(က)-စဉ့်ကိုင်မြို့နယ်၊ ဆည်ရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက် တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၆.၃.၂၀၁၈)

ဆယ်ရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား ၁၉၄၆ ခုနှစ်မှစတင်ပြီး မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၆၇ နှစ်အကြာ ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့မှစပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စဉ့်ကိုင် အ.ထ.က နှင့် ၆ မိုင်ကွာဝေးပြီး ရန်ကုန်-မန္တလေးလမ်းမကြီးတစ်လျှောက် သွားရမည်ဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူများအတွက် ယာဉ်အန္တရာယ် စိုးရိမ်ကြောင့်ကြမှုဖြစ်နေရပါကြောင်း၊ ပလိပ် အ.ထ.က မိုင်အလွန်မကွာဝေးသော်လည်း ယာဉ်ကြော ရှုပ်ထွေးခြင်းကြောင့် အန္တရာယ်များလှသလို ပလိပ် အ.ထ.က သည်ပင်လျှင် ၎င်း၏ကျောင်းသားဦးရေအရ စာသင်ဆောင်လိုအပ်ချက်များ ရှိနေသည့်အတွက် ဆယ်ရွာအထက်တန်းကျောင်း (ခွဲ) ကိုသာ အထက်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့်ပေးခြင်းသည်သာ ၎င်းကျောင်းကို မှီခိုအားထားနေရသော ပတ်ဝန်းကျင်ကျေးရွာ ၂၂ ရွာ၊ မူလတန်းကျောင်း ၁၅ ကျောင်းနှင့် အလယ်တန်းကျောင်း တစ်ကျောင်းတို့မှာ ကျောင်းသား/သူများအတွက် အဆင်ပြေဆုံးနှင့် အကောင်းဆုံးဖြစ်လိမ့်မည် ဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ အထက်တန်းပညာရပ် များကို စတင်သင်ကြားပေးနေခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာလည်း ‌ကောင်းမွန်လှပါကြောင်း၊

ဆယ်ရွာ အ.ထ.က(ခွဲ) တွင် ကျောင်းသားဦးရေအနေဖြင့် အထက်တန်းကျောင်းသား ၂၀၂ ဦး၊ အလယ်တန်း ၅၂၀ ဦးနှင့် မူလတန်း ၄၉၁ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၁၂၁၃ ဦးရှိသည့်အတွက် စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်ရှိ ကျောင်းငါးကျောင်းရှိသည့်အနက် သုံးကျောင်းထက်ပင် ကျောင်းသားဦးရေ ပိုမိုများပြားနေပါကြောင်း၊ စာသင်ဆောင်များအနေဖြင့်လည်း နှစ်ထပ်အဆောက်အဦလေးခု၊ တစ်ထပ်အဆောက်အဦသုံးခု စုစုပေါင်းခုနစ်ခုရှိပြီး ကွန်ပျူတာခန်း၊ သိပ္ပံလက်တွေ့ခန်း၊ စာကြည့်တိုက်တို့လည်း ရှိပါကြောင်း၊ ကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်း ဖြစ်သော်လည်း၊ ကျောင်းဆောင်ခုနစ်ခုအနက် သဇင်ဆောင်နှင့် ခရေဆောင်နှစ်ခုကိုသာ နိုင်ငံတော် ဘတ်ဂျက်ဖြင့် ချထားဆောင်ရွက်ပေးခဲ့ရပြီး ကျန်ငါးခုမှာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ဒေသခံ ကျောင်းသားမိဘများက ဝိုင်းဝန်းဖြည့်ဆည်းလှူဒါန်းပေးထားပါကြောင်း၊ မြေဧရိယာ ၄.၆၂ ဧက ရှိသည့်အတွက် လုံလောက်သော အကျယ်အဝန်းရှိပြီး အားကစားကွင်းလည်းရှိပါကြောင်း၊ မူလတန်းကလေးများအတွက် ကလေးကစားကွင်းလေးကိုလည်း ကျောင်းအကျိုးတော်ဆောင် အဖွဲ့နှင့် ကျောင်းသားမိဘများက ဖန်တီးလုပ်ဆောင်ပေးထားပါကြောင်း၊ ရေသန့်စနစ်၊ မိလ္လာစနစ်များကောင်းမွန် လုံလောက်စွာရှိပြီး ဆရာ၊ ကျောင်းသား၊ မိဘသုံးပွင့်ဆိုင် လက်တွဲညီညီ ဆောင်ရွက်နိုင်ကြသည့်အတွက် ကျောင်းစည်းကမ်းကောင်းပြီး ကျောင်း၏သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်စိတ်ချရသော ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါကြောင်း၊

ဆယ်ရွာအခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အနေဖြင့် ဆရာ၊ ကျောင်းသား၊ မိဘသုံးပွင့်ဆိုင် ဆက်ဆံရေးမှာ အပြန်အလှန်ယုံကြည်ကိုးစားမှုရှိသကဲ့သို့ ကျောင်းအကျိုးတော်ဆောင် အဖွဲ့အနေဖြင့်လည်း ကျောင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည့်အတွက် စည်းကမ်းကောင်းမွန် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများကို မွေးထုတ်ပေးနိုင်လျက် ရှိပါကြောင်း၊ အထိမ်းအမှတ်နေ့ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင်လည်း မြို့နယ်အဆင့်ဆုရကျောင်းသားများ စာရင်းတွင် ဆယ်ရွာကျောင်းမှ ကျောင်းသား/သူများ ပါဝင်မြဲဖြစ်ပါကြောင်း၊ ထိုသို့ကျောင်း၏ ဂုဏ်သတင်းမွှေးပျံ့မှုများကြောင့် ဆယ်ရွာအ.ထ.က (ခွဲ) တွင် တက်ရောက်လိုသော ကျောင်းသား ဦးရေမှာ နှစ်စဉ်တိုးတက်လာလျက်ရှိသော်လည်း အထက်တန်းကျောင်း ခွဲအဆင့်သာရှိသေး၍ ဆရာ/မ၊ ဖွဲ့စည်းပုံအင်အား မလုံလောက်သဖြင့် အထက်တန်းကျောင်းသားဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားနေရသည့်အတွက် ကျောင်းသား မိဘနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့ကလည်း အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင်‌့ရရှိရေး မျှော်လင့်တောင့်တနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ဆယ်ရွာအ.ထ.က(ခွဲ)အား အထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်နိုင်ရန် လိုအပ်သောအင်္ဂါရပ်များဖြင့် ပြည့်စုံလုံလောက်စွာအသင့်ဖြစ်နေခြင်း၊ ဒေသခံပြည်သူတို့၏ ပံ့ပိုးမှုကောင်းခြင်းတို့ ကြောင့် နိုင်ငံတော်ဘဏ္ဍာ သက်သာစွာဖြင့် အထက်တန်းကျောင်းတစ်ကျောင်းအဖြစ် လွယ်ကူအောင်မြင်စွာ ဖွင့်လှစ်သွားနိုင်မည်ဖြစ်သည့်အတွက် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း ကျောင်းပေါင်းသုံးကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှစ်ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းပေါင်း ၁၁ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းပေါင်း တစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းအခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှ အခြေခံပညာအထက်တန်း‌ကျောင်းအဖြစ် Section ရရှိ အဆင့်တိုးမြှင့်ရန် သတ်မှတ်မူအနေဖြင့် အထက်ဆင့်သင် ကျောင်းသား/သူ ၂၀၀ ဦးနှင့်အထက်ရှိခြင်း၊ ပင်မကျောင်း တစ်ဆင့်မြင့်ကျောင်းနှင့် ၁၀ မိုင်အထက်ကွာဝေးခြင်းတို့ လိုအပ်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ဆယ်ရွာအခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် အထက်တန်းအဆင့်သင်ကျောင်းသား/သူ ၂၀၂ ဦးရှိပါကြောင်း၊ ပင်မကျောင်းနှင့် အနီးဆုံး ဖြစ်သော ပလိပ်အခြေခံပညာ အထက်တန်းကျောင်းနှင့် ၄ မိုင်ခန့်သာကွာဝေးပါကြောင်း၊ သို့သော် ကိုယ်စားလှယ်တော်ကြီးတင်ပြသကဲ့သို့ ဒေသခံပြည်သူများ၏ ဆန္ဒအရသော် လည်းကောင်း၊ အဆင့်တိုးမြှင့်ရန် လိုအပ်သောအင်္ဂါရပ်များလည်း ပြည့်စုံပြီးဖြစ်သည့်အတွက် အခြေခံပညာအထက်တန်း ကျောင်းအဖြစ် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် တိုးမြှင့်ရေးစိစစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။