောက်လုပ် ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ခွင့်ပြုမိန့်ရရှိပါက မီးသတ် အဆောက်အဦ တစ်လုံး၊ ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းအိမ်ရာအဆောက် အဦအတွက် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ပြန်လည်ဖြေကြားခဲ့သည်။