ရသေ့တောင်မြို့နယ်ရှိ ရဲနယ်မြေငါးခုအနက် မေယူမြစ်အနောက်ဘက်ခြမ်းတွင်ရှိသော စေတီပြင် နယ်မြေနှင့် လောင်ချောင်းနယ်မြေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ယူစေပြီး မေယုမြစ်အရှေ့ဘက် ခြမ်းတွင် မြို့မရဲစခန်းအပိုင်နယ်မြေနှင့် တစ်ဆက်တစ်စပ်တည်းရှိသော မြို့မနယ်မြေ၊ ကူတောင် နယ်ခြားစောင့်နယ်မြေ၊ ကျောက်တန်းနယ်ခြားစောင့်နယ်မြေတို့ကို မြို့နယ်ရဲတပ်ဖွဲ့အား တာဝန်ယူ ဆောင်ရွက်စေရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရသေ့တောင်မြို့နယ်ကို ယခင်က မြို့နယ်ရဲတပ်ဖွဲ့နယ်မြေအဖြစ် ငါးခုခွဲပြီး ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် (နဆက) နယ်စပ်ကွပ်ကဲရေးအဖွဲ့များ စတင်ပေါ်ပေါက်ချိန်တွင် ရသေ့တောင်မြို့နယ်ကို နယ်စပ်ကွပ်ကဲရေး (နဆက) နယ်မြေအဖြစ် စေတီပြင်နယ်မြေရုံး၊ အငူမော်စခန်း၊ ဘို့တန်ကောက်စခန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နဆက စခန်းများကို ရုတ်သိမ်းခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နခပ) ဝင်ရောက်လာ၍ နယ်မြေတာဝန်ကို ဆက်လက်တာဝန်ယူ ဆောင်ရွက်နေပါကြောင်း၊ ၁-၇-၂၀၁၆ ရက်နေ့တွင် အမှတ် (၁၃) ရဲတပ်ရင်းကို အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့လက်အောက်ကို သွင်းယူကာ အမှတ် (၃) နယ်ခြားစောင့်ရဲ အဖွဲ့ခွဲဟု အမည်ပြောင်းလိုက်ပါကြောင်း၊ နယ်မြေရဲစခန်းရဲကင်းများကိုလည်း အထက်အမိန့်အရ ရုပ်သိမ်းခဲ့ပြီး ရသေ့တောင်မြို့ပေါ်ရှိ ရဲစခန်းတစ်ခုထဲတွင် ရဲအရာရှိ ၁၀ ဦး၊ အခြားအဆင့် ၇၃ ဦးကို ယနေ့ထိ တစ်စုတစ်စည်းထဲ ထားရှိခဲ့ပါကြောင်း၊ မိမိနယ်မြေငါးခုက မြို့မနယ်မြေ၊ ကူတောင်နယ်မြေ၊ ကျောက်တန်းနယ်မြေ၊ စေတီပြင်နယ်မြေနှင့် လောင်ချောင်းနယ်မြေများ၏ ရပ်ကွက်၊ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေများကို မေးခွန်းတွင် ထည့်ပေးထားပြီးသား ဖြစ်ပါကြောင်း၊ ၎င်းနယ်မြေငါးခုကို မေယုမြစ်ပိုင်းခြားလျက်ရှိခြင်းကြောင့် မြို့မနယ်မြေ၊ ကူတောင်နယ်မြေ၊ ကျောက်တန်းနယ်မြေသည် မေယုမြစ်၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး စေတီပြင်နယ်မြေ၊ လောင်ချောင်းနယ်မြေသည် မေယုမြစ်၏ အနောက်ဘက်ခြမ်းတွင် ရှိပါကြောင်း၊ ထို့ကြောင့် နယ်မြေကိုခွဲခြား တာဝန်ယူမည်ဆိုပါက မြစ်ကမ်းတစ်ဖက်တည်းရှိသည့် နယ်မြေများကိုသာ စုစည်းတာဝန်ယူသင့်သည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ ထိုနယ်မြေငါးခုအနက် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မနယ်မြေ တစ်ခုတည်းကိုသာ တာဝန်ယူရပြီး ကျန်နယ်မြေလေးခုကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က သီးသန့်တာဝန်ယူရပါကြောင်း၊ မှုခင်းတစ်စုံတရာ ဖြစ်ပေါ်ပါက နယ်မြေရဲတပ်ဖွဲ့အနေဖြင့် သတ်မှတ်နေရာများကို ကျော်ပြီးတာဝန်ယူ ဆောင်ရွက်ခွင့် မရှိသည်ကိုလည်း သိရှိရပါကြောင်း၊ အမှုဖွင့်တိုင်ကြားလိုသူများသည်လည်း မိမိတို့နေထိုင်သည့် နယ်မြေနှင့်အနီးဆုံးဖြစ်သည့် ရသေ့တောင်မြို့ပေါ်ရှိ နယ်မြေရဲတပ်ဖွဲ့ကို တိုင်ကြားခွင့်မရရှိဘဲ မြစ်ကူး၊ ချောင်းကူးပြီး ဝေးလံသည့် နယ်ခြားစောင့်ရဲကိုသွားရောက် တိုင်ကြားရပါကြောင်း၊ ဥပမာ လူသတ်မှုဖြစ်တစ်ခုဖြစ်လျှင် နေရာဝေးခြင်းကြောင့် တိုင်ကြားသူများမှာ အချိန်ကုန်၊ ငွေကုန်ခြင်းနှင့် လူပင်ပန်းခြင်းတို့ကြောင့် တရားစွဲဆိုရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် ချက်ချင်းတိုင်ကြားမှုမရသည့်အတွက်လည်း တရားခံများထွက်ပြေး လွတ်မြောက်သွားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ရသေ့တောင်မြို့မစခန်းအနေဖြင့် ဝန်ထမ်းအင်အား ၈၃ ဦးရှိပြီး မြို့မနယ်မြေတစ်ခုတည်းကိုသာ တာဝန်ယူဆောင်ရွက် နေခြင်းကြောင့် မြို့ပေါ်ရဲတပ်ဖွဲ့ဝင်များ၏ အင်အားဆုံးရှုံးမှုနှင့် နယ်မြေခန့်ခြင်း တာဝန်ပေးနိုင်ခြင်း မရှိသည့်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုသည် တစ်မြို့နယ်လုံးကို လွှမ်းခြုံသည့် အခြေအနေမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်နိုင်ပြီး နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသည့် အုပ်ချုပ်မှုစနစ် ဖြစ်စေရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်တို့ကို နယ်မြေဒေသအခြေအနေအရ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့အောက်ရှိ ရဲတပ်ဖွဲ့ခွဲများနှင့် ဖြန့်ခွဲပြီး နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်က အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့အောက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲလေးခု ထားရှိရာမှ ယခုနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲနှစ်ခုကိုလည်း ထပ်မံဖွဲ့စည်း တာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအောက်တွင် မြို့နယ်သုံးခုကို ဒေသလေးခု၊ နယ်မြေ ၁၁ ခု ပိုင်းခြားပြီး နယ်မြေအလိုက် နယ်မြေရုံးများ၊ နယ်မြေရဲစခန်းများ၊ ကင်းစခန်းများဖြန့်ခွဲပြီး နယ်စပ်ဒေသနှင့် မြို့နယ်သုံးခု၏ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
ရသေ့တောင်မြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၈ အုပ်စု၊ ကျေးရွာပေါင်း ၁၉၆ ရွာရှိပြီး ၄၃၇.၇၅ ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပါကြောင်း၊ မြို့နယ်အလှမ်းဝေးသည့် ကျေးရွာအုပ်စု ၇၃ အုပ်စု ကျေးရွာပေါင်း ၁၆၂ ရွာကို နယ်မြေဒေသအခြေအနေ အရပ်ရပ်အရ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့က မေယုမြစ်အရှေ့ ဘက်ခြမ်းတွင် နယ်မြေရဲစခန်းတစ်ခု၊ ရဲကင်းစခန်းသုံးခုနှင့် မေယုမြစ်အနောက်ဘက်ခြမ်း နယ်မြေ ရဲစခန်းတစ်ခု၊ ရဲကင်းစခန်းကိုးခု ဖြန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊
ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် လက်ရှိအရာရှိလေးဦးနှင့် အခြားအဆင့် ၁၀ ဦး စုစုပေါင်း ၁၄ ဦး၊ မြို့မစခန်းတွင် လက်ရှိအရာရှိခြောက်ဦး၊ အခြားအဆင့် ၆၄ ဦး စုစုပေါင်း ၇၀ ဦးနှင့် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရသေ့တောင်မြို့နယ်အတွင်းရှိ မြို့မရဲစခန်းနှင့် ရဲကင်းများမရှိဘဲ ရပ်ကွက်လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅ အုပ်စု ကျေးရွာပေါင်း ၃၄ ရွာတို့အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ပေးလျက် ရှိခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ရသည့် ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၅ အုပ်စု ကျေးရွာ ပေါင်း ၃၄ ရွာရှိသည့်အတွက် ၎င်း၏အင်အားနှင့်လည်း အင်အားဆုံးရှုံးမှုမရှိပါကြောင်း၊ နယ်မြေဒေသအခြေအနေအရလည်း ကျန်သည့်နယ်မြေဒေသများတွင် ရဲတပ်ဖွဲ့အင်အား၏ ၅၀ ရာခိုင်နှုန်းခန့် ခန့်အပ်နိုင်သော်လည်း ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့ရုံးကို အင်အား၏ ၉၀ ရာခိုင်နှုန်းအထိ ဖြည့်တင်းပြီး လုံခြုံရေးတာဝန်များကို ပူးတွဲထမ်းဆောင်စေခြင်းဖြစ်ပါကြောင်း၊
ရသေ့တောင်မြို့နယ်အတွင်း အမှုဖွင့်တိုင်ကြားလိုသူများအနေဖြင့် မည်သည့်ရဲကင်း၊ ရဲစခန်းတွင်မဆို တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုအပေါ် ပထမသတင်းပေးတိုင်ကြားချက်ကို နယ်မြေ ရဲစခန်းသို့ ပေးပို့စုံစမ်းဆောင်ရွက်စေခြင်း ဖြစ်ပါကြောင်း၊ မေယုမြစ်အရှေ့ဘက်ခြမ်းရှိ ရဲကင်းစခန်းများ အနေဖြင့်လည်း အမှုဖွင့်တိုင်ကြားမှုများအပေါ် မြစ်၏အနောက်ဘက်အခြမ်းရှိ စေတီပြင် နယ်မြေရဲစခန်းကို ပေးပို့ဆောင်ရွက်နေရသည့်အတွက် ၎င်းအခြေအနေများကို အဆင်ပြေစေရန်အတွက် ယခုအခါ မြစ်၏အရှေ့ဘက်ခြမ်းရှိ ကျောက်တန်းရဲကင်းစခန်းကို ပထမသတင်းပေး တိုင်ကြားချက်ရေးဖွင့်နိုင်သည့် နယ်မြေရဲစခန်းအထိ ဖွင့်လှစ်နိုင်ရေးကိုလည်း တင်ပြဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့်အခါ ၁၂-၉-၂၀၁၇ ရက်နေ့တွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၇) နှင့် ခွင့်ပြုမိန့်ရရှိပြီး ဖြစ်သည့်အတွက်လည်း နယ်မြေရဲစခန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောက်တန်းနယ်မြေရဲစခန်း ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် စခန်းရုံး၊ အချုပ်ခန်းအပါအဝင် တစ်ထပ်တစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ် နှစ်လုံး၊ လေးခန်းတွဲ နှစ်ထပ် တစ်လုံး၊ Y ပုံသဏ္ဍာန်ခြံစည်းရိုး အရှည်ပေ ၁၇၃၀ တို့ကို လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်းနှင့် နယ်မြေစခန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးမည်ဆိုပါက မေယုမြစ်အရှေ့ဘက်ခြမ်းရှိ အမှုဖြစ်စဉ်တိုင်ကြားမှုများအတွက်ကို ဒေသခံပြည်သူများအနေဖြင့် မြစ်၏ အနောက်ဘက်ခြမ်းကို သွားရောက်ရန် မလိုအပ်ဘဲလွယ်ကူစွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊
သို့ပါ၍ မေယုမြစ်၏အရှေ့ဘက်ကမ်းတွင် မှုခင်းများဖြစ်ပေါ်လာပါက မြစ်၏အနောက်ဘက်ခြမ်းသို့ သွားရန်မလိုဘဲ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်နိုင်ရေးအတွက် ကျောက်တန်း ရဲကင်းစခန်းကို ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်နိုင်သော နယ်မြေရဲစခန်းအဖြစ် တိုးမြှင့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်များတွင် အခြေအနေအရပ်ရပ်အရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ကို အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှသာ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ရဲစခန်းမှ ပြောင်းလဲတာဝန်ယူ ဆောင်ရွက်စေရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
