ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့ကို၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၃)ဦးအနက် (၄၀၇)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးစိုင်းဘသိန်း၊ လင်းခေးမဲဆန္ဒနယ်မှ မေးမြန်းသော လင်းခေးမြို့နယ်ရှိ ယခင် အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ ဗာဂျီးနီးယားဆေးလုပ်ငန်း ဆောင်ရွက်ခဲ့သော မြေနေရာ၊ အဆောက်အဦများအား မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရန် နှင့် မူလပိုင်ရှင်များသို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၊ ဗာဂျီးနီးယားဆေး လုပ်ငန်းစက်ရုံကြီးကြပ်မှုအောက် မန္တလေးကုန်ထုတ်ဌာနခွဲ၊ လင်းခေးဌာနစုအောက်ရှိ ဗာဂျီးနီးယားဆေးပေါင်းစခန်းများနှင့် မြေနေရာအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ကျသင့်တန်ဖိုးငွေများ ပေးချေဝယ်ယူထားရှိပြီး ဖြစ်သည့်အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ်မှ မေးမြန်းသော လတ်တလော ရပ်ဆိုင်း ထားသော အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) တိုးချဲ့စီမံကိန်းအား ဆက်လက် ဆောင်ရွက်နိုင်ရန် အစီအမံများ ရေးဆွဲထားခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက်မှုဝန်ကြီးဌာန အနေဖြင့် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းပြီးစီးအောင် ဆောင်ရွက်ရမည့် Master Plan အား ရေးဆွဲထားပြီးဖြစ်သည်နှင့်အညီ စီးပွားဖြစ် ထုတ်လုပ်မည့် လက်တွေ့ကျသော အစီအမံများအား Special Task Force Team ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဇုံးတိန့်၊ ချီဖွေမဲဆန္ဒနယ်မှ မေးမြန်းသော ချီဖွေမြို့နယ်တွင် မြို့နယ်စာရင်းစစ် ဦးစီးရုံးတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ် ဦးမော်သန်းက လောလောဆယ်အားဖြင့် ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၏စာရင်းများကို မြစ်ကြီးနားခရိုင်စာရင်းစစ်ရုံးသို့ လာရောက် စစ်ဆေးခံစေခြင်းအစား မြစ်ကြီးနားခရိုင် စာရင်းစစ်ရုံးမှ ဝန်ထမ်းများက သက်ဆိုင်ရာ မြို့နယ်များသို့ သွားရောက်စစ်ဆေးသည့်စနစ်ကို ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပါ ကြောင်းနှင့် ချီဖွေမြို့နယ်တွင် မြို့နယ်စာရင်းစစ်ရုံးဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ မေးမြန်းသော ခေါင်လန်ဖူးမြို့နယ်ရှိ ဌာန ဆိုင်ရာရုံးများ၊ ဝန်ထမ်းများအဆင်ပြေစေရန်နှင့် ရုံးပိုင်ဆိုင်ရာလုပ်ငန်းများ လွယ်ကူ လျင်မြန်စေရန် ပူတာအိုမှ စာရင်းစစ်ဝန်ထမ်းများအား ခေါင်လန်ဖူးမြို့သို့ စေလွှတ်ပြီး ဌာနဆိုင်ရာရုံးများကို စာရင်းစစ်ဆေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ် ဦးမော်သန်းက အမျိုးသမီးဝန်ထမ်း အများစုနှင့် ဖွဲ့စည်းထားသောရုံးဖြစ်ပါသဖြင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှု၊ ရာသီဥတုအခြေအနေနှင့် အမျိုးသား/အမျိုးသမီး ဝန်ထမ်းဖွဲ့စည်းမှုအပေါ်မူတည်ပြီး နှစ်နှစ်တစ်ကြိမ် (သို့မဟုတ်)ရံဖန်ရံခါ စေလွှတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဦးမျိုးနိုင်၊ ချမ်းအေးသာစံမဲဆန္ဒနယ်မှ မေးမြန်းသော ချမ်းအေးသာစံမြို့နယ် အတွင်းရှိ(၂၇)လမ်းအား (၇၈)လမ်းဘက်မှ မန္တလေးဘူတာ ပါဆယ်(၂)ယာဒ်ဝင်းကို ဖြတ်၍ (၇၉)လမ်းသို့ သွယ်တန်းချိတ်ဆက်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က တွဲယာဒ်ဝင်းဟာ ကန့်သတ်နယ်မြေဖြစ်သည့်အတွက် Level Crossing လုပ်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးတင်နု(ခ)ဦးတင်နုအောင်၊ မာန်အောင်မဲဆန္ဒနယ်မှ မေးမြန်းသော မာန်အောင် မြို့နယ်၊ သစ်ချောင်းနှင့် ကျီးချောင်းအဝင် ချောင်းအဝများအား မော်တော်နှင့်လှေများ အချိန်မရွေး ဝင်နိုင်၊ ထွက်နိုင်ရေးအတွက် ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဖြည့်စွက် ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ အစည်းအဝေးကို နေ့လယ်( ၁၂ )နာရီ ( ၁၀ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၃၁)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၂.၃.၂၀၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
