ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ်ဘူတာနှင့် တိုးချောင်လေးဘူတာတို့ ဆက်သွယ်ထားသော မီးရထားလမ်းသည် မင်းရဲကျော်စွာလမ်းနှင့် သံချက်ဝန်ဦးမြူလမ်းတို့ကို ဖြတ်ပြီးဖော်လုပ်ထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းမကြီး နှစ်ခုအနက် မင်းရဲကျော်စွာလမ်းမကြီးပေါ်တွင် ကား၊ ရထားလမ်းကူးဂိတ်ထားရှိပြီး သံချက်ဝန်ဦးမြူလမ်းပေါ်တွင် ကား၊ ရထားလမ်းကူးဂိတ် မထားရှိသဖြင့် ၁၂-၅-၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် ရထားနှင့်ကားတိုက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ပါကြောင်း၊ ထိုကဲ့သို့ ရထားနှင့်ကားတိုက်မှုများ ထပ်မံမဖြစ်စေရန် သံချက်ဝန်ဦးမြူ ကားလမ်းပေါ်တွင် သံပေါင်ကြီးများနှင့်တားဆီးပြီး ကားသွားလာခွင့်ကို ပိတ်ထားခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါကြောင်း၊ သို့သော် ဖြစ်သင့်သည်မှာ ရှိပြီးသားလမ်းမကြီးကို ပိတ်ပစ်ရန်မလိုဘဲ အဆိုပါနေရာတွင် ကား၊ ရထားလမ်းကူးဂိတ်ထားရှိခြင်းမျိုးသာ အမှန်တကယ်လုပ်ဆောင်သင့်ပါကြောင်း။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများဖြစ်သော မင်းရဲကျော်စွာနှင့် သံချက်ဝန်ဦးမြူလမ်းတို့သည် မြို့နယ်၏မီးသတ်၊ ဆေးရုံး၊ တရားရုံး၊ ဌာနဆိုင်ရာရုံးများနှင့် စက်ရုံ၊ အလုပ်ရုံများကိုသွားလာရာတွင် မြန်ဆန်လွယ်ကူစွာ သွားလာနိုင်သည့် လမ်းမများဖြစ်ပါကြောင်း၊ မကြာသေးမီက မင်းရဲကျော်စွာလမ်းမကြီးကို အဆင့်မြှင့်တင်ပြင်ဆင်ရန်အတွက် လမ်းခေတ္တပိတ်ထားချိန်တွင် လမ်းလွဲအဖြစ် အသုံးပြုနိုင်မည့် သံချက်ဝန်ဦးမြူရထားဖြတ် ကားလမ်းကို ပြန်လည်ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တင်ပြတောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပါကြောင်း၊ ၂၃-၁-၂၀၁၈ ရက်နေ့တွင် မင်းရဲကျော်စွာလမ်းမကြီး ပြန်ဖွင့်နိုင်ခဲ့သော်လည်း အကျယ် ၂၄ ပေရှိပြီး အရှည်ပေ ၈၀၀၀ ထောင်ကျော်ရှိသည့် သံချက်ဝန်ဦးမြူလမ်းကို ယနေ့တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း မရှိသေးပါကြောင်း၊
ရန်ကုန်မြို့တွင်း မြို့ပတ်လမ်းရထား လမ်းတစ်လျှောက်ရှိ ကား၊ ရထားလမ်းကူးဂိတ် ၂၅ ခုအတွက် ဂျပန်နည်းပညာဖြင့် အလိုအလျောက် အဖွင့်/အပိတ်စနစ် (Automatic Level Crossing) တပ်ဆင်မည်ဟု မြန်မာ့မီးရထားထံမှ သိရပါကြောင်း၊ ယခုလိုအခြေအနေ ရှိနေချိန်တွင် သံချက်ဝန်ဦးမြူ ရထားဖြတ်လမ်းကို ပြန်လည်ဖွင့်လှစ်ပေးရန် အချိန်တန်နေပြီဟု တင်ပြလိုပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့် မြို့သစ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသောအားဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၏ သံချက်ဝန်ဦးမြူ လမ်းမကြီးအတွက် ကား၊ ရထားလမ်းကူးဂိတ် ထားရှိပြီး လမ်းပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက ၎င်းလမ်းကို မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၁၁၈ ရပ်ကွက်၊ စက်မှုဇုန်သံချက်ဝန်ဦးမြူလမ်းရှိ လမ်းကူးတွင် ဒဂုံတက္ကသိုလ် လမ်းပိုင်း မိုင်တိုင်အမှတ် (၁၀)၊ ကြေးနန်းခန်းအမှတ် (၈) နှင့် (၉) ကြားတွင်ရှိပြီး တရားမဝင်ကားလမ်း ကူးဖြစ်ပါကြောင်း၊ တရားဝင်ကားလမ်းကူးဖြစ်သော မင်းရဲကျော်စွာ ကားလမ်းကူးတွင် မိုင်တိုင်အမှတ် (၁၀)၊ ကြေးနန်းခန်းအမှတ် (၁၁) နှင့် (၁၂) ကြားတွင်ရှိပါကြောင်း၊ မြန်မာ့မီးရထားအထွေထွေ နည်းဥပဒေအပိုဒ် (၁၀) အပိုဒ်ခွဲ (ခ) (၂) အရ တစ်မိုင်အတွင်း ကားလမ်းကူး (Level Crossing) နှစ်ခုမရှိရန် ပြဋ္ဌာန်းထားပြီး ပြန်လည်ဖွင့်လှစ်ရန် တောင်းခံထားသည့် တရားမဝင်ကားလမ်းကူးတွင် မင်းရဲကျော်စွာလမ်း တရားဝင်ကားလမ်းကူးမှ ပေ ၆၆၀ အကွာတွင် ရှိနေပြီး မင်းရဲကျော်စွာလမ်းမှတစ်ဆင့် ဖော်ပြပါနေရာများသို့ ငါးမိနစ်အတွင်း သွားလာနိုင်သော လမ်းသွယ်များ ရှိနေပါကြောင်း၊ တရားဝင်နှင့်တရားမဝင် လမ်းကူးများတွင် ရထားနှင့်အခြား ယာဉ်တိုက်မိမှုများ မကြာခဏဖြစ်ပွားနေသဖြင့် ၎င်းမတော်တဆမှုများ လျော့နည်းစေရေးအတွက် တရားမဝင်လမ်းကူးဖြစ်သည့် ဦးမြူကားလမ်းကူးအား ပြန်လည်ဖွင့်လှစ်ပေးရန် ခွင့်မပြုသင့်ပါကြောင်း၊ ဆက်လက်ပြီးတင်ပြလိုသည်မှာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့နယ်/ကျေးရွာဒေသ အစီအစဉ်ဖြင့် ဖောက်လုပ်ထားသော ရထားလမ်းနှင့် ကားလမ်းကူး (Level Crossing) တွင် တရားမဝင်ဂိတ် ၂၄၈၅ ဂိတ်ရှိပါကြောင်း၊ ၎င်းအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်ကားလမ်းကူးဂိတ် ၆၆ ဂိတ်ရှိပါကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် ရထားနှင့်အခြားယာဉ်များ တိုက်မိသည့် မတော်တဆမှုများ လျော့နည်း စေရေးအတွက် ရထားလမ်းနှင့်ကားလမ်းကူး (Level Crossing) တရားမဝင်ဂိတ်များ ပိတ်သိမ်းနိုင်ရေး အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ လိုအပ်သည်များ စီစဉ်ညွှန်ကြား ပေးနိုင်ပါရန် နိုင်ငံတော်သမ္မတရုံးသို့တင်ပြခဲ့ရာ ဆက်လက်ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ပြည်ထောင်စု အစိုးရရုံးအဖွဲ့ကလည်း ရထားလမ်းနှင့်ကားလမ်းကူး (Level Crossing) တရားမဝင်ဂိတ်များ ပိတ်သိမ်း နိုင်ရေးအတွက် သိရှိဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များသို့ ၁၈-၁-၂၀၁၈ ရက်နေ့တွင် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်တိုင်အမှတ်(၁၀)၊ ကြေးနန်းခန်းအမှတ် (၈) နှင့် (၉) ကြားတွင်ရှိသော တရားမဝင် ကားလမ်းကူးသည် နိုင်ငံတော်သမ္မတရုံးသို့ ပိတ်သိမ်းရန်တင်ပြထားသည့် တရားမဝင်ကားလမ်းကူး ဂိတ်များတွင်ပါဝင်ပြီး ဖြစ်ပါသဖြင့် အဆိုပါတရားမဝင်ကားလမ်းကူး ဂိတ်အားဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
