(စ)-စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုမှုကို ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျသက်သာစေပြီး ကမ်းပါးပြိုကာကွယ်မှုများ များစွာ လုပ်ဆောင်နိုင်ရန်အတွက် တည် ဆောက်ရေး နည်းလမ်းကို ပြောင်းလဲရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၆.၃.၂၀၁၈)

မိမိမဲဆန္ဒနယ်တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း၏ ရေတိုက်စားမှုများကြောင့် မြစ်ကြောင်းနှင့်ချောင်း တစ်လျှောက်ရှိ ကမ်းပါးများပြိုကျခဲ့ပြီး နေရာအတော်များများတွင်ရှိသည့် လူနေအိမ်များသည် ပြောင်းရွှေ့ နေရသည့်အတွက် ထပ်မံပြိုကျပါက ပြေးစရာမြေမရှိပါကြောင်း၊ ကမ်းပါးတစ်လျှောက်ရှိ လမ်းများတွင် လည်း ဆိုင်ကယ်၊ ကားများနှင့် အသည်းတအေးအေးသွားလာနေရမှုများကို ကိုယ်တိုင်လည်းကြုံတွေ့ နေရပါကြောင်း၊

ကမ်းပါးပြိုကာကွယ်ရေးအတွက် အောင်းကြီးကျေးရွာတွင် နှစ်တန်းသွားမျောတိုင်တန်းသဲအိတ်ပြည့် အရှည်ထိန်းရေကာတာနည်း ဘိုလာမက်ထရစ်စနစ်ဖြင့် အရှည် ၆၅၀ ပေကို သိန်း ၇၀၀ ခန့်ကုန်ကျပြီး တည်ဆောက်ခဲ့ရာ တစ်နှစ်ကျော်အကြာတွင် ရေကာဆိုက်ထားသည့်နေရာတွင် ကမ်းပါးပြိုမှုများ ထပ်မံ ဖြစ်ပေါ်လာပါကြောင်း၊ ချောင်းကြိုးနှင့် လှေဆွဲမြောင်းကမ်းပါးပြိုကာကွယ်ရေးကို နှစ်တန်းသွားမျောတိုင် တန်း အရှည်ထိန်းရေကာနည်းစနစ်ဖြင့် ပေ ၃၅၀၀ အတွက် သိန်း ၃၀၀ အကုန်အကျခံတည်ဆောက် ထားပြီး လက်ရှိတွင် ကျောင်းစုကျေးရွာ ကမ်းပါးပြိုကာကွယ်ရေးအတွက် နှစ်တန်းသွား မျောတိုင်သွား ၁၃၀ ပေ ၁၀ ခု၊ ၁၁ ခု စုစုပေါင်း အရှည် ၁၄၃၀ နှင့် သုံးတန်းသွား မျောတိုင်သွား ၈၂၀ ပေကို ကုန်ကျငွေ ၂၁၅ သိန်း၊ လေးအိမ်စုကျေးရွာ နှစ်တန်းသွားမျောတိုင်တန်း ရေလွှဲရေကာ ၃၀ ပေ  ၁၀ ခုနှင့် အရှည်ထိန်း ရေကာ ၁၅၀ ပေ ၁၀ ခုစုစုပေါင်းအရှည် ၁၈၀၀ ပေအတွက် ကုန်ကျငွေ ၁၇၂ သိန်းဖြင့် တည်ဆောက် လျက်ရှိပါကြောင်း၊ အောင်းကြီးကျေးရွာရှိ ကျန်အပိုင်းနှင့် ဇီးဖြူကန်အောက်ပိုင်းတို့တွင်လည်း  ကမ်းပါးပြို ကာကွယ်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဒေသခံပြည်သူများ စိုးရိမ်ထိတ် လန့်နေရသည့် ကမ်းပါးပြိုမှုကာကွယ်ရေးများ ပြုလုပ်ပေးထားသည်ကိုလည်း ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

ပြည်သူ့ဘဏ္ဍာများဖြင့်ပြုလုပ်ရသည့် ကမ်းပါးပြိုကာကွယ်ရေးများသည် တာရှည်ခံမည်ဆိုလျှင် ပြည်သူများ အတွက် အကျိုးရှိမည်ဖြစ်ပြီး ကုန်ရကျိုးလည်းနပ်မည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ယခင်က တည်ဆောက်ခဲ့သည့် ကမ်းပါးပြိုကာကွယ်ရေးတည်ဆောက်မှုများသည် အများဆုံး သုံးနှစ်၊ လေးနှစ်သာ ခံပြီး ယခုတည်ဆောက်ရေးများသည်လည်း တာရှည်ခံမည်မဟုတ်ပါကြောင်း၊ ကမ်းပါးပြိုမှုကြောင့် တချို့ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် ဝါးများကိုအသုံးပြုပြီး ကျေးရွာရှိ နားလည်တတ်ကျွမ်းသူများ ဦးဆောင်ပြီး ကမ်းပါးပြိုကာကွယ်ရေးများကို တည်ဆောက်ရာတွင် လက်ရှိအခြေအနေသည် ထိုဒေသများ ၌ ကမ်းပါးပြိုမှုများမရှိတော့ဘဲ သောင်များပြန်ထွန်းလာပါကြောင်း၊ ပေ ၁၅၀ ခန့်အတွက် အများဆုံး ကုန်ကျငွေသည် ၇၀၀၀၀ ခန့်ရှိသည့်အတွက် ထိရောက်မှု များစွာရှိပါကြောင်း၊ ယခုတည်ဆောက် ထားသည့် မဒမတိုင်များသည် အများဆုံးပေအရှည် ၂၀ သာရှိပြီး အလုံးသေးသဖြင့် ရေနက်ထဲ သိပ်မ ရောက်နိုင်ဘဲ ရေထဲလည်းကြာရှည်မခံပါကြောင်း၊ တုတ်ကပ်ရိုက်ပြီး သဲအိတ်ထည့်၍ အိမ်ရိုက်သံဖြင့်ထိန်း ထားသဖြင့် ရေစီးဒဏ်ကိုမခံနိုင်ခြင်းဖြစ်ပါကြောင်း၊ မဒမတိုင်များအစား အုန်းပင်၊ ထန်းပင်များကို အသုံးပြုခြင်းဖြင့် ၎င်းတို့၏ပေအရှည်သည် ၄၀ ခန့်ရှိပြီး မဒမထက်ပို၍ ရေနက်ထဲများစွာဝင်ကာ ကြာရှည် လည်းခံပါကြောင်း၊ တိုင်စိုက်ပြီးချိန်တွင် အိတ်များကာပြီး သဲအိတ်၊ ကျောက်အိတ်များထည့်ခြင်းဖြင့် တည် ဆောက်၍ရပါကြောင်း၊ မိမိမဲဆန္ဒနယ်တွင် အုန်းပင်၊ ထန်းပင်များသည် လွယ်ကူစွာရရှိနိုင်ပြီး တိုင်အကွာ များကိုလည်း ကျဲကျဲအသုံးပြု၍ရသဖြင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ပေအရှည်များများကိုလည်း တည် ဆောက်၍ရပြီး ကမ်းပါးပြိုကာကွယ်ရေးအတွက် များစွာထိရောက်မှုရှိပါကြောင်း၊ ထိုနည်းများအတိုင်း ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းကမ်းပါးပြိုလုပ်ငန်းတွင် သုံးခဲ့ပြီးဖြစ်ပါကြောင်း၊

ခေတ်မီနောက်ဆုံးနည်းစနစ်ကို သုံးစွဲပါက များစွာကုန်ကျမည်ဖြစ်သည့်အတွက် ပြည်သူ့ဘဏ္ဍာငွေဖြင့် ကမ်းပါးပြိုကာကွယ်ရေးပြုလုပ်ရာတွင် ငွေကုန်သလောက် အကျိုးသက်ရောက်မှုရှိစေရေး၊ စရိတ် သက်သာပြီး တာရှည်ခံရေးနှင့် မြစ်ကြောင်းတစ်လျှောက်ရှိ ကမ်းပါးပြိုဒဏ်ကို ခံနေရသည့်ကျေးရွာများ အားလုံး ကာကွယ်မှုပြုနိုင်ရေးတို့အတွက် ဖော်ပြပါနည်းစနစ်မျိုးကို ပြောင်းလဲလုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကမ်းပြိုသည့်နေရာအခြေအနေအား ကွင်းဆင်း တိုင်းတာစစ်ဆေးပြီး တွေ့ရှိရသော ရေလမ်းအခြေအနေ၊ ကမ်းပါးအခြေအနေ၊ မြေသားအခြေအနေ များပေါ်မူတည်၍ သွယ်ဝိုက်ကာကွယ်ခြင်းနည်းလမ်းနှင့် တိုက်ရိုက်ကာကွယ်ခြင်းနည်းလမ်းဟူ၍ နည်းလမ်း(၂)မျိုးဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ သွယ်ဝိုက်ကာကွယ်ခြင်းနည်းလမ်းသည် ကမ်းပြိုမှုဖြစ်ပွား ရာနေရာတစ်လျှောက် ကပ်လျက်စီးဆင်းနေသော ရေလမ်းကြောင်းကို ကမ်းမှကင်းကွာသွားစေရန် ရေလွှဲ၊ ရေကာများ တည်ဆောက်ပြီး ရေအရှိန်ကိုဟန့်တားစေကာ အနည်အနှစ်များကို ဖမ်းယူစေခြင်းဖြင့် သောင်များကို ပြန်လည်ဖြစ်ထွန်းစေသောနည်းလမ်းဖြစ်ပါကြောင်း၊

တိုက်ရိုက်ကာကွယ်ခြင်းနည်းလမ်းသည် ကမ်းပြိုမှုဖြစ်ပွားသည့် ကမ်းပါးတစ်လျှောက်တွင် ကမ်းထိန်း နံရံများ၊ ကမ်းထိန်းဂရစ်တန်းများတည်ဆောက်၍ ကာကွယ်ပေးသည့်နည်းစနစ်ဖြစ်ပါကြောင်း၊ တိုက်ရိုက် ကာကွယ်ရာတွင် အခိုင်အမာကာကွယ်နည်းနှင့် ယာယီအဆင့်မြှင့်ကာကွယ်နည်းအသုံးပြု၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကမ်းထိန်းနံရံများကဲ့သို့ အခိုင်အမာကာကွယ်နည်းများဖြင့် ဆောင်ရွက်ခြင်း၏ အားသာချက်များမှာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း၊ ခန့်ညားလှပမှုကို ဖော်ဆောင်နိုင်ခြင်း စသည်တို့ဖြစ်ပြီး အားနည်းချက်များမှာ ကနဦးလုပ်ငန်းကုန်ကျစရိတ်မြင့်မားခြင်းနှင့် ပြုပြင်ထိန်းသိမ်း စရိတ်ကြီးမြင့်ခြင်းတို့ ဖြစ်ပါကြောင်း၊

ကမ်းထိန်းဂရစ်တန်းကဲ့သို့ ယာယီအဆင့်မြှင့်ကာကွယ်နည်းများ၏ အားသာချက်များမှာ ကနဦးလုပ်ငန်း ကုန်ကျစရိတ်နည်းပါးခြင်း၊ ဒေသထွက်ပစ္စည်းများ အသုံးပြုနိုင်ခြင်း၊ ကမ်းပြိုမှုဖြစ်ပေါ်ခဲ့သော နေရာအား သဘာဝအတိုင်း သဲနုန်းပြန်လည်ပို့ချမှုကောင်းမွန်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း စသည် တို့ဖြစ်ပြီး့ အားနည်းချက်များက ရေရှည်ခိုင်ခံ့မှုအားနည်းခြင်း၊ ရေနက်ကြောင်း ကပ်၍ စီးဆင်းမှုရှိသော နေရာများတွင်ဆောင်ရွက်ရန် ခက်ခဲခြင်း၊ ရေနက်ပိုင်းများတွင် တည်ဆောက်ရန်အတွက် အကန့်အသတ် များရှိခြင်းနှင့် စောင့်ကြည့်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဝါးဂရစ်များကို အသုံးပြုပြီး ကမ်းပြိုကမ်းပါးတစ်လျှောက် တိုက်ရိုက်ကာကွယ်ခဲ့ရာတွင် ထိရောက်သည့် အကျိုးသက်ရောက်မှုများရရှိခဲ့သည့် ဥပမာအချို့မှာ ၂၀၁၀-၁၁ ခုနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် ထားခြင်း၊ ၂၀၁၃-၁၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လက်ပံတန်း မြို့နယ်၊ လှည်းလမ်းဆိပ်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားခြင်းတို့ ဖြစ်ပါကြောင်း၊

စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုကျမှုများနှင့်ပတ်သက်၍ စစ်တောင်း မြစ်အတွင်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လုပ်ငန်းငါးနေရာအား ဝါးကရစ်ကမ်းပါးထိန်းအပြင် တန်ဖိုးသက်သာသည့် မျောကရစ်တန်းများ ပိုမိုခိုင်မာစေရန် မျောကရစ်တန်းများအတွင်း ကျောက်ကြီးဖြည့်ကမ်းပါးထိန်းလုပ်ငန်းများ၊ မျောတိုင်တန်း ရေကာတိုများ ဆောင်ရွက်ပေးခဲ့မှုကြောင့် ကမ်းပြိုသည့်နေရာများတွင် သဲနုန်း အနည်ပို့ချမှုများဖြစ်ပေါ် ခဲ့သဖြင့် စစ်တောင်းမြစ်အထက်ပိုင်း ကမ်းပါးပြိုနေရာများအတွက် ကုန်ကျစရိတ်အထိုက်အလျောက် သက်သာသည့် ဝါးဂရစ်တန်းနှင့် မျောဂရစ်တန်းများအသုံးပြုသည့် ယာယီအဆင့်မြှင့်ကာကွယ်ရေး နည်းလမ်းက သင့်လျော်မှုရှိပါကြောင်း၊

၂၀၁၆-၁၇ ခုနှစ်တွင် စစ်တောင်းမြစ်အတွင်း မျောဂရစ်များ အသုံးပြုဆောင်ရွက်ခဲ့သည့် လုပ်ငန်းဥပမာ (၂) ခု မှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တောင်ငူမြို့နယ်၊ ပြသောင်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားခြင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ပင် အုတ်တွင်းမြို့နယ်၊ အောင်းကြီးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထား ခြင်းတို့ ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မီးဘေးနှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရန်ပုံငွေစုစုပေါင်းကျပ် ၂၁.၅ သန်းဖြင့် အုတ်တွင်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ ခပေါင်းချောင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၇-၁၈ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးရန်ပုံငွေမှပင် စုစုပေါင်းကျပ် ၁၄၅.၇ သန်းဖြင့် ခပေါင်းချောင်းအတွင်း ရေတာရှည် မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် မျောတိုင်တန်းများဖြင့် သွယ်ဝိုက်ကာကွယ်ခြင်းနည်းလမ်းကို အသုံးပြုသည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း(၅)ခု ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော လုပ်ငန်းဥပမာ (၂)ခုမှာ အုတ်တွင်းမြို့နယ်၊ လေးအိမ်စုကျေးရွာ (စစ်တောင်းမြစ်)ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားခြင်းနှင့် ကျောက်ကြီးမြို့နယ်၊ ခုံပြောင်ကျေးရွာ (စစ်တောင်းမြစ်) ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ထားခြင်းတို့ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဝါးများအသုံးပြု၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ် သက်သာခြင်း၊ ဒေသထွက်ပစ္စည်းများဖြင့် တစ်နိုင်တစ်ပိုင်ဆောင်ရွက်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ အကျိုးဖြစ်ထွန်းနိုင်ခြင်းစသည့် အကျိုးသက်ရောက်မှုများရရှိနိုင်သည် မှန်သော်လည်း ကမ်းပြိုသည့်နေရာတိုင်းတွင် ဆောင်ရွက်၍မရနိုင်ခြင်း၊ ချောင်းငယ်များအတွင်း၌သာ ဆောင်ရွက်ရန် ပိုမို သင့်လျော်ခြင်း၊ ရေနက်ပိုင်းများနှင့် ဆက်စပ်နေသည့်နေရာများတွင် ဆောင်ရွက်ရန် အကန့်အသတ်များ ရှိခြင်းစသည့် အားနည်းချက်များလည်း ယှဉ်တွဲနေပါသဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကုန်ကျစရိတ်နှင့်ရရှိနိုင်မည့် အကျိုးကျေးဇူးတို့အား ချင်‌့ချိန်တွက်ဆ၍ ဆောင်ရွက်ပေးရပါကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ချိုချို(အုတ်တွင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အဆိုပါကမ်းပြိုကာကွယ်ရေးအတွက် မဒမတိုင်များအစား အုန်းပင်၊ ထန်းပင်များကို အသုံးပြုခြင်းအားဖြင့် ရရှိသောအကျိုးကျေးဇူးများစွာ ရှိပါကြောင်း၊ ထန်းပင်၊ အုန်းပင်များကိုအသုံးပြုပြီး ကမ်းပြိုကာကွယ်ရေးကို လုပ်ဆောင်ရာတွင် မဒမတိုင်များ အသုံးပြုခြင်းထက် အကုန်အကျသက်သာပြီး တိုင်ကျဲကျဲ စိုက်ထုတ် နိုင်ပါကြောင်း၊ ရေနက်ထဲကိုလည်း မြောက်မြားစွာဝင်နိုင်သည့်အတွက် နှစ်ပေါင်းများစွာရေထဲတွင်လည်း တာရှည်ခံသည့်အတွက် အုန်းပင်၊ ထန်းပင်များဖြင့် လုပ်ဆောင်လိုက်သည့် ကမ်းပါးပြိုကာကွယ်ရေး များသည် မဒမတိုင်များဖြင့် လုပ်ဆောင်သည့်ကမ်းပြိုကာကွယ်ရေးများထက် ပြည်သူများအတွက် များစွာ အကျိုးသက်ရောက်မှုရှိသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြလာသည့်ကိစ္စနှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။