လယ်သမားများတွင် အားလုံးသိကြသည့်အတိုင်း နည်းပညာချို့တဲ့မှု၊ ကုန်ဈေးနှုန်းမတည်ငြိမ်မှု၊ မျိုးကောင်းမျိုးသန့် ရရှိမှုနည်းပါးခြင်းကြောင့် ယနေ့လယ်သမားအများစုမှာ အရှုံးပေါ်နေပါကြောင်း၊ လယ်သမားများအတွက် စဉ်းစားမိသည်မှာ အထိုက်အလျောက် သီးနှံဈေးလည်း အထူးမျှော်လင့်စရာမလိုဘဲ နိုင်ငံအတွက်လည်း လျှပ်စစ်လိုအပ်နေသည်မှာ အမှန်ဖြစ်သည့်အတွက် ၎င်းလုပ်ငန်းတွင် သုံးမည့်လောင်စာဖြစ်သည့် လောင်စာဓာတ်ငွေ့ဖိုး တွက်ကြည့်သည့်အခါ တစ်ယူနစ်ကို မြန်မာငွေကျပ် ၆၀ ခန့် အသုံးပြုပြီး လည်ပတ်ရခြင်း ဖြစ်ပါကြောင်း၊ ၂၄ နာရီ လည်ပတ်လျှင် တစ်မဂ္ဂါဝပ် ၁၄၄၀၀၀၀ ခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ တစ်နှစ်စာဆိုလျှင် ဓာတ်ငွေ့ဖိုး သန်း ၅၀၀၀ ကျော်ခန့် ကုန်ကျသွားမည် ဖြစ်ပါကြောင်း၊ မိမိတင်ပြမည့် Bio Mass ဆိုတာက ကိုင်းဖျားကိုင်းနား အပါအဝင် သဘာဝအလျောက် အလေ့ကျပေါက်သည့် သစ်ပင်များကို အသုံးပြုပြီး မိမိတို့နိုင်ငံပတ်ဝန်းကျင်တွင် အသုံးပြုနေပြီး ဖြစ်ပါကြောင်း၊ ယခုလိုအသုံးပြုပြီး လည်ပတ်သည့်အခါ တောင်သူများမှာ ယနေ့မှစပြီး အပိုဝင်ငွေများ ရရှိလာနိုင်သည့်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လည်း ဖြစ်ပါကြောင်း၊ မည်မျှဝင်ငွေတိုးနိုင် နှုန်းလေ့လာသည့်အခါ သီးနှံကိုယူမည်ဆိုလျှင် ကျပ် ၁၀၀၀၀ မှ သိန်းဂဏန်းအထိ အပိုဝင်ငွေ ဖြစ်စေမည်ဖြစ်ပြီး လောင်စာအတွက် သီးသန့်ရည်ရွယ် စိုက်ပျိုးမည်ဆိုလျှင် ကျပ် ငါးသိန်းမှ ၁၀ သိန်းကျော်အထိ ဝင်ငွေရရှိနိုင်သည့်အတွက် ထိုလုပ်ငန်းကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် လက်ရှိလျှပ်စစ်ဓာတ်အားရရှိပြီးသူများက တိုးတက်သုံးစွဲမှု၊ လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ဒေသများကို တိုးချဲ့လျှပ်စစ်ဓာတ်အားပေးရာမှ တိုးတက်လိုအပ်ချက်များကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်က နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိပါကြောင်း၊ ယခုလိုလျှပ်စစ် ဓာတ်အားတိုးတက်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေစွမ်းအင်စသည့် အရင်းအမြစ်များကို ပေါင်းစပ်ပြီး လောင်စာစွမ်းအင်များနှင့် ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ စီမံထုတ်လုပ်ရာတွင် ဓာတ်အားစနစ် တည်ငြိမ်ရန် အဓိကလိုအပ်ပါကြောင်း၊ ထိုသို့တည်ငြိမ်အောင် ထုတ်လုပ်နိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ လျှပ်စစ်ထုတ်လုပ်မှုပါဝင်သည့် အချိုးအစားကို အကန့်အသတ်ဖြင့် ထုတ်လုပ်ရခြင်း ဖြစ်ပါကြောင်း၊
ဇီဝလောင်စာဖြစ် သစ်ကိုင်း၊ သစ်ရွက်များက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အမျိုးအစားဖြစ်ပြီး ကျေးလက်ဒေသများတွင် အဆိုပါလောင်စာများကို လွယ်ကူစွာ ရရှိနိုင်သည်မှာ မှန်ပါကြောင်း၊ ကာဗွန်ထုတ်လုပ်မှု ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ အခြားလောင်စာ စွမ်းအင်များ၏ အသုံးချမှုကို အစားထိုးလျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ သို့သော် ဇီဝလောင်စာကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျှင် အိုဇုန်းလွှာကို ထိခိုက်သည့် မီသိန်းဓာတ်ငွေ့ ထုတ်လုပ်မှု ဓာတ်ငွေ့ထွက်ရှိမှု ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အဆိုပါလောင်စာများကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြခြင်း ဖြစ်သည့်အတွက်ကြောင့် ထွက်ရှိမှု တစ်နှစ်တာပတ်လုံး ခန့်မှန်းတွက်ချက်ရန် အရေးကြီးလာခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် တစ်နှစ်ပတ်လုံး လည်ပတ်နိုင်ရန် အဆိုပါ လောင်စာများကို စုဆောင်းသိုလှောင်ထားရန်အတွက် နေရာများအများကြီး လိုအပ်ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် လယ်ယာမြေဧကပေါင်းများစွာ စိုက်ပျိုးထုတ်လုပ်မည့် အဆိုပါ လောင်စာများကို စုဆောင်းသယ်ယူရသည့် စရိတ်များ၊ သယ်ယူရမည့် လမ်းပန်းဆက်သွယ်ရေး အကွာအဝေးများသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်ထဲတွင် ပါဝင်သက်ရောက်လာမည် ဖြစ်ပါကြောင်း၊
ဇီဝလောင်စာများကို တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်ရရှိအောင် စိုက်ပျိုးမည်ဆိုလျှင် လေ့လာမှုများအရ ၁၀၀၀ ကီလိုဝပ် နာရီလျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ရန်အတွက် သစ်တန်ချိန် တစ်တန်နှင့် ညီမျှသည့် ဇီဝလောင်စာ လိုအပ်လာမည် ဖြစ်ပါကြောင်း၊ အဆိုပါလောင်စာရရှိရေးအတွက် စိုက်ပျိုးမြေဧရိယာလိုအပ်ချက်က ဧက ၇၀၀ လိုအပ်မည် ဖြစ်ပါကြောင်း၊ အဆိုပါနည်းလမ်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်ကုန်ကျစရိတ် 1 မဂ္ဂါဝပ်အတွက် အမေရိကန်ဒေါ်လာ ၄ သန်းခန့် ရင်းရမည်ဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံအတွက်ဆိုလျှင် 1 မဂ္ဂါဝပ်ထုတ်လုပ်ရန် ၁.၂ သန်းခန့်သာ ရင်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ယူနစ်လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် ဇီဝလောင်စာနှင့် ထုတ်လုပ်ခဲ့လျှင် အမေရိကန်ဒေါ်လာ ၃၆ ဆင့်မှ ၄၀ ဆင့်အထိ ကုန်ကျလာမည်ဖြစ်ပြီး မြန်မာကျပ်ငွေ ဓာတ်အားခ အရင်းကကို ၄၀၀ ကျပ်ကနေ ၅၀၀ ကျပ်ခန့်အထိ ရောက်ရှိသွားမည် ဖြစ်သည့်အတွက်ကြောင့် ဓာတ်အားခဈေးနှုန်း ကြီးမြင့်လာပါကလည်း ပြည်သူလူထုနှင့် စက်မှုလုပ်ငန်းရှင်များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး မဂ္ဂါဝပ်ပမာဏ အဆင့်ရှိသည့် တပ်ဆင်အင်အားကြီးမားသည့် ဇီဝလောင်စာသုံးဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် လတ်တလောဆောင်ရွက်ရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
