ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကျွဲကုန်းကျေးရွာမှ ပုံဝိုးကျေးရွာအထိ (၂၄/၄)ဖာလုံမိုင် ရှိသည့်လမ်းသည် ကျေးရွာပေါင်း ၁၅ ရွာမှ အိမ်ခြေပေါင်း ၁၄၃၅ အိမ်၊ လူဦးရေ ၆၈၈၅ ဦး၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး နေ့စဉ်နှင့်အမျှ သွားလာနေရသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို မှီတင်းနေရသည့် အဓိကကျေးရွာ ၁၅ ရွာမှာ ကျွဲကုန်းကျေးရွာ၊ ဆိုက်ခေါင်ကျေးရွာ၊ နောင်ပိန်လေးကျေးရွာ၊ ကောင်းဟုန်း ကျေးရွာ၊ နားပိန်းကျေးရွာ၊ နားပုံကျေးရွာ၊ အေးသာယာကျေးရွာ၊ နောင်ကွမ်ကျေးရွာ၊ ပင်းဆော့ ကျေးရွာ၊ ခဲရှင်ကျေးရွာ၊ ဟုန်လိုင်းကျေးရွာ၊ မန်ခိုက်ကျေးရွာ၊ ပန်ဆံကျေးရွာ၊ နားပုံကျေးရွာနှင့် ဟုန်ဟိုး ကျေးရွာတို့ဖြစ်ပါကြောင်း၊
ထို့အပြင် ၎င်းလမ်း၏တစ်ဖက်ဆီတွင်ရှိသည့် ကျေးရွာပေါင်း ၁၇ ရွာမှ လူနေအိမ်ခြေ ၁၃၂၀၊ လူဦးရေ ၆၅၈ ဦးတို့ကိုလည်း သွယ်ဝိုက်ပြီး အကျိုးပြုနေတဲ့လမ်းဖြစ်ပါကြောင်း၊ ကျေးရွာ ၁၇ ရွာသည် နမ့်ထွန်၊ နမ့်ပြင်း၊ ပန်လော့၊ ဖာလိမ်၊ လွိုင်ဆာ၊ နောင်လှိုင်၊ နမ့်မွန်၊ ခေါက်ဟိုးလွင်၊ နမ့်ဟွာ၊ နမ့်စော၊ နမ့်ခေါ၊ မန်လေ၊ ကုန်နောင်၊ ဟန်နောင်၊ သိန်းထောင်၊ နမ့်ဟီ နှင့် ပေါက်အင်းကျေးရွာတို့ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာနေပြည်သူလူထုများ၏ လူနေမှုဘဝကို မြှင့်တင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်မြှင့်မားနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူအကျိုးပြုနိုင်စေရန် ရာသီမရွေး လွယ်ကူစွာ သွားလာနိုင်စေရန် ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်ခင်းပေးနိုင်ပါ ရန် မေးမြန်းခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်းရှိ ကျွဲကုန်း-နောင်ပိန်လေး- နားပြိန်း-နားပုံ-အေးသာယာ-နောင်ကွမ်-ပုံဝိုးကျေးရွာ ချင်းဆက်လမ်းသည် အရှည် ၂၁ မိုင် ၄ ဖာလုံရှိပြီး မန္တလေး-လားရှိုးလမ်းမကြီးနှင့် ဆက်သွယ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏လက်ရှိအခြေအနေမှာ အမာခံလမ်းအမျိုးအစား Class(A) ဦးစားပေးအဆင့်(၁)ရှိသည့် လမ်းဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာ၊ အိမ်ခြေပေါင်း ၁၄၃၅ အိမ်နှင့် လူဦးရေ ၇၀၀၀ ခန့်ကို အကျိုးပြုလျက်ရှိသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား အမာခံလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ၂ မိုင် ၆ ဖာလုံနှင့် ၅ ပေ x ၅ ပေ x ၂၄ ပေ Box Culvert သုံးစင်းအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ၂ မိုင် ၃ ဖာလုံ အားလည်းကောင်း ဆောင်ရွက်ရန်လျာထားတင်ပြပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ကတ္တရာလမ်းအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် နှစ်အလိုက်၊ အပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
