လောက်ကိုင်မြို့ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွင့်လှစ်ထားရှိသည့်ဆေးရုံများအနက် အကြီးမားဆုံး သော ဆေးရုံတစ်ခုဖြစ်ပါကြောင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် နယ်စပ်ဒေသ ဖြစ်သည့်အတွက် အခြားသောမြို့ကြီးများကဲ့သို့ အထူးကုဆေးရုံများမရှိသောကြောင့် ဒေသခံ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အစိုးရဆေးရုံ၊ ဆေးပေးခန်းနှင့် ကျန်းမာရေးဌာနများ ကိုသာ အဓိကထား၍ ဆေးကုသခံယူ နေရသည့်အတွက် လောက်ကိုင်မြို့ ခုတင်(၅၀)ဆံ့ ဆေးရုံသည် များစွာအရေးပါသည့် ဆေးရုံတစ်ရုံ ဖြစ်ပါကြောင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၏ ဆရာဝန်ခွင့်ပြုအင်အား အထူးကု ဆရာဝန်ခြောက်ဦး၊ လက်ထောက်ဆရာဝန်ခြောက်ဦး၊ သွားဖက်ဆိုင်ရာ ဆရာဝန် တစ်ဦး စုစုပေါင်း ၁၃ ဦး ခွင့်ပြုထားသော်လည်း ပြီးခဲ့သည့် လွှတ်တော်နားနေစဉ်ကာလ မိမိမဲဆန္ဒနယ် ပြန်ရောက် နေချိန် အဆိုပါဆေးရုံတွင် အထူးကုဆရာဝန်တစ်ဦးမျှ ခန့်ထားခြင်းမရှိဘဲ လက်ထောက် ဆရာဝန်နှစ်ဦး၊ သွားဖက်ဆိုင်ရာဆရာဝန်တစ်ဦး စုစုပေါင်းသုံးဦးသာ ခန့်ထားပါကြောင်း၊ ခန့်အပ်ထားသည့် လက်ထောက်ဆရာဝန်နှစ်ဦးအနက် တစ်ဦးမှာ မီးဖွားခွင့်ခံစားနေသည်ဟု သိရှိရပါကြောင်း၊ ယခုအခါ အဆိုပါဆေးရုံတွင် ဆရာဝန်အပြည့်အဝခန့်ထားပေးနိုင်ခြင်းမရှိသည့် အတွက် ဒေသခံပြည်သူများအနေဖြင့် အရေးပေါ်ဆေးကုသခံယူရန်နှင့် ကျန်းမာရေးအတွက် အထူးစောင့်ရှောက်မှုခံယူရန် လိုအပ်သည့်အခါတွင်လည်းကောင်း၊ လားရှိုးမြို့၊ မန္တလေးမြို့နှင့် တရုတ်နိုင်ငံသို့သွားရသည့်အတွက် အခက်အခဲများ ကြုံတွေ့ရပြီး ငွေကြေး ကုန်ကျမှုများပြားခြင်း၊ ငွေကြေးကုန်ကျမှုမတတ်နိုင်သည့် ဒေသခံပြည်သူများအနေဖြင့်များစွာ အခက်အခဲကြုံတွေ့နေရ ခြင်းတို့ကြောင့် ဒေသခံပြည်သူများ၏ အရေးပေါ် လိုအပ်ချက်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆရာဝန်များ အပြည့်အဝခန့်ထားပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆရာဝန်များ အပြည့်အဝခန့်ထားပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်တွင် ခုတင်(၅၀)ဆံ့ ဆေးရုံရှိပြီး ခုတင်(၅၀)ဆံ့ ဆေးရုံတိုင်းကို အပြည့်တော့မခန့်နိုင်ပါကြောင်း၊ ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တွင် ခုတင်(၅၀)ဆံ့ ဆေးရုံများတွင်ခန့်သည့် ဝန်ထမ်းအမျိုးအစား(Category)သည် နည်းနည်းကွာ ပါကြောင်း၊ တချို့တွင် Specialist များပြီး တချို့တွင် မရှိပါကြောင်း၊ လောက်ကိုင်မြို့နယ်တွင် ခုတင်(၅၀)ဆံ့ဆေးရုံတစ်ရုံ၊ ချင်းရွှေဟော်တိုက်နယ်ဆေးရုံနှင့် တာရွှေတန်တိုက်နယ် ခုတင်(၁၆) ခုတင်ဆံ့ဆေးရုံ စုစုပေါင်း ဆေးရုံသုံးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတစ်ခု၊ ကျေးလက် ကျန်းမာရေးဌာနတစ်ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ(၁၂)ခုရှိပြီး လူဦးရေ ၉၄၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက် လျက်ရှိပါကြောင်း၊
လောက်ကိုင်ဆေးရုံ၊ ၂၀၁၇ ခုနှစ်တွင် စုစုပေါင်းလူနာ ၁၆၈၇ ဦးရှိပါကြောင်း၊ မွေးဖွားသူ စုစုပေါင်း ၁၃၈ ဦး၊ အတွင်းလူနာ တစ်နေ့လျှင် ၁၆ ဦး ရှိပါကြောင်း၊ ဝန်ထမ်းအင်အားအနေဖြင့် နှစ်ဦးသည် ဆရာဝန်၊ တစ်ဦးသည် သွားဆရာဝန်ဖြစ်ပါကြောင်း၊ သူနာပြု ၁၆ ဦး၊ အခြားဝန်ထမ်း ၂၃ ဦး စုစုပေါင်း ၄၂ နှင့်လုပ်နေသဖြင့် အခြေအနေကောင်းပါကြောင်း၊ အခြေအနေကို မိမိတို့သိသည့် အတွက် လောက်ကိုင်ဆေးရုံကို ကလေး အထူးကုလက်ထောက်ဆရာဝန် (Specialist AS) တစ်ဦးကို ၂-၂-၂၀၁၈ ရက်နေ့တွင် တာဝန်ချထားပါကြောင်း၊ ၎င်းတို့အား မိမိတို့ ဆက်သွယ် မေးမြန်းသည့်အခါ သွားရေးလာရေးတွင် Security မရသဖြင့် မတ်လဒုတိယအပတ်တွင် အရောက်သွားမည်ဟုပြောပါကြောင်း၊ ယခုအခါ ရောက်မည်ထင်ပါကြောင်းနှင့် မရောက်သေးလျှင် လည်း လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် မိမိအား ပြန်လည်တင်ပြပေးရန်လိုပါကြောင်း၊
လောက်ကိုင်မြို့နယ်သည် ခေါင်သည့်နေရာဖြစ်သဖြင့် မိမိတို့ မကြာခင် ကျန်းမာရေးနှင့် EC တွင် Specialist OG တစ်ယောက်နှင့် Specialist Medicine (ဆေးပညာ) တစ်ယောက်ကို တာဝန် ချထားပေးမည်ဖြစ်ပါကြောင်း၊ တာဝန်ချထားသည့်အခါတွင် အများသောအားဖြင့် ဆရာဝန်များ သည် နေအိမ်မရှိသောကြောင့် မသွားချင်သည့်အတွက် နေအိမ်ဆောက်ရန် လုပ်ထားပါကြောင်း၊ ထို့နောက် ခက်ခဲဒေသမျိုးဆိုလျှင် အလွန်ဆုံး ၁၄ လပဲ ထားပါကြောင်း၊ ၁၂ လတွင်လုပ်ပြီး ၁၄ လထားပြီး ပြန်ပြောင်းသည့်အခါတွင်လည်း ၎င်းတို့အား သုံးနေရာဦးစားပေးခိုင်းပြီး ထိုသုံးနေရာထဲမှ တစ်ခုရအောင်လုပ်ပေးပါကြောင်း၊ မိမိအနေဖြင့် Specialist Medicine (ဆေးပညာ)နှင့် သားဖွားမီးယပ်ကို ယခုအပတ်အတွင်း EC လုပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
