စေတုတ္တရာမြို့သည် မကွေးတိုင်းဒေသကြီး၏အနောက်ဘက် ရခိုင်ရိုးမနှင့် နတ်မတောင်လမ်းကြောင်းတွင် အလွန်ကျဉ်းမြောင်းသည့် တောင်ကြားဒေသတွင် တည်ရှိပါကြောင်း၊ မုန်းချောင်းသည် မြို့နယ်၏အနောက်မြောက်မှ အရှေ့တောင်ဘက်သို့ ဖြတ်သန်းစီးဆင်းပြီး ရခိုင်ရိုးမတွင် မြစ်ဖျားခံသည့် ထီးချောင်း၊ ကျီးချောင်း၊ ဆီမီးချောင်းများလည်း စီးဆင်းလျက် ရှိပါကြောင်း၊ စေတုတ္တရာမြို့၏အထက် နှစ်မိုင်ခန့်အကွာတွင် အမြင့်ပေ ၁၅၀၊ အလျား ၁၃ မိုင်၊ ဧကပေ ၆၂၀၉၀၀ ရှိသည့် မုန်းတမံရေပြင်နှင့် မြို့၏အောက်ဘက် တစ်မိုင်ခန့်အကွာတွင် ၁၈ မိုင်ခန့်ရှည်လျားပြီး ဧကပေ ၃၀၂၇၀၀ ရှိသည့် ကြီးအုံကြီးဝတမံ ရေပြင်ရှိပါကြောင်း၊ မိုးတွင်းကာလတွင် မုန်းတမံရေပြင်ကြီး၏ ရေ Level RL 520 ကျော်လျှင် ရေပိုလွှဲမှ ရေကျော်ခြင်းသည် တိတ်ဆိတ်သည့်ညများတွင် တစ်မြို့လုံးကို ထိတ်လန့်ဖွယ် ဖုံးလွှမ်းနေပါကြောင်း၊ ရေပိုလွှဲသည် ရေကျော်သည့်မှတ်တမ်းများအရ ၂၀၁၀ ခုနှစ်တွင် ၁၈ ပေ၊ ၂၀၁၁ ခုနှစ်တွင် ၁၅.၈ ပေ၊ ၂၀၁၅ ခုနှစ် ရေဘေးတွင် ၃၅.၈ ပေ(အမြင့်ဆုံး)၊ ၂၀၁၅ ခုနှစ် ရေဘေးတွင် ဧကပေ ၄၉ သိန်းကျော်စီးဝင်ပါကြောင်း၊ ဧကပေ ၆ သိန်းသာ သိုလှောင်နိုင်သဖြင့် ၇ ဆကျော် ဧကပေ ၄၃ သိန်း ကျော်ကျပြီး ရေပိုလွှဲကြီးပျက်စီးခဲ့ရပါကြောင်း၊ အောက်ဘက်ကြီးအုံကြီးဝတမံ ရေပြင်ကြီးသည် မိုးတွင်းကာလတွင် စေတုတ္တရာမြို့အခြေအထိ ဖုံးလွှမ်းနစ်မြုပ်လေ့ရှိပါကြောင်း၊ မြို့၏ တောင်ဘက်အခြေတွင် ရခိုင်ရိုးမကိုမြစ်ဖျားခံသည့် ဆီမီးချောင်းမှ ကွေ့ဝိုက်စီးဆင်းနေပြီး မြို့၏အောက်ဘက် တစ်မိုင်ခန့်အကွာတွင် မုန်းချောင်းထဲသို့ စီးဝင်ပါကြောင်း၊ မိုးတွင်းကာလ ဆီမီးချောင်း ရေကြီးချိန် ကြီးအုံကြီးဝတမံရေပြင်ကြီး ပိတ်ဆီးနေသဖြင့် မြို့၏တောင်ဘက်ပိုင်းကို ရေလွှမ်းမိုးလေ့ ရှိပါကြောင်း၊
တမံရေပြင်ကြီးတွေ၏အောက်တွင် နေရသည့် မြို့/ရွာများသည် မုန်တိုင်းသတင်း၊ ငလျင်သတင်း၊ မိုးလေဝသသတင်းများ နားဆင်ရင်း ထိတ်ထိတ်လန့်လန့် ရှင်သန်နေထိုင်ကြရပါကြောင်း၊ အထက်ဘက်မှ မုန်းတမံရေပြင်၊ အောက်ဘက်မှ ကြီးအုံကြီးဝတမံရေပြင်၊ ဘေးမှ ဆီမီးချောင်း ရေကြီးမှုများကြောင့် စေတုတ္တရာမြို့သူမြို့သားများသည် မိုးကာလရောက်တိုင်း မြို့၏မြောက်ဘက် ကုန်းမြင့်ရှိရာသို့ နှစ်စဉ်နီးပါး ရေဘေးရှောင်ရပါကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်း၊ ၂၀၁၃ ခုနှစ် မဟာစံမုန်တိုင်း၊ ၂၀၁၅ ခုနှစ် ကွန်မန်မုန်တိုင်းနှင့် ၂၀၁၆ ခုနှစ် မုန်တိုင်းကာလများတွင် ထိတ်လန့်တုန်လှုပ်စွာ ပြေးရှောင်ခဲ့ကြရပါကြောင်း၊ 7.2 Magnitude ပြင်းအားရှိ ၁၉၉၅ ခုနှစ် Kobe ငလျင်၊ 8.9 Magnitude ရှိ ဆူနာမီရေလှိုင်းကြီးများဖြစ်ပေါ်စေခဲ့သည့် ၂၀၁၁ ခုနှစ် Tohoku ငလျင်ကဲ့သို့ ငလျင်ကြီးများလှုပ်ခတ်ခဲ့လျှင် တမံကြီးနှစ်ခုအောက်ရှိ စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်ပြည်သူများ၏ ဘဝသည် မတွေးဝံ့စရာဖြစ်သောကြောင့် ရေဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်အချက်ပေး Alarm System များ တပ်ဆင်ပြီး အသိပညာပေး ဇာတ်တိုက်လေ့ကျင့်မှုများလုပ်ရန် အထူးလိုအပ်ပါကြောင်း၊ ယခုနှစ် လာနီညာရာသီဥတု၏ အကျိုးဆက်ဖြစ်သည့် မိုးသည်းထန်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သလို ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေခြင်းသည် ဟိမဝန္တာငလျင်ကြောနှင့် စစ်ကိုင်းငလျင်ကြောပေါ်တွင် တည်ရှိနေသည့် မိမိတို့နိုင်ငံအတွက် အထူးသတိထားရမည်ဖြစ်သောကြောင့် မုန်းတမံရေပြင်ကြီးနှင့် ကြီးအုံကြီးဝတမံရေပြင်ကြီးနှစ်ခုကြား ရေကန်ကြီးအတွင်းနေထိုင်ရသော စေတုတ္တရာမြို့သည် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝ ဘေးအန္တရယ်များဖြစ်ပွားပါက ၂၀၁၅ ခုနှစ်ရေဘေးကဲ့သို့ တစ်မြို့လုံးရေပြင်ကြီးအောက် နစ်မြုပ်နိုင်သည့် အန္တရာယ်ရှိနေပါသဖြင့် မြို့သူမြို့သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ရန် မုန်တိုင်း Shelter တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သောဒေသတွင် တည်ရှိခြင်း၊ ငလျင်ဒဏ်ခံရနိုင်သောဒေသဖြစ်ခြင်း၊ မိုးရာသီကာလအတွင်း ပုံမှန်ဧရာဝတီမြစ် ရေကြီးမြင့်မှုနှင့် ရံဖန်ရံခါ လျှပ်တစ်ပြက်ရေကြီးမှုဒဏ်ကို တွေ့ကြုံခံစားရသော ဒေသဖြစ်သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး ဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသော ဒေသများတွင် မိုးမကျမီ ရေဘေးကြိုတင်ကာကွယ်ရေး အစီအမံများနှင့် သောက်သုံးရေရရှိရေး အစီအမံများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ယခုအခါ မကွေးတိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ငလျင်ဆက်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ပထဝီဝင်အနေအထားအရ ပင်လယ်နှင့်ဝေးကွာသဖြင့် အခြားသောဒေသများနှင့် နှိုင်းယှဉ်ပါက ပြင်းထန်သည့် မုန်တိုင်းဒဏ်ကို ကြုံတွေ့ခံစားမှု နည်းပါးသောဒေသဖြစ်သော်လည်း စေတုတ္တရာမြို့သည် မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများကြောင့် အများပြည်သူ ရေဘေးလွတ်ရာ ကုန်းမြင့်နေရာ သို့မဟုတ် ခိုလှုံရာအဆောက် အအုံများ လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ အလေးထားတောင်းဆိုသည့် မြို့သူမြို့သားများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရန် ဘေးအန္တရာယ်ခိုလှုံရာ Community Shelter တစ်လုံးဆောက်လုပ်ပေးနိုင်ပါကြောင်းနှင့် အဆိုပါ အဆောက်အအုံအတွက် မြေနေရာရရှိရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး မြေနေရာ သတ်မှတ်ပြီးပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေ ဖြင့် အမြန်အကောင်အထည်ဖော် ဆောက်လုပ်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
