ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ကြား မြေနေရာတွင် မီးသတ် စခန်းခွဲ(၁)ခု၊ စက်မှုဇုန်(၁)၊ (၂)၊ (၃) အတွင်းရှိ သင့်လျော်သောမြေနေရာတွင် မီးသတ်စခန်းခွဲ(၁)ခု ခွင့်ပြုချထားပေးရန်နှင့် မြို့နယ်မီးသတ်စခန်းအတွင်းရှိ ဟောင်းနွမ်းနေသော ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့မြို့နယ်သည် အရှေ့အနောက် သုံးမိုင်၊ တောင်မြောက် ၁၂ မိုင် ရှည်လျားပြီး စုစုပေါင်း စတုရန်းမိုင် ၃၀.၅၄၅ မိုင်ရှိပြီး ရပ်ကွက်ပေါင်း ၄၄ ရပ်ကွက်ဖော်ထုတ်ပြီး ၃၂ ရပ်ကွက်တွင် လူနေထိုင်မှု ၃၇၀၀၀၀ ရှိပါကြောင်း၊ ထို့အပြင် စက်မှုဇုန်လေးဇုန်ရှိပြီး စက်မှုလက်မှုအလုပ်ရုံပေါင်းက ၁၃၆၈ ရုံ ခန့်ရှိသော မြို့နယ်လည်းဖြစ်သည့်အပြင် ယခုလက်ရှိအနေဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့တွင် ဝန်ထမ်းအင်အား ၂၄ ယောက်၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အထောက်အကူပြု ယာဉ်တစ်စီးဖြင့်လည်းကောင်း၊ လေးထောင့်ကန် မီးသတ်တပ်ဖွဲ့ခွဲသည် ဝန်ထမ်းအင်အား ခုနစ်ယောက်၊ မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့်လည်းကောင်း မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးအတွက် ဆောင်ရွက်နေရပါကြောင်း၊ သို့သော် လူနေထူထပ်သော ရပ်ကွက်များကို လွှမ်းခြုံပြီးသော်လည်းကောင်း၊ မကြာမီအဆင့်မြှင့်တင်မည့် စက်ရုံ၊ အလုပ်ရုံများစွာအတွက် လည်းကောင်း၊ ပိုမိုပြည့်စုံသော မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နိုင်ရေးအတွက် တင်ပြတောင်းခံရခြင်း ဖြစ်ပါကြောင်း၊
ထို့အပြင် မီးသတ်ဝန်ထမ်းများအနေဖြင့်လည်း ၂၄ နာရီ မီးဘေးလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်များ ထမ်းဆောင်နေကြရပြီး နေထိုင်ရမှုများမှာ မိသားစုများအနေဖြင့် အိမ်ထောင်သည် ၁၄ စုရှိသော်လည်း ဝန်ထမ်းအိမ်ရာ ကိုးခန်းသာရှိပြီး ဝန်ထမ်းအိမ်ရာများမှာလည်း ကျဉ်းမြောင်း ဟောင်းနွမ်းနေခြင်း၊ လူပျိုတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ၁၁ ဦးခန့်ရှိပြီး လူပျိုအဆောင်မရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ဝန်ထမ်းအိမ်ရာအသစ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်မီးသတ် ဦးစီးမှူးရုံးတစ်ရုံး၊ မြို့နယ်မီးသတ်စခန်း တစ်ခု၊ လေးထောင့်ကန်နှင့် အမှတ် (၇၀) ရပ်ကွက်တို့တွင် နယ်မြေမီးသတ် စခန်းနှစ်ခုတို့ကို ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပြီး အမှတ် (၇၀) ရပ်ကွက် နယ်မြေမီးသတ်စခန်းမပါ၊ ကျန်မီးသတ် စခန်းများဖွင့်လှစ်ပြီး တာဝန်များထမ်းဆောင်လျက် ရှိပါကြောင်း၊ လက်ရှိဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှူးရုံးတွင် အင်အားနှစ်ဦး၊ မြို့နယ်မီးသတ်စခန်းတွင် ဒုတိယဦးစီးမှူးဦးစီးသည့် အင်အား ၂၄ ဦး၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေယာဉ်တစ်စီးနှင့် အထောက်အကူပြုယာဉ်တစ်စီး စုစုပေါင်း မီးသတ်ယာဉ် လေးစီးတို့ဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်မီးသတ် စခန်းတွင် ဝန်ထမ်းအိမ်ရာ အသစ်ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး လက်ရှိစခန်းအတွင်း ဟောင်းနွမ်းနေသော ဝန်ထမ်းအိမ်ရာများကို အသစ်ဆောက်လုပ် နိုင်ရေးအတွက်ကို ခြောက်ခန်းတွဲ သုံးထပ်ဝန်ထမ်းနေအိမ်တစ်လုံး စုစုပေါင်းအခန်း ၁၈ ခန်းပါသည့် အဆောက်အဦတစ်ခုကို ဆောက်လုပ်ပေးရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ထဲတွင် လျာထားတင်ပြ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၅၆) ရပ်ကွက်တွင် အိမ်ခြေ ၂၈၅၁ လုံး၊ အိမ်ထောင်စု ၂၈၅၁ စု၊ လူဦးရေ ၁၄၀၆၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးရှိပြီး ၁၀ နှစ် အတွင်း မီးလောင်မှုမရှိကြောင်း၊ သို့သော် အမှတ် (၇၀) ရပ်ကွက်သည် အိမ်ခြေ ၃၅၃၃ လုံး၊ အိမ်ထောင်စု ၃၈၅၀ စု၊ လူဦးရေ ၁၉၈၂၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးရှိပြီး ၁၀ နှစ် ကာလအတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ ထို့ကြောင့် အမှတ် (၇၀) နှင့် အမှတ် (၅၆) ရပ်ကွက်ကြားရှိ လှော်ကားလမ်းနှင့် အနော်ရထားလမ်းထောင့်အနီးရှိ မြေဧရိယာ ၁.၀၃၃ ဧက မြေကွက်လပ်ကို အမှတ် (၇၀) ရပ်ကွက် နယ်မြေမီးသတ်စခန်း ဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သည့်အခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း ခွင့်ပြုချက် ရရှိပြီးဖြစ်သည့်အတွက် မီးသတ်ဦးစီးဌာနပိုင် အမည်ပေါက်ရရှိရေးလည်း ဆက်လက် ဆောင်ရွက်လျက်ရှိသည့်အပြင် အမှတ် (၇၀) ရပ်ကွက်နယ်မြေမီးသတ် စခန်းအတွက်ကိုလည်း ခွင့်ပြုမိန့် ရရှိပြီးဖြစ်သည့်အတွက် စခန်းဖွင့်လှစ်နိုင်ရေးကို လိုအပ်သည့် နှစ်ထပ်ဆောက်အဦတစ်လုံး၊ ဂါလန် ၂၀၀၀၀ ဆံ့ သံကူကွန်ကရစ်မြေအောက် ရေလှောင်ကန်တစ်ခု၊ လေးခန်းတွဲနှစ်ထပ် ဝန်ထမ်း နေအိမ်တစ်လုံးတို့ကို ဆောက်လုပ်ပေးနိုင်ရန် အတွက်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ထဲတွင် တင်ပြ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စက်မှုဇုန် (၁)တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ စက်မှုဇုန် (၂) တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး၊ မီးသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်လေးစီး၊ စက်မှုဇုန် (၃)တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း စက်မှုဇုန်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၆၃ ဦးနှင့် မီးသတ်ယာဉ်ခုနစ်စီးရှိပါကြောင်း၊ စက်မှုဇုန်(၁)၊ (၂)၊ (၃)သည် မြို့နယ်မီးသတ်စခန်းနှင့် နှစ်ဖာလုံခန့်ကွာဝေးပြီး မြို့နယ်မီးသတ်စခန်းတွင် မီးသတ်ယာဉ်လေးစီးရှိသည့်အတွက် စက်မှုဇုန်အတွင်း မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အချိန်တိုအတွင်း မီးငြှိမ်းသတ်နိုင်ပါကြောင်း၊ ထို့အပြင် အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း အနီးစပ်ဆုံး မြို့နယ်မီးသတ်စခန်းများမှ အဆင့်လိုက်ထွက်ခွာ မီးငြှိမ်းသတ်သည့်စနစ်အရ Level-1 အဆင့်မှ Level-5 အထိ စုစုပေါင်းမီးသတ်ယာဉ် ၆၂ စီးဖြင့် လိုအပ်ချက်အပေါ် မူတည်ပြီး အဆင့်လိုက် အင်အားဖြည့်ပြီး မီးငြှိမ်းသတ်နိုင်ရေးလည်း ညှိနှိုင်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ စက်မှုဇုန် (၁)၊ (၂)၊ (၃) တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်နှင့် မီးသတ်ယာဉ်များ ရှိသည့်အတွက် လိုအပ်ပါကလည်း အနီးပတ်ဝန်းကျင်ရှိမြို့နယ်များမှ မီးလောင်မှုဖြစ်ပွားသည့်အပေါ် မူတည်ပြီး Level အလိုက် မီးငြှိမ်းသတ်နိုင်ရေး စီစဉ်ထားရှိမှုအရလည်းကောင်း စက်မှုဇုန်အတွင်း နယ်မြေမီးသတ်စခန်း ထပ်မံဖွင့်လှစ်ပေးရန် မရှိပါကြောင်း၊
သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းအတွင်း ဝန်ထမ်း အိမ်ရာအသစ် ဆောက်လုပ်နိုင်ရေးအတွက်ကို ခြောက်ခန်းတွဲသုံးထပ် ဝန်ထမ်းနေအိမ်တစ်လုံး၊ အမှတ် (၇၀) ရပ်ကွက် နယ်မြေမီးသတ်စခန်းအတွက် ဝန်ထမ်းအဆောက်အဦများအပါအဝင် ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါ ကြောင်းနှင့် အမှတ် (၅၆) ရပ်ကွက်နှင့် အမှတ် (၇၀) ရပ်ကွက်ကြားတွင် နယ်မြေမီးသတ် စခန်းအတွက် ခွင့်ပြုမိန့်ရရှိပြီးဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် စက်မှုဇုန် (၁)၊ (၂)၊ (၃) အတွက် နယ်မြေမီးသတ်စခန်း ထပ်မံဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
