ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၂၉) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၆.၃.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်)

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ကို၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့် ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃) ဦးအနက် ( ၃၈၀ ) ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က)    ကြယ်ပွင့်ပြမေးခွန်း (၆) ခုမေးမြန်းဖြေကြားခြင်း

         

(၁)     ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ စဉ့်ကိုင်မဲဆန္ဒနယ်မှ မေးမြန်းသော စဉ့်ကိုင်မြို့နယ်၊ ဆည်ရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ။မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉ ပညာသင် နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                  

(၂)     ဒေါက်တာဦးလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ မေးမြန်းသော မန္တလေးတက္ကသိုလ်အား အဆင့်မြင့်ပညာရပ်များသင်ကြားရာ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ ရပ်ဝန်းကောင်းတစ်ခုအဖြစ် စနစ်တကျ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မန္တလေးတက္ကသိုလ်ဘက်စုံ အဆင့်မြှင့်တင်ရေးကော်မတီကို ဖွဲ့စည်းပြီးစီမံကိန်းများ အဆင့်အဆင့်ရေးဆွဲ၍ မန္တလေးတက္ကသိုလ်အဆင့်မြှင့်တင်ခြင်းကို စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                  

(၃)     ဦးမင်းသိုင်း၊ ဘိုကလေးမဲဆန္ဒနယ်မှ မေးမြန်းသော ဧရာဝတီတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် တွဲဖက်အလယ်တန်း၊ တွဲဖက်အထက်တန်းကျောင်းများကို တရားဝင်ခွင့်ပြုထား သော်လည်း ကျေးရွာများရှိကျူရှင်များသည် တွဲဖက်ကျောင်းများတွင် တရားမဝင်သော ထပ်တွဲကျောင်းများ အဖြစ် ရှိနေကြသဖြင့် ထိုထပ်တွဲ တွဲဖက်ကျောင်းများကို ထိန်းသိမ်းကြပ်မတ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တရားဝင်အဆင့်ဆင့် မဆောင်ရွက်ဘဲ တွဲဖက်ဆောင်ရွက်ခြင်းများ ရှိမည်ဆိုလျှင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်း၊ ဥပဒေများအရ သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ အထူးကြပ်မတ် ဆောင်ရွက်ပေးပါမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                  

(၄)     ဦးပိုက်ကို၊ ပခုက္ကူမဲဆန္ဒနယ်မှ မေးမြန်းသော ပခုက္ကူ-ကြံခင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် လျော်ကြေးငွေ မရရှိသေးသော တောင်သူ (၂၂) ဦးအား လျော်ကြေးငွေပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦးက မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လျော်ကြေးတန်းဖိုး အတည်ပြုချက်အား (၁၃.၃.၂၀၁၈)ရက်နေ့တွင် ရရှိပြီးဖြစ်ပါသဖြင့် မြန်မာ့မီးရထား အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ ကြံခင်း-ပခုက္ကူ မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၊ မြေယာလျော်ကြေးခွင့်ပြု လက်ကျန်ငွေကျပ် (၃၇.၇၀၈) သန်းမှ ကျခံ၍ ကာယကံရှင်များထံ လျော်ကြေးငွေများအား ယခုဘဏ္ဍာရေးနှစ်အမီ ပေးချေသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                  

(၅)     ဦးနေကျော်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ မေးမြန်းသော ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ သံချက်ဝန်ဦးမြူ ရထားဖြတ်လမ်းကို ရထားလမ်းကူးဂိတ်ထားရှိကာ ပြန်လည်ဖွင့် လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦးက အဆိုပါ တရားမဝင် ကားလမ်းကူးဂိတ်အား ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                  

(၆)     ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်မှ မေးမြန်းသော စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုမှုကို ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျသက်သာစေပြီး ကမ်းပါးပြိုကာကွယ်မှုများ များစွာလုပ်ဆောင်နိုင်ရန်အတွက် တည်ဆောက်ရေးနည်းလမ်းကို ပြောင်းလဲလုပ်ဆောင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့်ရရှိနိုင်မည့် အကျိုးကျေးဇူးတို့အား ချင့်ချိန်တွက်ဆ၍ ဆောင်ရွက်ပေးရပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။

 

(ခ)     ဥပဒေကြမ်း (၁) ခုတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း၊ ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                  

(၁)     ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီးဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၀.၃.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ (၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

                  

(၂)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

         

(ဂ)     ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း

       ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီကအစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုကို ကိုယ်စားလှယ် (၃) ဦးမှ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။  အစည်းအဝေးကို နံနက် (၁၁) နာရီ (၄၀) မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ထပ်မံကြေညာမည်ဖြစ်ပါသည်။