(စ)-မာန်အောင် မြို့နယ်၊ သစ်ချောင်းနှင့် ကျီးချောင်းအဝင် ချောင်းအဝများအား မော်တော်နှင့်လှေများ အချိန်မရွေး ဝင်နိုင်/ထွက်နိုင်ရေးအတွက် ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၂၁.၃.၂၀၁၈)

မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အတွင်းတွင်ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်ထဲတွင်ရှိပြီး ရေကြောင်းကိုအဓိက အား ထားသွားလာနေရသည့် ကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊ မာန်အောင်ကျွန်း၏ အကျယ်အဝန်းသည် စတုရန်း မိုင် ၂၀၂ မိုင်ရှိပြီး ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၃၇ ရွာနှင့် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက် ရှိပါကြောင်း၊  လူဦးရေ ၆၀၀၀၀ ကျော်နေထိုင်လျက် ရှိကြပါကြောင်း၊ မာန်အောင်ကျွန်းတွင် ပြည်သူများ ရေကြောင်းသွားလာသည့်အခါ အဓိကအားထားရသော ချောင်းကြီးသုံးချောင်းရှိပါကြောင်း၊ အုန်းချောင်း၊ ကျီးချောင်းနှင့် သစ်ချောင်းတို့ ဖြစ်ကြပါကြောင်း၊ အုန်းချောင်းက ပြန်လည်တူးဖော်ထားသည့်အတွက် သွားလာရေးမှာ အလွန်အခက်အခဲမရှိတော့ပါကြောင်း၊  ကျီးချောင်းနှင့်သစ်ချောင်းတို့သည် တစ်ကြိမ် တစ်ခါမျှ ပြန်လည်တူးဖော်ထားခြင်းမရှိသည့်အတွက် ဒီရေမတက်ပါက မည်သို့မျှ မော်တော်များ၊ စက်လှေ များသည် ချောင်းအဝင်/အထွက် မရတော့ပါကြောင်း၊ ချောင်းအဝများသည် လုံးဝတိမ်ကောနေပြီး ဒီရေ တက်ချိန်မှသာ ချောင်းကိုဝင်/ထွက် ရပါကြောင်း၊ ဒီရေတက်ချိန်အထိ လေးနာရီခန့် ပင်လယ်ထဲက စောင့်နေရသည့်အတွက် အလွန်အန္တရာယ်များလျက်ရှိနေပါကြောင်း၊ မိမိတို့ငယ်စဉ်က လှေသဗ္ဗာန်ကြီး များသည် ဒီရေအတက်၊ အကျကိုစောင်‌့ရန်မလိုအပ်ဘဲ ချောင်းအတွင်းသို့ အချိန်မရွေးဝင်၊ ထွက်ရခဲ့ကြ သည့်အတွက် ပြည်သူများစွာ အဆင်ပြေခဲ့ကြပါကြောင်း၊

ယခု ရမ်းဗြဲကျွန်းပေါ်တွင် ကင်းချောင်းတံတားကြီးကို ဆောက်လုပ်နေပြီဟု သိရှိရပါကြောင်း၊ ကင်းချောင်း အဝနှင့် သစ်ချောင်းအဝသည် ရေမိုင် ၈ မိုင်ခန့်သာ ကွာဝေးပါကြောင်း၊ စက်လှေဖြင့်သွားပါက တစ်နာရီ ခန့်ကြာမြင့်ပြီး ရှပ်ပြေးယာဉ်ဖြင့် မိနစ် ၂၀ ခန့်သာ ကြာမြင့်ပါကြောင်း၊ အဆိုပါသစ်ချောင်းနှင့် ကျီးချောင်း အဝများကိုသာ ပြန်လည်တူးဖော်ပေးမည်ဆိုပါက မာန်အောင်မှ ကျောက်ဖြူနှင့်ရမ်းဗြဲမြို့တို့ကို နေ့ချင်းပြန် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများ စီးပွားရေး၊ လူမှုရေးများစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် ပြည်သူများအတွက် ၎င်းချောင်းများကို ပြန်လည်တူးဖော်ပေးရန်  အမှန်တကယ်မရှိမဖြစ် အရေး တကြီး လိုအပ်နေသည့်အတွက် ကျီးချောင်းနှင့် သစ်ချောင်းအဝင် ချောင်းအဝများကို  ပြန်လည်တူးဖော် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်
အဖြေ

ကမ်းပြိုကာကွယ်ရေး၊ ရေလမ်းထိန်းသိမ်းရေးအားလုံးအတွက် သုံးစွဲနေသော ဘတ်ဂျက်အခြေအနေသည် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေ၊ မိမိတို့ဝန်ကြီးဌာန၏ ဘတ်ဂျက်က ၂၀၁၇-၂၀၁၈ အတွင်း ကမ်းပြိုခြင်း၊ ရေလမ်းထိန်းသိမ်းခြင်း၊ သောင်တူးဖော်ခြင်းဆိုသည့် လုပ်ငန်းပေါင်း ၂၁၄ ခုတွင် ၃ ရာခိုင်နှုန်သာ ဘတ်ဂျက်ရရှိပါကြောင်း၊ မိမိတို့၏တာဝန်ခွဲဝေမှုအရ ကမ်းပြိုကာကွယ်ရေး၊ ထိန်းသိမ်းရေးအလုပ်အများစု သည် တိုင်းဒေသကြီး/ပြည်နယ်၏ ဘတ်ဂျက်များက ၈၄ ရာခိုင်နှုန်းခန့် လုပ်ဆောင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနှင့်ပေါင်းစပ်ညှိနှိုင်းဖြေကြားသည့်အခါ၊ ရခိုင်ပြည်နယ် အစိုးရကို မိမိတို့မေးမြန်းသည့်အခါ ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၈-၁၉ ဘတ်ဂျက်၊ ၂၀၁၈ ခုနှစ်၏ ယခု ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လကာလတို ဘတ်ဂျက်တွင် မပါရှိပါကြောင်း၊ ၂၀၁၈-၁၉ ဘတ်ဂျက်က ၎င်းတို့ရေးဆွဲပြီးနေပြီဖြစ်ပါကြောင်း၊ ဦးစားပေးအစီအစဉ်ထဲတွင်လည်း မပါရှိသည့်အတွက် ၂၀၁၈-၁၉ ခုနှစ် RE တွင် ထည့်သွင်းပေးပါမည်ဟု ဖြေကြားထားပါကြောင်း၊ မိမိအနေဖြင့် ယခင် မည်ကဲ့သို့ လုပ်ဆောင်ခဲ့ကြသည်ကို စိစစ်သည့်အခါ သစ်ချောင်းသည် မာန်အောင်မှ ၇ မိုင်ကွာဝေးပါကြောင်း၊ နေ့စဉ်ကျောက်ဖြူကို စက်လှေတစ်စီးထွက်ပါကြောင်း၊ တောင်ကုတ်ကို စက်လှေနှစ်စီးသွားပါကြောင်း၊ ငါးဖမ်းလှေအစီး ၃၀ ဟု စာရင်းကောက်ယူရရှိပါကြောင်း၊ ရေကျသည့်အချိန်တွင် ရေအနက်နှစ်ပေသာ ရှိသည့်အတွက် ဒီရေစောင်‌့ပြီး ဝင်ရ၊ ထွက်ရသည့်အတွက် ရေကျချိန်တွင် ချောင်းအဝကဝင်ရောက်လိုပါက ချောင်းအဝမှ သောင်ပြင်ကြီးကို ပေ ၁၅၀၀ တူးဖော်ရမည်ဟု ပြောပါကြောင်း၊ သောင်ကလည်း ပြန်လည် ကျနေမည် ဖြစ်သည့်အတွက် သုံးနှစ်တစ်ကြိမ်တူးဖော်ရန် လိုအပ်ပါကြောင်း၊ ကျီးချောင်းသည် မာန်အောင် မှ ၄ မိုင်ကွာဝေးပါကြောင်း၊ ငါးဖမ်းလှေနှင်‌့ စက်လှေအချို့ရှိပြီး ရေအနက်နှစ်ပေခန့်သာ ရှိပါကြောင်း၊ ပေ ၆၀၀ ခန့် ရေသွယ်မြောင်းတူးရမည် ဖြစ်ပါကြောင်း၊ ရေစစ်ချိန်တွင်ပါ ဝင်ရောက်နိုင်ရန် သုံးနှစ်တစ်ကြိမ် တူးဖော်ရမည် ဖြစ်ပါကြောင်း၊ သစ်ချောင်း၊ အုန်းချောင်း၊ ကျီးချောင်း၊ အုန်းချောင်းကလည်း တစ်ခါ လုပ်ဆောင်ဖူးသည်ဟု သိရှိရပါကြောင်း၊ အုန်းချောင်းကို လွန်ခဲ့သော သုံး၊လေးနှစ်ခန့်က ပင်လယ်ထဲက သောင်ပြင်ကြီးကို ပေ ၁၀၀၀ ကျော် သုံးနှစ်တစ်ကြိမ်တူးဖော်ရသည်မှာ ရေရှည်ဖြေရှင်းမှုမဟုတ်ပါကြောင်း၊ သစ်ချောင်းကို ပေ ၁၀၀၀ ကျော် သောင်တူးဖော်ပါက ၃၅ သန်းကုန်ပြီး ကျီးချောင်းကိုတူးဖော်ပါက သန်း ၂၃ သန်းကုန်မည် ဖြစ်ပါကြောင်း၊ သုံးနှစ်တစ်ကြိမ်လည်း သုံးစွဲရမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဖြည်‌့စွက်တွင် ထည်‌့မည်ဆိုပါက ရေရှည်ဖြေရှင်းမှုမျိုးသာ လုပ်ဆောင်သင်‌့ပါကြောင်း၊ နှစ်တိုင်း၊ သုံးနှစ် တစ်ကြိမ် သန်း ၃၅ သန်းနှင့် ၂၃ သန်း ကုန်ကျနေမည်မှာ သဘာဝမကျပါကြောင်း၊ ၎င်းအောက်တွင်လည်း တချို့က ကျောက်သားရှိနေပြီး တူးဖော်ရသည်မှာလည်းခက်ခဲပါကြောင်း၊ မြစ်ဝ၊ ချောင်းဝမှ ပေ ၆၀၀၊ ပေ ၁၀၀၀ တာရိုးတည်ဆောက်ပြီး ၎င်းတာရိုးတွင် လှိုင်းကာတန်းဆောက်လုပ်မည် ဖြစ်ပါကြောင်း၊ ၎င်းတွင် ငါးဖမ်းလှေများ၊ စက်လှေများကပ်မည် ဖြစ်ပါကြောင်း၊ မိမိတို့သွားရောက်ပြီး စစ်ဆေးရေးအဖွဲ့ဖြင့် လေ့လာ ပြီးတော့မှ ယခုလတ်တလောတွင် ဖြေရှင်းနိုင်သည့်အနေအထားမရှိပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ် RE တွင် ပါမည်ဆိုသည့်အတွက် ၎င်းမတိုင်ခင် ရေရှည်ဖြေရှင်းသည့် လုပ်ငန်းကိုဆောင်ရွက်ကြရန် မိမိ စီစဉ်နေ ပါကြောင်း၊ တာရိုး၊ ကာပေါင်တွင်သွားသည့်အခါ ရေစစ်ချိန်ဖြစ်ဖြစ်၊ ရေတက်ချိန်ဖြစ်ဖြစ် စက်ဘီး၊မော်တော် ဆိုင်ကယ်၊ ခြေလျင်၊ ထော်လာဂျီဖြင့်သွားပြီး လှိုင်းကာတန်းတွင် စက်လှေများ၊ ငါးဖမ်းလှေများ ထားရှိ ခြင်းအားဖြင်‌့ ဆိပ်ကမ်းလည်းရရှိသွားနိုင်သည့်အပြင် ရေရှည်‌ဖြေရှင်းမှုဖြစ်မည် ဖြစ်ပါကြောင်း၊ ပြည်သူ လူထု ကျေနပ်မှုရှိ/မရှိ၊ မိမိတို့က အမှန်တကယ်လုပ်နိုင်/မလုပ်နိုင် ရှိပါကြောင်း၊ ပိုက်ဆံတစ်ခါတည်း ပိုကုန်ကျကောင်း ကုန်ကျနိုင်ပါကြောင်း၊ သို့သော် ရေရှည်ဖြေရှင်းမှုမျိုးဖြစ်မည်ဟု ရှင်းလင်းဖြေကြားပါသည်။