နမ့်ကုံးရေကန်သည် ကျေးသီးမြို့နယ်တည်စ ၁၂၅၁ ခုနှစ်က စော်ဘွားခွန်စိုင်းမှ ဦးစီးဦးဆောင်ပြီး တည်ဆောက်ထားသည့် ရေကန်ဖြစ်ပါကြောင်း၊ ၎င်းရေကန်သည် ၁၉၈၉ ခုနှစ်၊ ၁၉၉၀ ခုနှစ်တွင် ကန်ပြိုပျက်သွားသည့်အတွက်ကြောင့် နဝတခေတ်တွင် ပြည်သူနှင့်အစိုးရပူးပေါင်းပြီး ပြန်လည်မွမ်းမံ တည်ဆောက်ထားပါကြောင်း၊ ယခုနှစ်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနကနေ ကန်ကိုမွမ်းမံပြင်ဆင်ခြင်း၊ စိမ်းလန်းစိုပြည်ရေး၊ သာယာလှပရေး၊ သန့်ရှင်းရေးအတွက် ကျပ် ၁၇၈ သန်း ချမှတ်ပေးပြီး မွမ်းမံဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊
ကျေးသီးမြို့နယ် ပြည်သူလူထုများအနေဖြင့် ယင်းရေကန်တစ်ခုတည်းကိုသာ မှီခိုအားထားနေရပြီး သောက်သုံးရေ သွယ်ယူခြင်း၊ လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ခြင်း၊ ယင်းရေကန်မှတစ်ဆင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို အသုံးပြုနေရသည့်အတွက် ယင်းကန်ကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းပြီး ဆက်လက်ထားရှိမည်ဆိုလျှင် ရေဝေရေလဲပြုပြင်ထိန်းသိမ်းခြင်း၊ ကန်နုန်းမြေများ သန့်ရှင်းရေးပြုလုပ်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် မြို့သူမြို့သားများ စိုးရိမ်ပူပန်မှုများ ဖြစ်နေကြပါကြောင်း၊ နောက်တစ်ခုကတော့ တောင်ယာမြေ ၁၆၅ ဧကသည်လည်း လက်ရှိတပ်ခြံစည်းရိုး ကာထားသည့်နယ်မြေဖြင့် အစွန်အဖျားတွင် တည်ရှိခြင်း၊ တပ်၏အဆောက်အဦနှင့် အဝေးဆုံးနေရာတွင် တည်ရှိခြင်း၊ မူလပိုင်ရှင် နောင်ရိုးရွာနှင့်လည်း နီးကပ်စွာ တည်ရှိခြင်းတို့ကြောင့် ယင်းတောင်သူများကို ငဲ့ညှာသောအားဖြင့် ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်းရှိ/မရှိနှင့် ၎င်းမြေပိုင်ဆိုင်မှု အထောက်အထားဆိုသည်မှာလည်း ဒေသခံပြည်သူများသည် ဖွံ့ဖြိုးမှုအားနည်းသောကြောင့် လုပ်ရမှန်းလည်းမသိခြင်း၊ လုပ်ရန်လည်းမည်သူမျှ မညွှန်ကြားခြင်းတို့ကြောင့် မိရိုးဖလာလုပ်ငန်းများအတိုင်း ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းရေကန် ရေဝေရေလဲ ၃၁ ဧကနှင့် တောင်ယာမြေ ၁၆၅ ဧကအား မြို့သူမြို့သားများ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းပါ မြေနေရာများသည် အမှတ် (၁၃၁) ခြေလျင်တပ်ရင်း၏ တပ်ပိုင်မြေ ၅၈၀ ဧကအတွင်းပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၅-၁-၂၀၀၄ ရက်စွဲပါစာအမှတ်၊ ၂၀၀/၁-၅/ ဦး ၁ ဖြင့် မြေပေးမိန့် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မေးခွန်းတွင် တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧကဟု ဖော်ပြထား သော်လည်း တပ်မြေသိမ်းယူစဉ်က ရွှေ့ပြောင်းတောင်ယာမြေ ၁၅ ဧက၊ သုသာန်မြေ ၃.၅ ဧကနှင့် မြေလွတ်မြေလပ် ၅၆၁.၅ ဧက ဖြစ်ပါကြောင်း၊ တောင်ယာမြေ ၁၅ ဧကတွင် ယာယီတောင်ယာ စနစ်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုအထောက်အထား မရှိကြောင်းနှင့် သုသာန်မြေ ၃.၅ ဧကမှာလည်း မြေနေရာသစ်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သဖြင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ရခြင်း ဖြစ်ပါကြောင်း၊
နမ့်ကုံးရေကန်သည် သဘာဝရေများထွက်ရှိသည့် ရေကန်ဖြစ်ပြီး မြို့နေပြည်သူများ သောက်ရေ၊ သုံးရေအဖြစ် သုံးစွဲလျက်ရှိသည့်အပြင် ကိုယ်ထူကိုယ်ထ အသေးစားလျှပ်စစ်ဓာတ်အား ထုတ်ယူပြီး မြို့တွင်းသို့ လျှပ်စစ်မီးများ ပေးဝေအသုံးပြုလျက်ပါရှိကြောင်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဆိုပါရေကန်အား ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် ငွေကျပ် ၁၈၇ သန်း ခွင့်ပြုထားပါကြောင်း၊
သို့ဖြစ်ပါ၍ ပြည်သူများ အသုံးပြုလျက်ရှိသည့် သဘာဝရေများထွက်ရှိသည့် နမ့်ကုံးရေကန်နှင့် ရေဝေရေလဲဧရိယာ ၃၁ ဧကအား မြို့နယ်အတွင်းရှိ အများပြည်သူလူထုပိုင်အဖြစ် ပြန်လည်စွန့်လွှတ် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧကသည် တပ်မြေသိမ်းယူစဉ်က ယာယီတောင်ယာစနစ်ဖြင့် စိုက်ပျိုးခဲ့သော ရွှေ့ပြောင်းတောင်ယာမြေ၊ သုသာန်မြေ၊ မြေလွတ်မြေလပ် အမျိုးအစားဖြစ်ပြီး သုသာန်မြေကိုလည်း မြေနေရာအသစ်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သောကြောင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ရခြင်း ဖြစ်ပါကြောင်း၊ တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်ရရှိခဲ့ပြီးဖြစ်ခြင်း၊ ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာမရှိခြင်း၊ တပ်ရင်း၏ အဆောက်အဦ၊ စက်ပစ်ကွင်းများနှင့် နီးကပ်စွာတည်ရှိနေခြင်းတို့ကြောင့် လုံခြုံရေးအရ ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
