မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်ထဲရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ကျွန်းဖြစ်ပါကြောင်း၊ စတုရန်းမိုင် ၂၀၂မိုင်ကျယ်ဝန်းပြီး ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာ ၁၃၇ ရွာနှင့် မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်ရှိပြီး လူဦးရေ ၆၀၀၀၀ ကျော် နေထိုင်လျက် ရှိကြပါကြောင်း၊ မာန်အောင်ကျွန်းသည် ဝေးလံခေါင်သီ ရှားပါးစရိတ်ခံစားခွင့် ပြုထားသည့်မြို့နယ်တစ်ခုဖြစ်ပြီး ဝေးလံခေါင်သီရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မာန်အောင်ကျွန်းကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်အစိုးရက ခရီးသွားလုပ်ငန်းကို အားစိုက်ဆောင်ရွက်နေပါကြောင်း၊ ကျွန်းပတ်လမ်းတစ်ခုလုံးသည် ၅၁ မိုင်နှင့် ၄ ဖာလုံရှိပါကြောင်း၊ ကျွန်းပတ်လမ်းကို အဆင့်မြှင့်ခဲ့သည်မှာ ယခုမတ်လကုန်လျှင် ၂၈ မိုင်နှင့် ၄ ဖာလုံပြီးစီးမည် ဖြစ်ပါကြောင်း၊ ကျွန်းပတ်လမ်းသည် ၅၁ မိုင် ၄ ဖာလုံရှိသည့်အတွက် ၂၃ မိုင်သည် ကျောက်ချောလမ်းအဖြစ် ကျန်ရှိနေမည် ဖြစ်ပါကြောင်း၊
ကျန်ရှိနေသည့်ကျောက်ချောလမ်း ၂၃ မိုင်သည် အဓိကအရေးပါသည့် ပင်လယ် ကမ်းခြေအလှများ ရှိသည့်နေရာတွင် ဖြစ်နေပါကြောင်း၊ ကျွန်းပတ်လမ်းသည် မိုင်တိုင်အမှတ် ၁၉ မှ ၃၆ အထိ ၁၇ မိုင်တိတိသည် ပင်လယ်ကမ်းခြေအလှ တည်ရှိသည့်နေရာဖြစ်ပါကြောင်း၊ ၎င်း လမ်းပိုင်းကို ပြင်နိုင်မှ ပြည်တွင်း/ပကလာသည့် ခရီးသွားဧည့်သည်များနှင့် နယ်မြေခံလူထုများအတွက် ပိုပြီးအဆင်ပြေမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရာတွင် အဓိကဖြစ်သည့် ကျောက်ချောလမ်းအပိုင်းကို ကတ္တရာလမ်းဖြစ်အောင် အမြန်ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ ပြည်သူများကလည်း ထိုလမ်းကို ကတ္တရာလမ်းအဖြစ် လုပ်ပေးရန် တင်ပြတောင်းဆိုနေကြပါကြောင်း၊ မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ ကျန်ရှိနေသည့်ကျောက်ချောလမ်း ၂၃ မိုင်ကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မာန်အောင်ကျွန်းပတ်လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ၃၁-၃-၂၀၁၇ ရက်နေ့ရှိ လမ်းအမျိုးအစားတွင် ကွန်ကရစ်လမ်း ၂ ဖာလုံ၊ ကတ္တရာလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၃၇ မိုင် ၆ ဖာလုံဖြစ်ပြီး စုစုပေါင်း ၅၁ မိုင် ၄ ဖာလုံရှည်လျားပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၂၁၉၀.၈၅ သန်းဖြင့် ၁၂ ပေအကျယ် ကတ္တရာခင်းခြင်းလုပ်ငန်း ၁၄ မိုင် ၆ ဖာလုံ ဆောင်ရွက်လျက်ရှိပြီး ၁၁-၃-၂၀၁၈ ရက်နေ့တွင် ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါကြောင်း၊
အဆိုပါလမ်းပိုင်းရှိ ကျောက်ချောလမ်း ၂၃ မိုင်အနက် ၁၁ မိုင် ကို ၁၂ ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ကျပ် ၁၆၆၀ သန်းကို လျာထားတင်ပြ တောင်းခံထားပြီး ဖြစ်သည့်အပြင် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ရန် ကျန်ရှိသည့် ၁၂ မိုင်အား ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
