(စ)-မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် နေသည့် လှိုင်သာယာစက်မှုဇုန် နေ့ကလေးထိန်းကျောင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၄.၃.၂၀၁၈)

လှိုင်သာယာမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံဆောင်ရွက်နေသည်‌့ စက်မှုဇုန် နေ့ကလေးထိန်းကျောင်းသုံးကျောင်း ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက စီမံဆောင်ရွက်နေသည်‌့ နေ့ကလေးထိန်းကျောင်းနှစ်ကျောင်းရှိပြီး ကလေးငယ် ၂၂၀ ဦးကို တာဝန်ယူသင်ကြားပေးလျက် ရှိပါကြောင်း၊ လှိုင်သာယာမြို့နယ်တွင် လူဦးရေရှစ်သိန်းကျော်ခန့် နေထိုင်ပါကြောင်း၊ အလုပ်သမားမိသားစုများပြားသည့်အတွက် မိဘများ သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဆင်းကြရသည့်အတွက် ကလေးသူငယ်များလည်း လွန်စွာ များပြားပါကြောင်း၊ ယနေ့ကလေးငယ်များသည် နောင်အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ၊ ပညာရှင်များဖြစ်လာမည့်သူများ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် ခေါင်းဆောင်ကောင်း၊ ပညာရှင်များဖြစ်လာမည့် ကလေးသူငယ်များကို ငယ်ရွယ်စဉ်ကလေးဘဝကတည်းက စနစ်တကျ ပြုစုပျိုးထောင်ပေးရန် အမှန်တကယ်လိုအပ်ပါကြောင်း၊ မြို့သစ်များကို လယ်ယာမြေများအပေါ် တွင် အကောင်အထည်ဖော်ဆောင်ရွက်ကြပါကြောင်း၊ လှိုင်သာယာမြို့နယ် နေ့ကလေးထိန်း ကျောင်း ငါးကျောင်းကိုလည်း မြို့သစ်စတည်ကတည်းက တည်ဆောက်ထားရပါကြောင်း၊ ယနေ့ အချိန်တွင် နေ့ကလေးထိန်းကျောင်းများ၏ မြေမျက်နှာပြင်များသည် လမ်းမြေမျက်နှာပြင်များထက် လွန်စွာမှနိမ့်ကျနေပါကြောင်း၊ မိုးတွင်းအခါ နေ့ကလေးထိန်းကျောင်းအတွင်း ရေများနစ်မြုပ် နေသည်‌့အတွက် ကျောင်းသို့လာသောကလေးငယ်များသည် ကျောင်းအဝင်လမ်းများရေမြုပ် နေသည့်အတွက် ရေထဲလမ်းလျှောက်ပြီး လာခဲ့ရပါကြောင်း၊ ကျောင်းဝင်းအတွင်း မြေကွက်လပ် အလွတ်များရှိနေသော်လည်း ရေနစ်မြုပ်မှုဒဏ်ခံနေရသည့်အတွက် ကလေးကစားကွင်းများကို လည်း မတည်ဆောက်နိုင်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များပြုစု ပျိုးထောင်ရေးနှင်‌့ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်နေ့ကလေးထိန်း ကျောင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန် ယူစီမံဆောင်ရွက်ပေးပြီး လှိုင်သာယာမြို့နယ်ရှိ နေ့ကလေးထိန်းကျောင်းငါးကျောင်းကို အဆောက် အဦများနှင့် ကလေးကစားကွင်းများ၊ ကျောင်းအဝင်လမ်းများကို အဆင်‌့မီပြုပြင်ဆောင်ရွက် ပေးခြင်း၊ သင်ကြားမည်‌့ ဆရာ၊ဆရာမများကိုလည်း ဝန်ထမ်းအင်အားသတ်မှတ်ချက်ပြည့်မီအောင် ခန့်ထားပေးရန် အစီအစဉ်ကို မည်သည်‌့အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးဆိုင်ရာဥပဒေနှင့် မူဝါဒတို့ကိုချမှတ်ခဲ့ပြီး နေ့ ကလေးထိန်းဌာနနှင့် မူလတန်းကြိုကျောင်းများကို မှန်ကန်သောကလေးသူငယ်ပြုစုစောင့်ရှောက် ရေး နည်းလမ်းများဖြင်‌့ ဖွင်‌့လှစ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မူဝါဒပါ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဆက်စပ်ဝန်ကြီးဌာနများနှင်‌့အတူ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာတွင် အသက် ၃ နှစ်နှင်‌့ ၅ နှစ်အရွယ်ထိ ကလေးသူငယ်များအတွက် မူလတန်းကြိုကျောင်း များ တည်ထောင်ဖွင်‌့လှစ်ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ဖွင်‌့လှစ်သော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား အသိအမှတ်ပြုခြင်း၊ နည်းပညာအကူအညီ ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများနှင့် တာဝန်ခံဆရာမတစ်ဦးကို တစ်လ ကျပ် ၃၀၀၀၀ နှုန်းဖြင်‌့၊ စာသင်ဆရာမတစ်ဦးလျှင် တစ်လ ကျပ် ၂၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ တစ်နှစ်လျှင် ကျပ် ၆ သိန်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ နေ့ကလေးထိန်းဌာနသို့မဟုတ် မူလတန်းကြို ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းဥပဒေ အခန်း(၅) ပုဒ်မ ၂၉ အရ နေ့ကလေး ထိန်းဌာနနှင်‌့ မူလတန်းကြိုကျောင်းများတွင် တာဝန်ထမ်းဆောင်လိုသော တာဝန်ခံကျောင်းအုပ်နှင်‌့ အနည်းဆုံး ဆရာ၊ဆရာမတစ်ဦးသည် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင်‌့လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်းတစ်ခုခုကိုသော်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန က အသိအမှတ်ပြုလက်ခံသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး ပုဂ္ဂလိကသင်တန်း တစ်ခုခုကိုသော်လည်းကောင်း တတ်ရောက်အောင်မြင်ပြီးသူများဖြစ်ရမည် ဖြစ်ပါကြောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် အဆိုပါသင်တန်းများ ကို ပုံမှန်ဖွင်‌့လှစ်သင်ကြားပို့ချလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအနေဖြင်‌့ လူမှုဝန်ထမ်းဦးစီးဌာန၏ ဌာနပိုင်မူလတန်း ကြိုကျောင်းအဖြစ် လွှဲပြောင်းလိုပါက ၎င်းပိုင်ဆိုင်မှုသည် လူမှုဝန်ထမ်းဦးစီးဌာန၏မြေအဖြစ် လွှဲပြောင်းပေးရမည် ဖြစ်ကြောင်းအပါအဝင် လုပ်ထုံးလုပ်နည်းများနှင်‌့အညီ လူမှုဝန်ထမ်းဦးစီး ဌာနက လက်ခံရယူသွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင်‌့အိမ်ရာ ဖွံ့ဖြိုး‌ရေးဦးစီးဌာနက လှိုင်သာယာမြို့သစ်တည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်ခဲ့ရာ တွင် မြို့သစ်နေပြည်သူများ အလုပ်အကိုင်ရရှိရေး၊ အလုပ်ဌာနများသို့ သွားလာမှုလွယ်ကူစေရေး နှင့် မြို့သစ်ဖွံ့ဖြိုးရေးတိုးတက်စေရေး ရည်ရွယ်ချက်အနေဖြင့် စက်မှုဇုန်များတွင် ဆောင်ရွက် နေသော အိမ်ထောင်ရှင်အမျိုးသမီး အလုပ်သမားများ လုပ်ငန်းခွင်သာယာရေးနှင့် အလုပ်အကိုင် တည်မြဲရေးတို့အတွက် နေ့ကလေးထိန်းကျောင်းအဖြစ် သုံးကျောင်းကို တည်ဆောက်ပေးခဲ့ ပါကြောင်း၊ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာမငါးဦး၊ ဝန်ထမ်းနှစ်ဦးခန့် ထားပြီး လစာပေးနိုင်ရန်အတွက် Sinking Fund ကျပ်သိန်း ၁၀၀ စီ မြန်မာ့စီးပွာရေးဘဏ်တွင် Joint Account ဖွင်‌့လှစ်အပ်နှံထားရှိပါကြောင်း၊ အဆိုပါ လှိုင်သာယာမြို့နယ်စက်မှုဇုန်များရှိ အမှတ် (၁)၊ (၂)၊ (၃) နေ့ကလေးထိန်းကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း မြေ၊ အဆောက်အဦ၊ ဝန်ထမ်း၊ နေအိမ်၊ Sinking Fund လက်ကျန်ငွေ၊ ဆရာမများ၊ အမှုထမ်းများနှင်‌့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ပါကြောင်း ပြန်ကြားချက်ရရှိပြီးဖြစ်သဖြင့် ဝန်ကြီးဌာန၏တင်ပြပါလွှဲပြောင်းလက်ခံရမည့် စာရင်း ဇယားများနှင်‌့အညီ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စနစ်တကျလွှဲပြောင်းလက်ခံသွားပြီး လိုအပ် သည့် ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကိုလည်း တစ်ပါတည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။