(ဃ)-ပခုက္ကူ- ကြံခင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် လျော်ကြေးငွေ မရရှိသေးသော တောင်သူ (၂၂)ဦးအား လျော်ကြေးငွေ ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၆.၃.၂၀၁၈)

ပခုက္ကူ-ကြံခင်းမီးရထားလမ်းဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် လျော်ကြေးငွေမရရှိသေးသော တောင်သူ (၂၂)ဦးအား လျော်ကြေးငွေပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပခုက္ကူ-ကြံခင်းမီးရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့်ကျေးရွာများအနက် ကံလှ ကျေးရွာနေ ဦးစည်ဦးအပါအဝင် တောင်သူ ၂၂ ဦး၏ ယာမြေဧက ၁၇.၆၃ ၏ လျော်ကြေးငွေ နှင့်စပ်လျဉ်းသည့်မေးခွန်းအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ရာ ဝန်ကြီးဌာနက စာအမှတ် (ရထ ၂/လမ (လွှတ်တော်အမေးအဖြေ) ၂၀၁၆-၁၄၀၈ ဖြင်‌့ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှ ကာလပေါက်ဈေးနှင့်အညီ လျော်ကြေးတွက်ချက်ပြီး ပခုက္ကူခရိုင် နှင့် မကွေးတိုင်းဒေသကြီး၊ လယ်ယာမြေနှင့် အခြားများသိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေး ကော်မတီသို့ အဆင်‌့ဆင့်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် လျာထား တောင်းခံသွားမည်ဟု ပြန်ကြားခဲ့ပါကြောင်း၊

မိမိတို့ပြည်သူ့အစိုးရလက်ထက်တွင် နစ်နာနေသောတောင်သူများ၏ သိမ်းဆည်းခံလယ်ယာ မြေများနှင့်ပတ်သက်၍ အလေးထားပြီးပြန်လည် စိစစ်ရန်အတွက် ဗဟိုကော်မတီကို ဒုတိယ သမ္မတက ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ လွှတ်တော်များကလည်း အဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်နေသည်ကို ပြည်သူများက သိရှိပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း အထက်တင်ပြပါ မေးခွန်းအရ တင်ပြခဲ့သော်လည်း ယခုအခါ တစ်နှစ်ခွဲခန့်ကြာသည်အထိ လျော်ကြေးငွေမရရှိသေးသဖြင့် နစ်နာနေသော တောင်သူများမှ ထပ်မံတင်ပြလာသောကြောင့် ပခုက္ကူ-ကြံခင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် လျော်ကြေးငွေမရရှိသေးသော တောင်သူ (၂၂) ဦးအား လျော်ကြေးငွေပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

ကြံခင်း-ပခုက္ကူရထားလမ်းဖောက်လုပ်ရာတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကံလှကျေးရွာ အုပ်စုမှပါဝင်သွားသော ယာမြေများအား မြန်မာ့မီးရထား၊ ပခုက္ကူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် သက်ဆိုင်ရာဒေသခံများပူးပေါင်း၍ ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ကံလှကျေးရွာအုပ်စုမှ တောင်သူ ၂၂ ဦး၏ သိမ်းဆည်းမြေ ဧရိယာ ၁၇.၆၃ ဧကဖြစ်ကြောင်း ပခုက္ကူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အတည်ပြုပေးထားပြီးဖြစ်ပါကြောင်း၊

အဆိုပါသိမ်းဆည်းမြေ ၁၇.၆၃ ဧကအတွက် မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေ များသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ လျော်ကြေးတန်ဖိုး အတည်ပြုချက် ဆောလျင်စွာ ရရှိရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ အင်ဂျင်နီယာမှူး (မြို့ပြ)၊ တိုင်းအမှတ် (၁၀) ပခုက္ကူအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလနှင့် ဇွန်လတို့တွင် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ ညှိနှိုင်းစာ နှစ်ကြိမ်ပေးပို့ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလနှင့် နိုဝင်ဘာလတို့တွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညှိနှိုင်းစာနှစ်ကြိမ် တင်ပြခဲ့ပါကြောင်း၊ ယခု ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပခုက္ကူမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံ ထပ်မံညှိနှိုင်းခဲ့ရာ ပခုက္ကူမြို့နယ်မှ ပခုက္ကူ ခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဆက်လက်တင်ပြထားပါကြောင်း၊

ပခုက္ကူခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ မှ လျော်ကြေးတန်ဖိုးများ စိစစ်အတည်ပြုချက်ရရှိရန်အတွက် မြန်မာ့မီးရထားအနေဖြင့် လိုအပ်သော အထောက်အထားများကိုလည်း ပံ့ပိုးပေးထားပြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှလည်း လျော်ကြေးပေးချေနိုင်ရေးအတွက် နစ်နာကြေးနှင့် လျော်ကြေးပေးဆောင်ရန် တွက်ချက်မှုပုံစံ (၁၂)ဖြင့် ဥက္ကဋ္ဌ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ နေပြည်တော်သို့  ၂၂-၂-၂၀၁၈ ရက်နေ့တွင်တင်ပြခဲ့ရာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လျော်ကြေးတန်ဖိုး အတည်ပြုချက်အား ၆-၃-၂၀၁၈ ရက်နေ့တွင် ပြန်ကြားထားပြီးဖြစ်ပါကြောင်း၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း သိမ်းဆည်းမြေများအတွက် ယခင်ပေးချေခဲ့သော ယာမြေ (၁) ဧက လျော်ကြေးနှုန်းထားသည် ငွေကျပ် ၁.၅ သန်းဖြစ်ပြီး ယခုတင်ပြထားသော ကံလှကျေးရွာအုပ်စုမှ တောင်သူ ၂၂ ဦး၏ သိမ်းဆည်းမြေ ၁၇.၆၃ ဧကအတွက် မြေလျော်ကြေးတန်ဖိုးငွေကျပ် ၂၆.၄၄၅ သန်းခန့်ပေးချေရမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လျော်ကြေးတန်ဖိုး အတည်ပြုချက်အား ၁၃-၃-၂၀၁၈ ရက်နေ့တွင်ရရှိပြီးဖြစ်ပါသဖြင့် မြန်မာ့ မီးရထားအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ကြံခင်း-ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း၊ မြေယာ လျော်ကြေးခွင့်ပြု လက်ကျန်ငွေကျပ် ၃၇.၇၀၈ သန်းမှကျခံ၍ ကာယကံရှင်များထံ လျော်ကြေးငွေများအား ယခုဘဏ္ဍာရေးနှစ်အမီ ပေးချေသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးပိုက်ကို (ပခုက္ကူ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပခုက္ကူ-ကြံခင်းမီးရထားလမ်းတွင်ပါဝင်သည့် ကျေးရွာများအနက် ကံလှကျေးရွာအပြင် ထပ်မံတင်ပြထားသည့် အောက်ပါကျေးရွာများလည်း ရှိပါကြောင်း၊ လူဦးရေ ၁၁၈ ဦး၊ မြေဧက ၉၀.၉၈ ဧကအတွက် မြင်းကြိုင်ကျေးရွာမှ ၁၁ ဦး  ၈.၈ ဧက ၊ မြို့ကင်းသာ ကွန်ပျူတာကျောင်း ဆောက်လုပ်ရန်အတွက် ၆ ဦး ၇.၉၄ ဧက၊ လယ်ရွာကျေးရွာ ၁၄ ဦး ၁၁.၀၄ ဧက၊ ချောက်ကံ ကျေးရွာ ၃၇ ဦး ၂၄.၉၃ ဧက၊ မြစ်ခြေကျေးရွာ ဘူတာဆောက်လုပ်ရန်အတွက် ၃ ဦး ၅.၂၅ ဧက၊ အနောက်ချောက်ကံ ၁ ဦး ဝ.၉၉ ဧက၊ ညောင်လှတောင်သူ ၁၃ ဦး ၇.၂၅ ဧက၊ မြစ်ခြေအုပ်စု ၃၃ ဦး ၂၄.၇၈ ဧကကို ထပ်မံတင်ပြထားပါကြောင်း၊ ၎င်းအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး

ပထမတင်ပြသော မေးခွန်းတွင် တောင်သူ ၂၂ ဦးလျော်ကြေးကိစ္စနှင့်ပတ်သက်၍သာ ပါရှိသည့်အတွက် စိစစ်တင်ပြပြီးဖြစ်ပါကြောင်း၊ ယခုဆက်စပ်မေးခွန်းနှင့် ပတ်သက်ပြီး ပြန်လည် စိစစ်ပြီးတင်ပြမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။