ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ ယခင်သာသနာနယ်မြေအဖြစ် သတ်မှတ်ထားသော ပန်ဝိုင်ရွာ တည်ရှိရာ မြေဧက ၃၀၀ ကို ဂရန်ကျပြီးသည့် ကျောင်း၊ ဘုရားရှိခိုးကျောင်း၊ ကျမ်းစာကျောင်းတို့ကို ချန်လှပ်၍ ကျန်ရှိသည့်ပုံစံ(၇)ကျပြီး မြေမကျဘဲ လုပ်ကိုင်လျက်ရှိသည့် ဥယျာဉ်ခြံမြေနှင့် မြေလွတ်၊ မြေရိုင်းအပါအဝင် ဧက ၂၃၀.၄ ဧကကို နှစ်ခြင်းခရစ်ယာန် သာသနာနယ်မြေအဖြစ် ပြန်လည် သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိသိရှိလို၍ မေးမြန်းခဲ့သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပန်ဝိုင်ရွာသည် ယခင်က အမေရိကန်နှစ်ခြင်းခရစ်ယာန် သာသနာပြုဆရာကြီးလင်မယားသည် ကျိုင်းတုံစော်ဘွားကြီးထံ ဧက ၃၀၀ ငှားရမ်းပြီး ပန်ဝိုင်နှစ်ခြင်း ခရစ်ယာန်သာသနာနယ်မြေအဖြစ် စတင်တည်ထောင်ခဲ့သောရွာဖြစ်ပါကြောင်း၊ စတင်တည်ထောင်ခဲ့သူများ ပြန်သွားပြီးနောက် အမေရိကန်နှစ်ခြင်းသာသနာပြု ဆရာတော်ကြီး များက အဆက်ဆက်တာဝန် ယူခဲ့ပါကြောင်း၊ မစ္စတာပေါလ်လင်မယား ပြန်သွားပြီးနောက် လားဟူတိုင်းရင်းသား ခရစ်ယာန်ဆရာတော်များက ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျိုင်းတုံမြို့နယ်၊ မြေစာရင်းအင်း ဦးစီးဌာန၏မြေယာစာရင်းပုံစံ ၁(က) တွင်လည်း သာသနာပိုင် ဥယျာဉ်ခြံမြေစိုက်ပျိုးရန်ဟု တရားဝင် အမည်ပေါက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခင်က ပန်ဝိုင်ရွာတွင် ခရစ်ယာန်သာသနာမှ အထက်တန်း ကျောင်းနှင့် ကျမ်းစာကျောင်းများကို ဖွင့်လှစ် ထားရှိခဲ့ပြီး အမျိုးသား၊ အမျိုးသမီးဘော်ဒါဆောင်များ ဖွင့်လှစ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုးမြို့နယ်မှ ခရစ်ယာန်များနှင့် ခရစ်ယာန်မဟုတ်သူများ လာရောက်နေထိုင်၍ ပညာသင်ကြားခဲ့ သောကြောင့် ပန်ဝိုင်ကျေးရွာတည်ရှိရာ မြေဧက ၃၀၀ သည် လားဟူနှစ်ခြင်း ခရစ်ယာန်သာသနာ စတင်ခဲ့သည့် နယ်မြေဖြစ်သဖြင့် အလွန်အရေးပါသောကျေးရွာဖြစ်ပါကြောင်း၊ သာသနာနယ်မြေ အဖြစ်သတ်မှတ်သော ပန်ဝိုင်ရွာနယ်မြေအတွင်း ခရစ်ယာန်ဆရာတော်များ၏ မိသားစုများ၊ ကျောင်းဆရာဆရာမများ၏မိသားစုများ၊ ဘော်ဒါဆောင်နေကျောင်းသားကျောင်းသူများ၏ နေထိုင်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ဘာသာရေးရည်ရွယ်ချက်ဖြင့် ခွဲဝေလုပ်ကိုင်စားသောက် စေပြီး ကျေးရွာထင်း စိုက်ခင်း၊ စားကျက်မြေ၊ ရွာပိုင်သစ်တောမြေတို့ကိုလည်း စနစ်တကျ ထိန်းသိမ်းထားရှိခဲ့ပါကြောင်း၊ ပန်ဝိုင်ရွာတည်ရှိရာနယ်မြေကို သာသနာနယ်မြေအဖြစ် ၁၉၆၀ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် သာလံကျော်ဖုန်းမှ ထပ်မံ၍ အနှစ် ၃၀ မြေငှားဂရန်စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ကိုယ်ပိုင်ကျောင်းများကို ပြည်သူပိုင်သိမ်းယူပြီးနောက် ကျောင်းမြေ၊ ဘုရားရှိခိုး ကျောင်းမြေ၊ ကျမ်းစာကျောင်းမြေတို့ကို ဂရန်ချထားခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် သစ်တောဦးစီးဌာနမှ ကြိုးဝိုင်းတော၊ ကြိုးပြင်တောများသတ်မှတ်စဉ် ကလည်း ပန်ဝိုင်ရွာတည်ရှိသည့် မြေဧက ၃၀၀ ကို သာသနာနယ်မြေအဖြစ် ချန်လှပ်ထားခဲ့ပါကြောင်း၊ ယခုအခါ ပန်ဝိုင်ရွာတည်ရှိရာမြေကို ကျောင်းမြေ၊ ဘုရားရှိခိုးကျောင်းမြေအပြင် အချို့ရွာသားများကို ၎င်းတို့လုပ်ကိုင်နေသည့် ယာမြေအား ပုံစံ(၇)ချပေးပြီး ကျန်မြေများကို မြေလွတ်၊ မြေရိုင်းအဖြစ် ပြန်လည်သတ်မှတ်ပါ ကြောင်း၊ ထို့ကြောင့် လက်ရှိလားဟူနှစ်ခြင်းခရစ်ယာန်အတွင်းရေးမှူး ဆရာတော် ဦးလာဇလုပါ လေးဦးကို သာသနာနယ်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်ရန် လျှောက်ထားခဲ့ရာ ကျိုင်းတုံ ခရိုင်၊ လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၏ ညွှန်ကြားချက်အရ ကျန်ရှိသည့် မြေလွတ်၊ မြေရိုင်း ၁၃၂ ဧကကိုသာ ဆရာတော် ဦးလာဇလုပါ လေးဦးမှ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု မြေလွတ်၊ မြေရိုင်းဥယျာဉ်ခြံ သီးနှံစိုက်ပျိုးလုပ်ကိုင်နိုင်ရန် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့်ပြုရန် လျှောက်ထားခဲ့ရကြောင်း၊ သာသနာနယ်မြေအတွက် ဥယျာဉ်ခြံမြေစိုက်ပျိုးရန် လျှောက်ထားလိုခြင်းဖြစ်ပါကြောင်း၊ ထိုသို့ လွဲမှားလျှောက်ထားမှု အကျိုးဆက်မှာ ပန်ဝိုင်ရွာတွင်နေထိုင်၍ ပုံစံ(၇)ကျပြီး လက်ရှိလုပ်ကိုင်နေသူနှင့် ပန်ဝိုင်ရွာတွင် နေထိုင်ခြင်းမရှိသူ၊ ပန်ဝိုင်ရွာမှ ထွက်ခွာသွားပြီးသူ၊ ဦးဒီကီပေါလ်ပါ ၁၂ ဦးက စားကျက်မြေ၊ ထင်းစိုက်ခင်းမြေနှင့် ဥယျာဉ်ခြံမြေလုပ်ကိုင်ရန် မြေမကျန်ရှိတော့ဟု အကြောင်းပြ၍ ကန့်ကွက် သဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း ဆုံးဖြတ်မပေးနိုင်သဖြင့် ကြန့်ကြာလျက်ရှိပါကြောင်း၊ နှစ်ခြင်းခရစ်ယာန်ဆရာတော်များသည် အတွင်းရေးမှူးတာဝန်ကို ရာသက်ပန် ထမ်းဆောင်ခြင်း မဟုတ်ပါကြောင်း၊ သုံးနှစ်တစ်ကြိမ်ရွေးကောက်ခံပြီး သက်တမ်းသုံးကြိမ်သာ တာဝန်ထမ်းဆောင် ရသဖြင့် အကူးအပြောင်းကာလတွင် လစ်ဟာသွားခြင်းကြောင့်လည်းကောင်း၊ ဘာသာရေး ဆရာတော်များသည် အစိုးရရုံးများ၊ မြေစာရင်းရုံးများနှင့် ကင်းကင်းရှင်းရှင်းနေလေ့ရှိသဖြင့် လည်းကောင်း၊ ဘာသာရေးတစ်ခုတည်းကိုသာ အာရုံစိုက်နေခြင်း ကြောင့်လည်းကောင်း၊ မြေဂရန်သက်တမ်းတိုးရန် မသိရှိခြင်းကြောင့်လည်းကောင်း သာသနာနယ်မြေအဖြစ်မှ ပျက်ပြယ် ခဲ့ရကြောင်း၊ ယခု သာသနာနယ်မြေ အဖြစ် ပြန်လည်လျှောက်ထားရခြင်းမှာလည်း စားကျက်မြေ၊ ထင်းစိုက်ခင်းမြေနှင့် ရွာပိုင်မြေ၊ ဥယျာဉ်ခြံမြေ များကို စနစ်တကျ ပြန်လည်ထိန်းသိမ်းလို၍ ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း၊ ရွာသားအချို့မှာ ပုံစံ(၇)ရပြီး နောက် တခြားတွင်နေထိုင်သူလုပ်ငန်းရှင်သူဌေးများသို့ ရောင်းချရန် ကမ်းလှမ်းခဲ့သည်ကို ကြားသိ ရ၍ ရွာသူရွာသားများ ဝိုင်းဝန်းကန့်ကွက်သဖြင့် အထမမြောက်ခဲ့ကြောင်း၊ ပန်ဝိုင်ရွာတွင် နေထိုင်ခြင်းမရှိသူများကိုပါ စည်းရုံး၍ ပြန်လည်ကန့်ကွက်နေခြင်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄ အရ နိုင်ငံသားတိုင်း ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ကိုးကွယ် စောင့်တည်နိုင်သော အခွင့်အရေးအညီအမျှရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်သာသနာကို အသိအမှတ်ပြုပြီးဖြစ်သည်နှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၃ တွင် အသိအမှတ်ပြုထားသော ဘာသာသာသနာကို တတ်နိုင်သမျှ ကူညီ စောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားချက်အရ ပြည်ထောင်စုအစိုးရ၏ ကူညီစောင့်ရှောက်မှုကို အလွန်လိုအပ်လျက်ရှိပါကြောင်း မေးမြန်းခဲ့သည်။
ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ဝိုင်ရွာတည်ရှိရာမြေသည် ရှမ်းစော်ဘွားများ လက်ထက် ကျိုင်းတုံခရိုင်စော်ဘွားစဝ်စိုင်းလုံ၏ ခွင့်ပြုချက်ဖြင့် ပန်ဝိုင်ခရစ်ယာန် စာသင်ကျောင်း မြေအဖြစ် ဧရိယာဧက ၃၀၀ ကို ၂၃-၁၀-၁၉၆၀ ရက်နေ့မှ ၂၂-၁၀-၁၉၉၀ ရက်နေ့အထိ နှစ် ၃၀ စော်ဘွားဂရန်ရရှိထားပါကြောင်း၊ ၁၉၅၃ ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့စဉ်က နယ်မြေအခြေအနေအရ နိုင်ငံပိုင်ပြုလုပ်မှုလုပ်ငန်းစဉ် မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၁၉၆၃ ခုနှစ်တွင် လယ်ယာမြေ သီးစားချထား ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း စော်ဘွားဂရန် မြေကို ဂရန်သက်တမ်းကုန်ဆုံးချိန် ၁၉၉၀ ပြည့်နှစ်တွင် ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် ထိုမြေအားလုံးသည် မြေလွတ်၊ မြေရိုင်းများအဖြစ် ဆက်လက် တည်ရှိသွားခြင်းဖြစ်ကြောင်း၊ စော်ဘွားဂရန်မြေချထားစဉ်က ကိုယ်ပိုင်မြေတိုင်းစာရေးများနှင့် တိုင်းတာခဲ့ ရာ မူလက ဧက ၃၀၀ ဟု ဖော်ပြခဲ့သော်လည်း တိုင်းတာမှုစနစ်ကွာခြားချက်အရ လက်ရှိမြေပြင်ကွင်းဆင်း စိစစ်ချက်တွင် မြေတည်ရှိမှုသည် ၂၃၄ ဧကသာ ရှိပါကြောင်း၊ ယင်း ၂၃၄ ဧကအနက် ၂၀၁၈ ခုနှစ်တွင် ဘုရားရှိခိုးကျောင်းနှင့် ကျမ်းစာကျောင်း မြေနေရာ ၁.၈၅ ဧက၊ ၂၀၁၀ ခုနှစ်တွင် အစိုးရ စာသင်ကျောင်း ၁.၇၅ ဧကတို့သည် ၁၀ နှစ် မြေငှား ဂရန်ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ပန်ဝိုင်(အထက်) ကျေးရွာမြေအနေနှင့် ၁၇.၆၃ ဧကရှိပါကြောင်း၊ လက်ရှိ စိုက်ပျိုးမြေအဖြစ် တည်မြဲနေသည့် ဥယျာဉ်ခြံမြေ ၃၂.၇၇ ဧကသည် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိခဲ့ပြီး လက်ရှိ ဥယျာဉ်ခြံစိုက်ပျိုး လျှက်ရှိပြီး ပုံစံ(၇)လျှောက်ထားခြင်း မရှိသေးသည့် ဧရိယာဟာ ၆၈ ဧကရှိပါကြောင်း၊ ကျန်သည့် ၁၁၂ ဧကသည် မြေလွတ်မြေရိုင်းအဖြစ် တည်ရှိဆဲဖြစ်ပါကြောင်း၊ စုစုပေါင်းမြေဧရိယာ ၂၃၄ ဧက အနက် မြေလွတ်၊ မြေရိုင်းဧရိယာ ၁၁၂ ဧကကို လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလာဇလုပါ ၄ ဦးမှ ဥယျာဉ်ခြံသီးနှံစိုက်ပျိုး လုပ်ကိုင်ခွင့်ရရန် လျှောက်ထားခဲ့ကြောင်း၊
အဆိုပါလျှောက်ထားချက်အရ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ကျိုင်းတုံခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနတို့မှ အဆင့်ဆင့် တင်ပြစိစစ်ချက်များအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုနိုင်ရန် အမှုတွဲတည်ဆောက်ဆောင် ရွက်ခဲ့ပြီး လျှောက်ထားချက် အပေါ် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကန့်ကွက်လိုသူရှိပါက ရက်ပေါင်း ၃၀ အတွင်း(၂၈-၁၁-၂၀၁၇ မှ ၂၇-၁၂-၂၀၁၇ ထိ) ကန့်ကွက်နိုင်ကြောင်း ကန့်ကွက် လွှာ ထုတ်ဆင့်ခဲ့ပါကြောင်း၊ ယင်းအပေါ် ဦးထွန်းထွန်းလင်းပါ ၁၂ ဦးသည် ၈-၁၂-၂၀၁၇ ရက်စွဲနှင့် ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း၊ ထိုသို့ ကန့်ကွက်မှုရှိခဲ့သည့်အတွက် ကျိုင်းတုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေနှင့် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ ၁၂ နှင့်အညီ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊
ဦးလာဇလုပါ ၄ ဦးသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်လျှောက်ထားခြင်းမှာ ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးလုပ်ကိုင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းမြေကို သာသနာမြေအဖြစ် အသုံးပြုရန် လျှောက်ထားမည်ဆိုလျှင် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပုံစံ(၄)နှင့် ပြန်လည်လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးမြေအဖြစ် လျှောက်ထား၍မရပါကြောင်း၊ အဆိုပါလျှောက်ထားမှုအပေါ် ကန့်ကွက်မှုရှိ/မရှိ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
