မန္တလေးတက္ကသိုလ်ကို ၁၉၂၁ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံအဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မန္တလေးဦးပစာ ကောလိပ်အဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဝိဇ္ဇာ၊ သိပ္ပံ၊ ဆေးပညာ၊ စိုက်ပျိုးရေးနှင့် မကွေးကောလိပ်တို့ပါဝင်သည့် မဟာဌာနကြီးလေးခုဖြင့် ဖွဲ့စည်းသည့် မန္တလေးတက္ကသိုလ်ကို စတင်ထူထောင်ခဲ့ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် အချိန်တွင် မန္တလေးတက္ကသိုလ်၏ သက်တမ်းသည် နှစ် ၁၀၀ နီးပါးနှင့် မန္တလေးတက္ကသိုလ်အဖြစ် ထူထောင်ခဲ့သည့်နှစ် ၆၀ သက်တမ်းရှိပြီးဖြစ်ပါသဖြင့် တက္ကသိုလ်များတွင် သင်ကြားရေးနှင့် ကျောင်းသား/သူ အဆောင်များအပါအဝင် အဆောက်အဦအများစုက အနည်းဆုံးအနှစ် ၄၀ မှ အနှစ် ၁၀၀ သက်တမ်းရှိသည့် တစ်ထပ်အဆောက်အဦများသာ ဖြစ်ပါကြောင်း၊ မန္တလေးတက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်ပြီးလျှင် သက်တမ်းအရင့်ဆုံးနှင့် ပညာရှင်ပေါင်းမြောက်မြားစွာ မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပါကြောင်း၊ ယခုလိုဆယ်စုနှစ်ပေါင်း မြောက်မြားစွာအတွင်း ဘွဲ့ကြိုတန်းများ မဖွင့်လှစ်နိုင်ဘဲ ပိတ်ထားခဲ့ရသည့်ကာလ တစ်လျှောက်တွင် စာသင်ဆောင်အများစုသည် ပျက်စီးခြင်းများစွာ ဖြစ်ခဲ့ရပါကြောင်း၊
မန္တလေးတက္ကသိုလ်သည် ယနေ့အချိန်မှာဆိုလျှင် ဘာသာရပ်ပေါင်း ၂၅ ခု၊ ဘွဲ့ကြိုတန်းတွင် ပါရဂူတန်းအထိ သင်တန်းပေါင်း ၂၀၆ တန်း၊ ဒီပလိုမာတန်းပေါင်း ၁၂ ခု၊ သုတေသနလုပ်ငန်း အမြောက်အမြား၊ ကျောင်းသားပေါင်းထောင်ချီပြီး လေ့ကျင့်သင်ကြားမွေးထုတ်ပေးနေသည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာအဆောက်အဦးများ ပညာသင်ကြားရာ၊ သုတေသနလုပ်ရာ ရပ်ဝန်းကြီးတစ်ခုလုံး၏ အဆောက်အဦများသည် အဘက်ဘက်က နိမ့်ကျပျက်စီးလျက်ရှိပါကြောင်း၊ တချို့သော ပညာသင်ကြားရာရပ်ဝန်းနှင့် ထက်ဝက်သော အဆောက်အဦများက တက္ကသိုလ်တစ်ခု၏ အဆင့်အတန်းနှင့် သင့်လျော်ခြင်းမရှိသည့်အတွက် အန္တရာယ်ရှိ အဆောက်အဦများအဖြစ် ကျရောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ တိုးတက်လာသော ခေတ်နှင့်အညီ မန္တလေးတက္ကသိုလ် ဘက်စုံအဆင့်မြှင့်တင်ရေး ကော်မတီဖွဲ့ပြီး မြေတန်ဖိုးမြင့်မားလာသည့် မန္တလေးတက္ကသိုလ်မြေကို Master Plan ချပြီး စနစ်တကျ ပြုပြင်ပြောင်းလဲ ရန် လိုအပ်လျက်ရှိပါကြောင်း၊ မန္တလေးတက္ကသိုလ်တွင် ယခုအခါ နိုင်ငံတကာတက္ကသိုလ်များနှင့် သဘောတူနားလည်မှု စာချုပ်များရေးထိုးလျက် သင်ကြားရေး၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် နေပြီဖြစ်ပါသောကြောင့် နိုင်ငံတကာက ကျောင်းသားများကလည်း လာရောက်ပညာသင်ကြား နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးစီမံဆောင်ရွက် ပေးရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ မန္တလေးတက္ကသိုလ်မြေပုံကို ကြည့်မည်ဆိုပါက မန္တလေးတက္ကသိုလ် ဝန်ထမ်းများနှင့် ဆရာ/မများနေသည့်အိမ်၊ ထို့အတူ သင်ကြားရေးဇုန်သည် လူနေသည့်အဆောက်အဦထက် သုံးပုံတစ်ပုံသာ ရှိပါကြောင်း၊ သင်ကြားရေးဇုန်အတွင်းရှိ အဆောက်အဦများမှာ တော်တော်ပျက်စီးနေပါကြောင်း၊ သင်ကြားရေးဇုန်ဝန်းထဲမှာဆိုလျှင် ရှစ်လုံးရှိပါကြောင်း၊ ရှစ်လုံးရှိသည့်အထဲတွင် နှစ်လုံးသာသုံးနိုင်ပြီး ကျန်သည့်ခြောက်လုံးမှာ အသုံးပြုနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်သည့် မန္တလေးတက္ကသိုလ်ကို အဆင့်မြင့်ပညာရပ်များ သင်ကြားရာ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ ရပ်ဝန်းကောင်း တစ်ခုအဖြစ် စနစ်တကျ အဆင့်မြှင့်တင်ပေးရန်အတွက် ပညာရေးဝန်ကြီးဌာနက အမြန်ဆုံးစီမံ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးတက္ကသိုလ်၏ ဧရိယာအကျယ်အဝန်းသည် စုစုပေါင်း ၂၂၀.၅၃ ဧကရှိပြီး မန္တလေးတက္ကသိုလ်အတွင်းရှိ အဆောက်အဦများကို ၁၉၂၄ ခုနှစ်မှစ၍ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ကို သိရှိရပါကြောင်း၊ အချို့အဆောက်အဦများသည် သက်တမ်း နှစ် ၁၀၀ နီးပါးရှိနေပြီး သက်တမ်း ၅၅ နှစ်နှင့်အထက် နှစ်ထပ်အုတ်တိုက် စာသင်ဆောင်နှစ်ဆောင်၊ တစ်ထပ်ဆောင် အုတ်ညှပ်၊ နံကပ် ၄၁ ဆောင်အနက် နှစ် ၄၀ ခန့်ရှိသော အဆောင်ခြောက်ဆောင်၊ နှစ် ၅၀ ခန့်ရှိသောအဆောင် ၁၈ ဆောင်၊ နှစ် ၉၀ ခန့်ရှိသော အဆောင်နှစ်ဆောင်၊ နှစ် ၇၀ ခန့်ရှိသော အဆောင်ငါးဆောင်၊ ၅၈ နှစ်ခန့်ရှိသော အဆောင်တစ်ဆောင် (အင်းဝဆောင်)၊ ၅၅ နှစ်ရှိသော အဆောင်ကိုးဆောင် အစရှိသဖြင့် သက်တမ်းကြာမြင့်စွာ ရှိနေခြင်းကြောင့် သစ်သားတိုင်များပိုးစားခြင်း၊ မျက်နှာကြက်များ ပြုတ်ကျပျက်စီးခြင်း၊ ကြမ်းခင်းများကျွံကျခြင်း၊ အုတ်နံရံများဆားပေါက်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦအများစု၏ သက်တမ်းကြောင့် ယိုယွင်းပျက်စီးသော အနေအထားရှိပါကြောင်း၊ မန္တလေးတက္ကသိုလ်ကြီး၏ ပင်မအဆောက်အဦတွင် သုံးထပ်အုတ်တိုက် အဆောက်အဦဖြစ်ပြီး ၁၉၂၄ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည့်အတွက် သက်တမ်းအားဖြင့် ၉၄ နှစ်ရှိပြီး တက္ကသိုလ်၏ သင်္ကေတလက္ခဏာလည်း ဖြစ်ပါကြောင်း၊ ပင်မဆောင်ကြီးကို အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေလျာထားဆောင်ရွက် ထားပါကြောင်း၊ ထိုပင်မဆောင်ကြီးကို အကြီးစားမွမ်းမံရန် လိုအပ်သကဲ့သို့ သက်တမ်းရင့်နေသည့် တစ်ထပ်ဆောင်နေရာများတွင် အဆောင်အဦအသစ်များ၊ ခေတ်နှင့်လျော်ညီသော စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သုတေသနဓာတ်ခွဲခန်းများအဖြစ် အသုံးပြုနိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို အဆင့်အလိုက် သတ်မှတ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ၃.၄ ဧကအကျယ်အဝန်းရှိ တစ်ထပ်စာသင်ဆောင်များ နေရာတွင် ခေတ်မီငါးထပ်ဆောင် တည်ဆောက်ပေးခြင်း၊ ဘေးပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒုတိယ ဦးစားပေးအနေဖြင့် ၂.၈၉ ဧရိယာကျယ်ဝန်းသည့် တစ်ထပ်ဆောင်စာသင်ဆောင် နေရာများတွင် ပြုပြင်ထိန်းသိမ်းရန် အဆောက်အဦများ အကြီးစားမွမ်းမံပြင်ဆင်ရန် လျာထားဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တတိယဦးစားပေးအနေဖြင့် ၂.၅၇ ဧက ကျယ်ဝန်းသော တစ်ထပ်ဆောင်နေရာဟောင်းများတွင် ငါးထပ်ဆောင်အသစ် ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စတုတ္ထဦးစားပေး အနေဖြင့် ၆.၄၂ ဧကကျယ်ဝန်းသော ညောင်ပင်ဝိုင်းနေရာကို ခေတ်မီလေးထပ်ဆောင် စာသင်ဆောင် တည်ဆောက်ခြင်းနှင့် ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားဆောင်ရွက်မည် ဖြစ်ပါကြောင်း၊
ထို့အပြင် မန္တလေးတက္ကသိုလ်၏ ဆရာဝန်ထမ်းလက်ရှိ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲတင်ပြထားပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအသစ် အတည်ပြုချက်ရရှိပါက လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည့် ဘာသာရပ်သင်တန်းများ တိုးချဲ့သင်ကြားခြင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းပြီးသင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်းများ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိတင်ပြချိန်အထိ နိုင်ငံတကာ တက္ကသိုလ်အဖွဲ့အစည်း ၃၃ ခုနှင့် ပညာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးပြီး သင်ကြားရေး၊ သင်ယူရေးနှင့်သုတေသန လုပ်ငန်းပေါင်းများစွာကို ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ၎င်းအပြင် နိုင်ငံခြားသား ဆရာ/မများနှင့် နိုင်ငံခြားသား ကျောင်းသား/သူများ လာရောက်ပညာသင်ကြားခြင်း၊ နိုင်ငံတကာဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သုတေသနကွန်ဖရင့်များနှင့် အခြားပညာရပ်ဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မန္တလေးတက္ကသိုလ်အား အဆင့်မြင့်ပညာရပ်များ သင်ကြားသင်ယူနိုင်ရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာပညာသင်မှု ရပ်ဝန်းကောင်းအဖြစ် စနစ်တကျအဆင့်တိုးတက်ရေး၊ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မန္တလေးတက္ကသိုလ် ဘက်စုံအဆင့်မြှင့်တင်ရေး ကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်းနှင့် ဘက်စုံကော်မတီမှ စီမံကိန်းများအဆင့်ဆင့်ရေးဆွဲပြီး မန္တလေးတက္ကသိုလ် အဆင့်မြှင့်တင်ခြင်းကို စနစ်တကျဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
