လင်းခေးမြို့နယ်ရှိ ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ ဗာဂျီးနီးယားဆေးလုပ်ငန်း ဆောင်ရွက် ခဲ့သော မြေနေရာ၊ အဆောက်အဦများအား မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရန်နှင့် မူလ ပိုင်ရှင်များသို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်တွင် ၁၉၅၀ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယားဆေး စိုက်ပျိုးပေါင်းတင်ထုတ်လုပ်ခြင်းလုပ်ငန်းကို အစိုးရ၊ ပုဂ္ဂလိကနှင့်သမဝါယမတို့မှ ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှိခဲ့ပါကြောင်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပုဂ္ဂလိကလုပ်ငန်း များပိတ်ပင်ခံရပြီး အစိုးရနှင့်သမဝါယမကဏ္ဍမှ တောင်သူများစိုက်ပျိုးသည့် ဗာဂျီးနီးယားဆေးရွက် စိမ်းများကို ဝယ်ယူပြီး ပေါင်းတင် အခြောက်ခံ၍ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် စီးကရက်စက်ရုံကို ဗာဂျီးနီးယားဆေးရွက်ခြောက်များကို သွင်းခဲ့ပါကြောင်း၊ လင်းခေး ဗာဂျီးနီးယားဆေးဟာ အနံ့အရသာ အထူးကောင်းမွန်လှသည့်အတွက် နိုင်ငံခြားပြည်ပကိုတင်ပို့သည့် ဒူးယားစီးကရက် အဝါရောင်ဗူးတွင် မဖြစ်မနေထည့်သွင်းခဲ့ရသည်ကို သိရှိရပါကြောင်း၊ ၁၉၉၀ နောက်ပိုင်းတွင် လင်းခေးမြို့နယ်ရှိ ဗာဂျီးနီးယားဆေးပေါင်းတင်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး ဆေးပေါင်းရုံမြေနေရာများ၊ ဆေးပေါင်းစခန်းများ မြို့မြေနေရာနှင့် အလုပ်ရုံများကို အသုံးပြုခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စိစစ်တွေ့ရှိချက်အရ မြေနေရာပေါင်း ၁၄ နေရာ၊ အကျယ်အဝန်း ၁၇.၁၂၇ ဧကခန့်ရှိပါကြောင်း၊ ဗာဂျီးနီးယားဆေးလုပ်ငန်း စတင်ခဲ့သည့် ကာလတွင် မြို့နယ်လူဦးရေနည်းပါးသည့် အတွက် ဆေးပေါင်းရုံတည်ခဲ့သည့် အလုပ်မြေနေရာများသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် တိုးပွားလာသည့် လူဦးရေနှင့်အတူ လူနေအိမ်ခြေများထူထပ်လာပြီးဖြစ်သည့်အတွက် ဆေးပေါင်းရုံမြေနေရာများသည် လူ့ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုမရှိတော့ပါကြောင်း လင်းခေးမြို့သည် ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်သည့်အတွက် မြို့၏လိုအပ်ချက်နှင့်အညီ ဝန်ထမ်းအိမ်ရာများ၊ လိုင်းပေါင်းစုံမော်တော်ယာဉ်ကွင်းများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ ဓမ္မာရုံများနှင့် လူနေအိမ်ခြေများ အခြားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အဆောက်အဦများ အမြောက်အမြားလိုအပ်နေတာကို တွေ့ရပါ ကြောင်း၊ စိစစ်တွေ့ရှိချက်များအရ ယခင်ဆေးပေါင်းရုံတည်ခဲ့သည့် မြေနေရာများသည် မြို့၊ ရွာ၊ ကွက်လပ်မြေများဖြစ်ပြီး တချို့မှာ မူလပိုင်ရှင်ရှိသည့်မြေကွက်များဖြစ်ပါကြောင်း၊ တချို့ပုဂ္ဂလိကပိုင် ဆေးပေါင်းရုံများကို ဌာနပိုင်အဖြစ်ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လင်းခေးမြို့နယ်ရှိ ယခင်အမှတ် (၁) စက်မှုဝန်ကြီးဌာန ဗာဂျီးနီးယားဆေးလုပ်ငန်း ဆောင်ရွက်ခဲသည့်မြေနေရာနှင့် အဆောက်အဦများအား မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ရန်နှင့် မူလပိုင်ရှင်များသို့ ပြန် လည်စွန့်လွှတ်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ ဆောင်ရွက်ပေးနိုင်မှု အခြေအနေကို သိရှိလိုပါ ကြောင်းဖြင့်မေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ရာနှုန်းပြည့်ထောက်မထားသော မြဝတီထရေးဒင်းလီမိတက်သည် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၈.၆.၂၀၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၇/၂၀၁၀) အရ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၊ ဗာဂျီးနီးယားဆေးလုပ်ငန်း စက်ရုံအောက်ရှိ ပခုက္ကူကုန်ထုတ်ဌာနခွဲ၊ မန္တလေးကုန်ထုတ် ဌာနခွဲတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်ထုတ်ဌာနစုများအလိုက် ဆေးပေါင်းစခန်း ၄၁ ခု၊ အေးဆေးစခန်းသုံးခု၊ ဆက်စပ်အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများပါဝင်သည့် မြေနှင့်အခြားမြေလွတ်ဧရိယာ ၅၀၁.၂၆ ဧကကို တန်ဖိုးငွေစုစုပေါင်း ကျပ် ၇၄၁၁.၉၄၄ သန်းဖြင့် ဝယ်ယူခဲ့ပြီး ကျသင့်တန်ဖိုးငွေများကို အကျေပေး ချေပြီးဖြစ်ကြောင်း အမှတ် (၁) စက်မှု ဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၏ ၃.၁၁.၂၀၁၀ ရက်စွဲပါ ရုံးအမိန့်အမှတ် (၅၁၁/၂၀၁၀) အရ လွှဲပြောင်း/လက်ခံရေးအဖွဲ့ဖြင့် စနစ်တကျလွှဲပြောင်း/ လက်ခံခဲ့ပြီးဖြစ် ပါကြောင်း၊
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ ဗာဂျီးနီးယားဆေးပေါင်းစခန်း ၁၄ ခုရှိပြီး စုစုပေါင်းမြေဧရိယာ ၁၆.၁၂၇ ဧက၊ မြေတန်ဖိုးငွေကျပ် ၁၆.၇၉၇ သန်း၊ အဆောက်အဦ တန်ဖိုးငွေကျပ် ၂၂၇.၁၆၆ သန်း စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၃.၉၆ သန်းဖြင့် ယခင် အမှတ်(၁) စက်မှုဝန်ကြီးဌာနသို့ ပေးချေခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ရာနှုန်းပြည့် ထောက်မထားသော မြဝတီထရေးဒင်းလီမိတက်အနေဖြင့် ၎င်းမြေများအား သိမ်းယူထားခြင်း မဟုတ်ဘဲ စီးပွားရေး လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ တရားဝင်ဝယ်ယူထားခဲ့ပြီး ကျသင့်တန်ဖိုးငွေများကိုလည်း ယခင်အမှတ် (၁) စက်မှုဝန်ကြီးဌာနသို့ အကျေပေးချေခဲ့ပြီးဖြစ်ပါကြောင်းနှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၊ ဗာဂျီးနီးယားဆေးလုပ်ငန်းစက်ရုံ ကြီးကြပ်မှုအောက် မန္တလေးကုန်ထုတ်ဌာနခွဲ၊ လင်းခေးဌာနစုအောက်ရှိ ဗာဂျီနီးယားဆေးပေါင်းစခန်းများနှင့် မြေနေရာအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ကျသင့်တန်ဖိုးငွေ များ ပေးချေဝယ်ယူထားရှိပြီး ဖြစ်သည့်အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
