ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၂.၃.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

( ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက် )

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ကို၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၃)ဦးအနက် (၄၁၂) ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

         

(က)      သဘာပတိတင်မြှောက်ခြင်း

၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇ နည်းဥပဒေခွဲ(စ)အရ လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်းအား သဘာပတိအဖြစ် တင်မြှောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉ နည်းဥပဒေခွဲ(က)အရ သဘာပတိက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

         

(ခ)     ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းနှင့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း

၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၀၊ ၁၁၊ ၁၂ တို့အရ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊  နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်အား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ရွေးကောက် တင်မြှောက်ခဲ့ပြီး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးသည်။

         

(ဂ)     ပြည်သူ့လွှတ်တော် သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း

၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅ အရ ပြည်သူ့လွှတ်တော် သဘာပတိ ဦးခင်မောင်ဝင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်လွှဲအပ်ပါသည်။

 

၃။       အစည်းအဝေးကို နံနက်( ၁၁ )နာရီ ( ၁၆ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ထပ်မံ ကြေညာမည်ဖြစ်ပါသည်။