ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၉ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးစိုင်းအောင်ကျော်၊ ကျေးသီးမဲဆန္ဒနယ်မှ မေးမြန်းသော ကျေးသီးမြို့နယ်၊ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင်သွားသော နမ့်ကုံး ရေကန် ရေဝေရေလဲဧရိယာ ၃၁ ဧကနှင့် တောင်သူများ၏ စိုက်ခင်း ၁၆၅ ဧကအား ပြည်သူပိုင်အဖြစ် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူများ အသုံးပြု လျက်ရှိသော သဘာဝရေများထွက်ရှိသည့် နမ့်ကုံးရေကန်နှင့် ရေဝေရေလဲဧရိယာ ၃၁ ဧကအား မြို့နယ်အတွင်းရှိ ပြည်သူလူထု၊ ရဟန်းသံဃာနှင့်ရပ်မိရပ်ဖများ၏ သဘောဆန္ဒအတိုင်း အများပြည်သူလူထုပိုင်အဖြစ် ပြန်လည်စွန့်လွှတ်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧကသည် တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်ရရှိခဲ့ပြီးဖြစ်ခြင်း၊ ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာမရှိခြင်း၊ တပ်ရင်း၏အဆောက်အဦ၊ စက်ပစ်ကွင်းများနှင့် နီးကပ်စွာ တည်ရှိနေခြင်းတို့ကြောင့် လုံခြုံရေးအရ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးတိုးသောင်၊ မိုးမိတ်မဲဆန္ဒနယ်မှ မေးမြန်းသော မိုးမိတ်မြို့တွင် လျှပ်စစ်မီး (၂၄)နာရီ ရရှိသုံးစွဲနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မိုးကုတ်မှမိုးမိတ်သို့ ဓာတ်အားလိုင်း ကို အသင့်တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့်အတွက်ကြောင့် ထပ်ဆင့်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ယခုမတ်လနောက်ဆုံးပတ်အတွင်းမှာဆောင်ရွက်ပြီး ဓာတ်အား ပို့လွှတ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်မှ မေးမြန်းသော မြေပုံမြို့ပေါ်ရှိ ပြည်သူများ၊ င/မန်းရဲကျွန်း တိုက်နယ်ရှိ ကျေးရွာများ၊ မြေပုံမြို့နယ်အတွင်း မဟာဓာတ်အားလိုင်း ဖြတ်သန်း သွားရာဒေသရှိကျေးရွာများ လျှပ်စစ်မီးသုံးစွဲနိုင်ရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မြေပုံမြို့ပေါ်ရှိပြည်သူများအတွက်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ် ပြည်နယ်အစိုးရ၏ ပိုလျှံရန်ပုံငွေနှင့် တည်ဆောက်ပေးဖို့ စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ င/မန်းရဲကျွန်း တိုက်နယ်ရှိ ကျေးရွာများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ရခိုင်ပြည်နယ်အစိုးရ၏ ရန်ပုံငွေထဲမှာ ထည့်သွင်းလျာထားပြီး ဆောင်ရွက် ပေးဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့်မြေပုံမြို့နယ်အတွင်း မဟာဓာတ် အားလိုင်း ဖြတ်သန်းသွားရာဒေသရှိကျေးရွာများကို ဝန်ကြီးဌာနက ၅ နှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားသည့်အတွက်ကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးအောင်သိုက်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော ဆိပ်ဖြူလျှပ်စစ်ဓာတ်အားခွဲရုံမှ လက်ဆယ်ကျေးရွာထိ၊ ပင်းတလဲကျေးရွာနှင့် ဆူးလေကုန်းကျေးရွာထိ မီးတိုင်၊ မီးကြိုးများ သွယ်တန်းပြီးဖြစ်ပါ၍ မီးတိုင်၊ မီးကြိုးနှင့်နီးသော ကျေးရွာများအား လျှပ်စစ်မီးပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နှစ်အလိုက် မကွေးတိုင်းဒေသကြီး အစိုးရ၏ ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် တိုင်းဒေသကြီး အစိုးရထံ ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၅) ဦးခင်မောင်မြင့်၊ ရပ်စောက်မဲဆန္ဒနယ်မှ မေးမြန်းသော ရပ်စောက်မြို့နယ်အတွင်းရှိ 11 KV ဓာတ်အားလိုင်းများမှ (၂)မိုင်အတွင်းရှိသည့် ကျေးရွာများ ကျေးလက်မီး လင်းရေးလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၈ ခုနှစ်၊ (ဧပြီလမှ စက်တင်ဘာလအထိ) ၆ လ ဘဏ္ဍာရေးနှစ်အတွင်းမှာ ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ ညှိနှိုင်းစီစဉ်ဆောင်ရွက်ထား ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးသာအောင်၊ မြို့သစ်မဲဆန္ဒနယ်မှ မေးမြန်းသော လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရာတွင် လယ်သမားတို့၏ နှစ်စဉ်စိုက်ပျိုးရာမှ ထွက်ရှိလာသော အရိုး၊ အရွက်နှင့် ကိုင်းဖျားကိုင်းနားများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်နိုင်မည့် ဇီဝလောင် စာသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် ဝန်ကြီးဌာနအနေနှင့် လတ်တ လော ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ၂၆ ချက်ကို သဘော တူညီခဲ့ပြီး သဘောကွဲလွဲသည့် ၃၃ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံး ဖြတ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ အစည်းအဝေးကို နံနက်( ၁၀ )နာရီ( ၅၅ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၄.၃.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာ ရီ တွင် လျာထားပါသည်။
