မိမိတို့နိုင်ငံအတွင်း အချိန်တိုခြောက်လ၊ တစ်နှစ်အတွင်း ဝင်ငွေများများ ရှာပေးနိုင်သည်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်သည့်အတွက် ထိုလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ရင်းနှီးမြှုပ်နှံ၊ ပံ့ပိုးကူညီပေးလျှင် အချိန်တိုကာလအတွင်း နိုင်ငံ့ဝင်ငွေအများကြီးရရှိမည့်အပြင် ပြည်သူများ၏ စာဝတ်နေရေးချောင်လည်လာမည် ဖြစ်ပါကြောင်း၊ မွေးမြူရေးအားပေးသည် ဆိုသော်လည်း တကယ်မွေးမြူသည့် သူများတွင် မွေးမြူရေးဇုန်နည်းနည်းလေးကလွဲလို့ မွေးမြူရေးမြေ သတ်သတ်မှတ်မှတ် ခွင့်ပြုထားခြင်းမျိုးမရှိပါကြောင်း၊ အိမ်ခြံကွက်လပ်များတွင် မွေးမည်ဆိုသော်လည်း အနီးနားက ကြက်ချေးစော်နံခြင်း၊ ဝက်ချေးစော်နံခြင်း၊ ကြက်သံ၊ ဝက်သံများ ဆူညံခြင်းနှင့် လယ်ထဲတွင်မွေးပြန်သော်လည်း တည်ဆဲလယ်ယာမြေဥပဒေနှင့် မလွတ်မကင်း ဖြစ်နေရပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် ခိုင်မာမှုမရှိသည့်မြေနေရာတွင် မည်သူမျှရင်းနှီးမြှုပ်နှံမှု စိတ်ချလက်ချ မမြှုပ်နှံရဲပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ယိုင်နဲ့နေမှုကြောင့်လည်း ပြည်ပက ကြက်သားများ၊ ဝက်သားများ ပြည်တွင်းကို ပြန်ပြီးစီးဝင်နေပါကြောင်း၊ မွေးမြူသူများ၊ မွေးမြူရေးလုပ်ငန်းနှင့် ပြည်သူလူထု၏ ကျန်းမာရေးကိုပါ ထိခိုက်ရပါကြောင်း၊
မြန်မာနိုင်ငံတွင် မြေအမျိုးအစား ၂၂ မျိုးရှိပြီး စီမံခန့်ခွဲပိုင်ခွင့်ရှိ ဝန်ကြီးဌာနများလည်း အသီးသီးရှိပါကြောင်း၊ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ ဥယျာဉ်မြေ၊ ဓနိမြေ၊ တောင်ယာမြေများဆိုလျှင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံခန့်ခွဲပါကြောင်း၊ တောရိုင်းမြေ၊ မြေရိုင်းမြေလည်း စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံခန့်ခွဲပါကြောင်း၊ သစ်တောကြိုးဝိုင်းမြေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက စီမံခန့်ခွဲခြင်းဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်သည့် အမှတ်စဉ် (၁၁) တွင် ပါသည့် ကျွဲ၊ နွားစားကျက်မြေဆိုလျှင် ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲခြင်းဖြစ်ပါကြောင်း၊ ယခုလိုစီမံခန့်ခွဲသည့် မြေများထဲတွင် လယ်ယာမြေကို တခြားနည်းအသုံးပြုရန် လျှောက်ထားမည်ဆိုပါက အဆင့်အားဖြင့် ၂၉ ဆင့်၊ အထူးသဖြင့် ကြန့်ကြာနေသည်မှာ မြို့နယ်/လယ်/စီ အစည်းအဝေးမှတ်တမ်းများ၊ မြို့နယ်/လယ်/စီ၏ သဘောထားမှတ်ချက်၊ ခရိုင်/လယ်/စီ အစည်းအဝေးမှတ်တမ်း၊ ခရိုင်/လယ်/စီ၏ သဘောထားမှတ်ချက်၊ တိုင်း/လယ်/စီ၏ အစည်းအဝေးမှတ်တမ်း၊ တိုင်း/လယ်/စီ၏ စိစစ်ချက်အချဉ်းချုပ် စသည်ဖြင့် အစိုးရအဖွဲ့များနှင့် အစည်းအဝေးလုပ်ရန် နှစ်နှင့်ချီပြီးစောင့်နေရပါကြောင်း၊ ထို့ကြောင့် အချိန်တိုအတွင်း နိုင်ငံခြားဝင်ငွေများရရှိရန်၊ ရင်းနှီးမြှုပ်နှံသူများလာရန်၊ ပြည်တွင်းစားသုံးသည့် သူများအဆင်ပြေရန်၊ မွေးမြူရေးသမားများ လိုအပ်နေသည့် မွေးမြူရေးမြေနေရာနှင့် ပတ်သက်၍ မွေးမြူရေးမြေနေရာကို တရားဝင်ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မြေအမျိုးအစားအလိုက် မည်ကဲ့သို့ အဆင့်ဆင့် လျှောက်ထားရမည်ကို ပြည်သူများသိရှိနိုင်ရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် မြေနေရာလျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် အသုံးပြုအကောင်ထည်ဖော် ဆောင်ရွက်မည့် မြေအမျိုးအစားအပေါ် မူတည်ပါကြောင်း၊ လယ်ယာမြေနှင့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် မိမိ၏စီမံခန့်ခွဲမှုရှိသည့် လယ်ယာမြေနှင့် မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့နှင့်အညီ စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်းကို လယ်ယာမြေပေါ်တွင် လုပ်မည်ဆိုလျှင် လယ်ယာမြေကို အခြားနည်းသုံးစွဲနိုင်ရန် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀ နှင့် အညီ လျှောက်ထားခွင့်ရှိပါကြောင်း၊ အဆိုပါ လယ်ယာမြေနှင့်စပ်လျဉ်းပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်နှင့် ခွင့်ပြုပေး လျက်ရှိပါကြောင်း၊ လယ်ယာမြေမှတစ်ပါး အခြားသောလယ်ယာမြေများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ စိစစ်ထောက်ခံချက်နှင့် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
လုပ်ငန်းစဉ်အနေဖြင့် လယ်ယာမြေနည်းဥပဒေတွင် ပါရှိသည့်အတိုင်း သက်ဆိုင်ရာမြို့နယ်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် လျှောက်ထားရမည် ဖြစ်ပါ ကြောင်း၊ လျှောက်ထားပြီးသည့်အလျှောက် မြို့နယ်ဦးစီးမှူးရုံးမှ စိစစ်မှုနှင့်အတူ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ကိုတင်ပြပြီး ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ရှိပါကြောင်း၊ ဆက်လက်ပြီး မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ကနေ ခရိုင်/တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ကို တင်ပြဆောင်ရွက်ရမှု ရှိသည့်အလျောက် လယ်မြေဆိုလျှင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် လယ်ယာမြေမှ တစ်ပါးဖြစ်သည့် လယ်ယာမြေများကို သက်ဆိုင်ရာ တိုင်းဒေသကြီး လယ်မြေမှတစ်ပါးဖြစ်သည့် လယ်ယာမြေများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် လယ်မြေနှင့်လယ်မြေမှတစ်ပါး လယ်ယာမြေများအပေါ် ဆောင်ရွက်ခွင့်ရရှိရေးအတွက် လုပ်နည်းစဉ်များဖြစ်ပါကြောင်း၊ လယ်ယာမြေပေါ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသည့် လုပ်ငန်းအဆင့်ဆင့်ကို တင်ပြရလျှင် မြို့နယ်ဦးစီးမှူးရုံးကို နည်းဥပဒေ ၈၂ အရ ပုံစံ (၁၄) ဖြင့် စတင်လျှောက်ထားရပါကြောင်း၊ မြို့နယ်ဦးစီးမှူးရုံးမှ နည်းဥပဒေ ၈၃ အရ လုပ်ငန်းစာတွဲ ဖွင့်ပြီး နည်းဥပဒေ ၈၄ အရ ရက်ပေါင်း ၃၀ အတွင်း စိစစ်ပေးပါကြောင်း၊ မြို့နယ်ဦးစီးမှူး ရုံးသည်နည်းဥပဒေ ၈၅ အရ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကို တင်ပြပြီး စာတွဲဖွင့်ပြီး ရက်ပေါင်း ၃၀ ကြာပါကြောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အား နည်းဥပဒေ ၈၆ အရ ၁၅ ရက် အတွင်းစိစစ်ပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား လယ်မြေဖြစ်လျှင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို ဆက်လက်တင်ပြပြီး ခွင့်ပြုချက်ရယူပါကြောင်း၊ လယ်မြေမှတစ်ပါး လယ်ယာမြေဖြစ်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်တင်ပြပြီး ဆုံးဖြတ်ခွင့်ပြု ပေးလျက်ရှိပါကြောင်း၊ လယ်မြေဖြစ်လျှင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၈၇ (က) အရ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က စိစစ်တင်ပြလာမှုအပေါ် ခွင့်ပြုပေးသည်ဆိုလျှင် ခွင့်ပြုမိန့်ပုံစံ (၁၅) ထုတ်ပေးပါကြောင်း၊ လယ်မြေမှတစ်ပါး လယ်ယာမြေဖြစ်မည်ဆိုလျှင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့သည် နည်းဥပဒေ ၈၇ (ခ) အရ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုက စိစစ်တင်ပြလာမှုအပေါ် ခွင့်ပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅) (က) ထုတ်ပေးပါကြောင်း၊ အားလုံးရက်ပေါင်း ၇၅ ရက်ကြာမြင့်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားသည့်လုပ်ငန်း အဆင့်ဆင့်ကို တင်ပြရလျှင် လျှောက်ထားသူသည် ပုံစံ (၂) ဖြည့်စွက်ပြီး မြို့နယ်မြေစာရင်းကနေ ရေးကူးပေးသည့် လိုအပ်သည့် မြေပုံအထောက်အထားများအပါအဝင် နည်းဥပဒေပါ သတ်မှတ်ချက်အတိုင်း ပူးတွဲပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီကို လျှောက်ထားရပါကြောင်း၊ ဗဟိုကော်မတီကနေ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေနှင့်ရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့ကို ပြန်လည်စိစစ်စေပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့က တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို စိစစ်စေပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်မှခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးကို ယခုကဲ့သို့ အဆင့်ဆင့်စိစစ်စေပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စိစစ်ချက်ဖြင့် အဆင့်ဆင့်ပြန်လည် တင်ပြရာတွင် မြို့နယ်ဦးစီးမှူးရုံးသည် လျှောက်လွှာစာတွဲလက်ခံရရှိလျှင် လုပ်ငန်းစာတွဲဖွင့်ပြီး ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာထုတ်ပြန်ရပါကြောင်း၊ ကန့်ကွက်မှုမရှိလျှင်၊ ကန့်ကွက်နိုင်ကြောင်း နောက်ဆုံးသတ်မှတ်ရက်ကနေ ခုနစ်ရက်အတွင်း ခရိုင်ဦးစီးမှူးရုံးကို တင်ပြရပါကြောင်း၊ ကန့်ကွက်မှု တစ်စုံတစ်ရာရှိခဲ့မည်ဆိုလျှင် မြို့နယ်ဦးစီးမှူးရုံးက ခုနစ်ရက်အတွင်း တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး ရုံးကနေတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ကို တင်ပြရပါကြောင်း၊ ဗဟိုကော်မတီက ဖွဲ့စည်းသည့် အဖွဲ့နှင့်သီးခြားအဖွဲ့ စိစစ်ရပါကြောင်း၊ သီးခြားအဖွဲ့သည် စစ်ဆေးရန်အကြောင်းကြားစာရပြီး ခုနစ်ရက်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သွားရောက်စစ်ဆေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လုပ်ငန်းအဖွဲ့ကို တင်ပြရပါကြောင်း၊ ခရိုင်ဦးစီးမှူးရုံးက ခုနစ်ရက်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးကို တင်ပြခြင်းက ခုနစ်ရက်ကြာပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ ခုနစ်ရက်အတွင်း တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအဖွဲ့ကို တင်ပြရသည်မှာ ခုနစ်ရက်ကြာပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ကနေ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပြီး သဘောထားမှတ်ချက်ရယူရပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာအစိုးရ အဖွဲ့၏ သဘောထားမှတ်ချက်ရပြီး ခုနစ်ရက်အတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို တင်ပြရပါကြောင်း၊ ဗဟိုကော်မတီမှ သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထား မှတ်ချက်များကို မှတ်ချက်နှင့်အညီ ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းကို ဆောင်ရွက်ပေးပါကြောင်း၊ ခွင့်ပြုပါက အာမခံကြေးပေးသွင်းစေပြီး မွေးမြူရေးလုပ်ငန်းအတွက် တစ်ဧကကျပ် ၁၀၀၀၀ နှုန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကိုပေးသွင်းရပါကြောင်း၊ အာမခံကြေးပေးသွင်းပြီးပြီဆိုလျှင် မွေးမြူရေးလုပ်ငန်းအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သုံးခွင့်ပြုသည့် ခွင့်ပြုမိန့်ပုံစံ (၁၃) ကို ထုတ်ပေးခြင်းကို ဆောင်ရွက်ရပါကြောင်း၊
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် လျှောက်ထားရာတွင် ခွင့်ပြုဧရိယာနှင့် စပ်လျဉ်းပြီး တင်ပြပေးပါမည်။ ငါး၊ ပုစွန်၊ ကဏန်းဆိုလျှင် ဧက ၁၀၀၀ ထက်မပိုစေဘဲ၊ ကျွဲ၊ နွား၊ မြင်းဆိုလျှင် ဧက ၂၀၀၀ ထက်မပိုစေဘဲ၊ သိုး၊ ဆိတ်ဆိုလျှင် ဧက ၅၀၀ နှင့် ကြက်၊ ဝက်၊ ဘဲ၊ ငုံးဆိုလျှင် ဧက ၃၀၀ ထက်မပိုစေဘဲ ခွင့်ပြုပေးပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများတွင် မွေးမြူရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့်သူဟာ မြေခွန်ကို ပေးဆောင်ရပါကြောင်း၊ မြေခွန်ကောက်ခံရာတွင် ငါး၊ ပုစွန်၊ ကဏန်းအတွက် တစ်ဧက ကျပ် ၃၀၀၀ နှုန်း၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းအတွက် တစ်ဧက ကျပ် ၁၀၀၀ နှုန်း ဖြစ်ပါကြောင်း၊ သို့သော်လည်း မြေခွန် ကင်းလွတ်ခွင့်အနေဖြင့် ကြက်၊ ဝက်၊ ဘဲ၊ ငုံးမွေးမြူခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုပြီး တစ်နှစ်နှင့် ကျန်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုပြီး နှစ်နှစ် မြေခွန်ကင်းလွတ်ခွင့်ပြုထားပါကြောင်း၊ မွေးမြူသူများ စီးပွားဖြစ်စေရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မွေးမြူရေးဇုန်များကို ကြီးကြပ် ဖော်ထုတ်ပေးလျက်ရှိရာ အခုဆိုလျှင် တိုင်းဒေသကြီး/ပြည်နယ် ၁၇ ခုတွင် ဧက ၈၉၀၀ ကျော် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ အလားတူ လိုအပ်တဲ့ နည်းပညာသင်တန်းများ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့်အရင်းအနှီးဖြည့်ဆည်းပေးရန် အတွက်လည်း ချေးငွေရရှိရေးနှင့် ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ဘဏ်ကနေပြီး စီးပွားရေးအခြေခံ လုပ်ငန်းများကို နှစ်လတ်ချေးငွေများ ထုတ်ပေးသည့်အစီအစဉ်အရ မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို ချေးငွေ သက်တမ်းသုံးနှစ်ကနေ ငါးနှစ်အထိ ထုတ်ချေးပေးမည့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာမြေတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည်ဆိုပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်ရန်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည်ဆိုလျှင် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
