နမ္မတူမြို့နယ်၊ နမ့်မျှော်ကျေးရွာအုပ်စု၊ မန်မိုင်လွိုင်ငင်းကျေးရွာ၌ ကျေးလက်ရေရရှိရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချမှတ်ဆောင်ရွက်ခဲ့သော (၇၉၀၀)ပေ ရေပိုက်၊ ရေကန်နှင့် ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းသည် ဘဏ္ဍာရေးနှစ်ကျော်လွန်သည်အထိ လုပ်ငန်းပြီးစီးမှု မရှိသည့်အတွက် မည်သို့ဆက်လက်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နမ္မတူမြို့နယ်၊ နမ့်မျှော်ကျေးရွာအုပ်စုရှိ မန်မိုင်လွိုင်ငင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေ ရရှိရေးအတွက် ရေပိုက်၊ ရေကန်နှင့် ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ၁၃.၃၁ သန်းဖြင့် ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသ၏ ရှိရင်းစွဲ ရေအရင်းအမြစ်အပေါ်အခြေခံပြီး ကျေးလက် သောက်သုံးရေရရှိရေးအတွက် ဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရမည့်ရေကန်အတွက် စုဆောင်းထားသော အုတ်များ၊ လေလွင့်နေသော ဘိလပ်မြေများ ၆-၁၁-၂၀၁၇ ရက်နေ့အထိ တွေ့ရှိနေရပါကြောင်း၊ လုပ်ငန်း၏ မည်သည့်ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးကြောင်း၊ ဘဏ္ဍာရေးနှစ်ကျော်လွန်သည်အထိ လုပ်ငန်း ပြီးစီးမှုမရှိသော လုပ်ငန်း၏ဆက်စပ်ဘဏ္ဍာငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မည်သို့ဆက်လက်ဆောင်ရွက် ထားကြောင်းနှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းကိုဆောင်ရွက်ခြင်းမရှိဘဲ ဘဏ္ဍာငွေအလေအလွင့်ဖြစ်နေစေခြင်းကို မည်သို့ဆက်လက်အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းမေးမြန်းချက်အရ ဌာနအနေဖြင့် စိစစ်အရေးယူမှုပြုလုပ် နိုင်ခဲ့သည့်အတွက် လုပ်ငန်းပြီးမြောက်အောင်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နမ္မတူမြို့နယ်၊ နမ့်မျှော်ကျေးရွာအုပ်စု၊ မန်မိုင်လွိုင်ငင်းကျေးရွာသည် အိမ်ခြေ ၁၅ အိမ်၊ လူဦးရေ ၆၇ ဦးရှိပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အဆိုပါကျေးရွာရေရရှိရေးလုပ်ငန်းများဖြစ်သော ပိုက်လိုင်းပေ ၇၉၀၀ သွယ်တန်းခြင်းလုပ်ငန်း၊ ၁၅ ပေ x ၁၀ ပေ x ၆ ပေ အရွယ် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်နှင့် ၂၅ ပေ x ၃ ပေ x ၄ ပေ အရွယ်အစားရှိ ရေတားတမံတစ်ခု တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေကျပ် သန်း ၁၃.၃၁ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း စတင်လုပ်ငန်းအကောင်အထည်ဖော်သည့်အခါ ပိုက်လိုင်းပေ ၇၉၀၀ သွယ်တန်းခြင်းနှင့် ၂၅ ပေ x ၃ ပေ x ၄ ပေ အရွယ်အစားရှိ ရေတားတမံတည် ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခဲ့ပါကြောင်း၊ ဂါလန် ၅၀၀၀ ဆန့် ရေစုကန်အတွက် ဘိလပ် မြေအိတ် ၅၀၊ အုတ်အချပ် ၃၀၀၀ နှင့် သဲကျင်းနှစ်ကျင်းတို့ကို လုပ်ငန်းတည်ရာကျေးရွာကို ပေးပို့ခဲ့ပြီးနောက် လုပ်ငန်းဆောင်ရွက်ခြင်းမရှိဘဲ ရပ်နားထားခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
လုပ်ငန်းတည်ဆောက်သော တာဝန်ခံအင်ဂျင်နီယာအနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့် နယ်မြေတည်ငြိမ်မှုရှိပါက လုပ်ငန်း ပြီးစီးအောင် လာရောက်ဆောင်ရွက်ပေးမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကတိကဝတ်ပြုခဲ့ပြီး ကျန်သည့်လုပ်ငန်းအတွက် ရန်ပုံငွေကို လုပ်ငန်းပြီးစီးကြောင်းအထောက်အထားရယူပြီး ရန်ပုံငွေ ထုတ်ယူ လက်ဝယ်ထားရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးအနေဖြင့် လုပ်ငန်းတည် ဆောက်စဉ်ကာလအတွင်း နှစ်ကြိမ်သာ ကွင်းဆင်းစစ်ဆေးနိုင်ခဲ့ပြီး အရည်အသွေးစစ်ဆေးရေး အဖွဲ့အနေဖြင့်လည်း တစ်ကြိမ်သာကွင်းဆင်းစစ်ဆေးနိုင်သည်ကို စိစစ်သိရှိရပါကြောင်း၊
လုပ်ငန်းတည်ဆောက်ရာတွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခဲ့လျှင်သော်လည်းကောင်း၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက် နိုင်မှု မရှိခဲ့လျှင်သော်လည်းကောင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အခြေအနေအမှန်ကို အထက်ဌာနသို့ မှန်ကန်စွာစစ်ဆေးတင်ပြရမည့် တာဝန်ရှိသော်လည်း ဆောင်ရွက်ခြင်းမရှိခဲ့ပါကြောင်း၊
ယခုကဲ့သို့အခြေအနေတွင် လုပ်ငန်းပြီးမြောက်ပြီး ဒေသခံပြည်သူများ သောက်သုံးရေရရှိ နိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးရုံးခွဲ၏ကြီးကြပ်မှုဖြင့် မူလလုပ်ငန်းတာဝန်ခံကို တာဝန်ယူစေပြီး ဆက်လက်တည်ဆောက်စေခဲ့ပါကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံးပြီးစီးခဲ့ပြီး ကျေးရွာပြည်သူများ ရေရယူသုံးစွဲလျက်ရှိနေပြီ ဖြစ်ပါကြောင်း၊
သို့သော်လည်း သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခဲ့ သည့်အတွက်လည်းကောင်း၊ ကွင်းဆင်းကြီးကြပ်မှုအပိုင်းတွင် အားနည်းခဲ့သည့်အတွက်ကြောင့် လည်းကောင်း ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူကိစ္စရပ်မျိုးထပ်မံမဖြစ်ပေါ်စေဖို့အတွက်လည်း ဌာနအနေဖြင့် အထူးကြပ်မတ်စီမံဆောင်ရွက်သွားရန် ညွှန်ကြားဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းကိစ္စ နှင့်ပတ်သက်ပြီး အရေးယူမှုအပိုင်းတွင် လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာကို ရာထူးမှ ထုတ်ပယ် ခဲ့ပြီးဖြစ်ပါကြောင်း၊ နမ္မတူမြို့နယ်ဦးစီးမှူးကို ရာထူးတစ်ဆင့်လျှော့ချပါကြောင်း၊ အရည်အသွေး စစ်ဆေးသည့်အဖွဲ့ဝင်များကို ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းခဲ့ပါကြောင်း၊ ခရိုင်ဦးစီးမှူးကို နှစ်တိုးလစာ ရပ်ဆိုင်းခြင်းနှင့် ပြည်နယ်ရုံးခွဲဦးစီးမှူးကို စာဖြင့်သတိပေးခြင်းစသည့် ပြစ်ဒဏ်အသီးသီး ချမှတ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊
နမ္မတူမြို့နယ်၊ နမ့်မျှော်ကျေးရွာအုပ်စု၊ မန်မိုင်လွိုင်ငင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော ရေရရှိရေးလုပ်ငန်းသည် ယခုအခါ လုပ်ငန်းများပြီးစီးသည့်အတွက် ဒေသခံပြည်သူများ ရေရယူသုံးစွဲလျက်ရှိနေပြီဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့မှုမရှိခဲ့သည့် တာဝန်ရှိသူအသီးသီးကိုလည်း နိုင်ငံ့ ဝန်ထမ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နန်းခမ်းအေး(နမ္မတူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒုတိယဝန်ကြီးဖြေကြားသွားသည်နှင့် မြေပြင်အခြေအနေ ကွဲလွဲမှုရှိနေပါကြောင်း၊ မြေပြင် အခြေအနေအတိုင်း ရှိနေပါက ဆက်စပ်မေးခွန်းကို မိမိမေးမြန်းစရာ အကြောင်းမရှိပါကြောင်း၊ ၂၅ ပေ x ၃ ပေ x ၄ ပေ ရေတားတမံသည် ၂၅ ပေ မရှိပါကြောင်း၊ ရေတားတမံ၏ အရှေ့ဘက်တွင် ရေများစီးထွက်နေပါကြောင်း၊ လိုအပ်ချက်များ များပြားနေသော ရေတားတမံတစ်ခုသည် ရေကို သိုလှောင်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရမည် ဖြစ်သည့်အပြင် ဒုတိယဝန်ကြီးဖြေဆိုသွားသည့် ၇၉၀၀ ပေ ဆိုသည်မှာ ပေ ၁၀၀၀ ကျော်သာ ရှိပါကြောင်း၊ ၎င်းရေတားတမံ ရေသွယ်ယူမှုလုပ်ငန်း တည်ဆောက်ပြီး ပိုက်များ ပိုလျှံနေပါကြောင်း၊ ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းရမည် ဖြစ်သော်လည်း ယခုတည်ဆောက်မှုလုပ်ငန်း အသေး စားလေးတစ်ခုကိုတောင်မှ ထပ်ခါထပ်ခါ ပြန်လည်ထိန်းကျောင်းနေရသည်မှာ သက်ဆိုင်ရာ ဌာန၏အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးအားနည်းချက်ရှိသည်ကို ဖော်ညွှန်းနေပါကြောင်း၊ ရေယိုစိမ့်နေ သည်ကို ဒီဇင်ဘာလကတည်းက သက်ဆိုင်ရာဌာနကို ကျေးရွာက အကြောင်းကြားထားပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ပြန်လည်ပြင်ဆင်ပေးခြင်းမရှိသည့်အတွက် အဆိုပါရွာသည် သောက်သုံးရေ လုံလောက်မှုမရှိပါကြောင်း၊ ထို့ကြောင့် ၎င်းလုပ်ငန်းနှင့်ပတ်သက်သော မြို့နယ် အဆင့်ကနေ သက်ဆိုင်ရာဌာနအသီးသီးရှိ တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများကို နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့်အညီ မည်သို့ထပ်မံအရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သည့်အခါ စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိ/မရှိ မိမိတို့ရုံးချုပ် အဆင့်က အထူးအဖွဲ့ဖွဲ့ပြီး ပြန်လည်ကွင်းဆင်းစစ်ဆေးပေးပြီး စစ်ဆေးမှုရရှိချက်အပေါ်မူတည်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ တာဝန်ရှိသူကို တာဝန်ရှိသည့်အလျောက် ပြန်လည်အရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
