(ခ)-တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ဖွင်‌့လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၇.၃.၂၀၁၈)

တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျော်ကိုင်းကျေးရွာအုပ်စုသည် ကျေးရွာပေါင်းသုံးရွာဖြင့် ဖွဲ့စည်း ထားပြီး အိမ်ထောင်စု ၆၀၀ ကျော်၊ လူဦးရေ ၂၅၀၀ ကျော် နေထိုင်လျက်ရှိသော ရွာကြီးတစ်ရွာ လည်းဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျေးရွာအုပ်စုအတွင်း သားဖွားဆရာမတစ်ဦးသာ ခန့်ထားပြီး မအီကျေးလက်ကျန်းမာရေးဌာနတွင်ပါဝင်သော ကျေးလက်ကျန်းမာရေးဌာနခွဲဖြစ်ကာ မအီမြို့နှင့် လည်း ၁၂ မိုင်ခန့်ကွာဝေးပါကြောင်း၊ အကယ်၍ ကျော်ကိုင်းကျေးရွာတွင် ကျန်းမာရေးဌာန ဖွင်‌့လှစ် ပေးမည်ဆိုပါက ကျော်ကိုင်းကျေးရွာအုပ်စုအပြင် ကျောက်ဝေကျေးရွာအုပ်စုအတွက်ပါ ကျန်းမာ ရေး စောင့်ရှောက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မအီကျန်းမာရေးဌာနမှ ကြီးကြပ်လျက်ရှိသော ဌာနခွဲ ၆ ခု ရှိပါကြောင်း၊ ၎င်းရွာများမှာ ကျော်ကိုင်းကျန်းမာရေးဌာနခွဲ၊ ကျောက်ဝေ၊ သဒွန်၊ ချက်ဖောက်၊ ဂျီဘူထောင်နှင့် လက်ပံကျန်းရေးဌာနခွဲတို့ဖြစ်ကြပါကြောင်း၊ ထိုကျေးရွာများမှာလည်း တစ်ရွာနှင့် တစ်ရွာ လမ်းပန်းဆက်သွယ်ရေးမှာ ဝေးကွာလှပါကြောင်း၊

ကျော်ကိုင်းကျေးရွာသည် လမူးမော်စံပြကျေးရွာနှင့် နှစ်မိုင်၊လေးဖာလုံခန့်ကွာဝေးပါကြောင်း၊ လမူး မော်စံပြကျေးရွာတွင် တိုက်နယ်ဆေးရုံရှိသော်လည်း မိုးရာသီကာလရောက်ပါက လမ်းပန်း ဆက်သွယ်ရေးအခက်အခဲ ကြုံတွေ့ရပါတယ်။ ရေလမ်းကြောင်းက ရေကြီးရေလျှံမှု မကြာခဏ ဖြစ်သည့်အတွက် အခက်အခဲဖြစ်ရပါကြောင်း၊ ထို့ကြောင့် ရွာသူရွာသားများမှာ ကျန်းမာရေး အတွက် စိုးရိမ်ပူပန်ပြီး ကျန်းမာရေးဌာနရရှိပါက ဆောက်လုပ်ရန်အတွက် မြေနေရာလည်း အဆင်သင့်ရှိပြီးဖြစ်ပါကြောင်း၊ ကျော်ကိုင်းကျေးရွာတွင် ကျန်းမာရေးဌာန ဖွင့်လှစ်ထားမည်ဆိုပါက အိမ်ထောင်စု ၆၅၀၊ လူဦးရေ ၂၅၀၀ ကျော်ရှိသော ကျော်ကိုင်းကျေးရွာအုပ်စုအပြင် ကျေးရွာ ပေါင်းငါးရွာ၊ အိမ်ထောင်စု ၆၀၀ ကျော်နှင့် လူဦးရေ ၂၅၀၀ ကျော်ရှိသော ကျောက်ဝေကျေးရွာ အုပ်စုအတွက်ပါ အဆင်ပြေမည်ဖြစ်သည့်အတွက် လူဦးရေ ၅၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုလွှမ်းခြုံပြီး ဖြစ်ပါကြောင်း၊

ထို့အပြင် မအီကျန်းမာရေးဌာနမှ တာဝန်ယူရသည့် ကျေးလက်ကျန်းမာရေးဌာနခွဲ  ၆ ခုမှ နှစ်ခု ကိုခွဲပြီး ကျော်ကိုင်းကျန်းမာရေးဌာနထဲကို ထည်‌့၍ရပါကြောင်း၊ ထို့ကြောင့် ကြီးကြပ်ရသော ကျန်းမာရေးမှူးအနေဖြင့်လည်း နိုင်နိုင်နင်းနင်းစီမံအုပ်ချုပ်နိုင်မည်ဖြစ်သည့်အတွက် တောင်ကုတ် မြို့နယ်၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ဖွင်‌့လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာမှာ ကျေးလက်ကျန်းမာရေး ဌာန(Rural Health Center)ကို တည်ဆောက်မည်ဆိုပါက ပထမဆုံး တောက်ကုတ်မြို့နယ် အခြေအနေကို လေ့လာလိုက်သည့်အခါ ၎င်းတွင် Station Health Unit တစ်ခုရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) ၆ ခု၊ ဌာနခွဲ ၃၇ ခုနှင့် မိခင်နှင်‌့ကလေး (Metal Child Care Center)တစ်ခုရှိပါကြောင်း၊ ကျန်းမာရေးမှူးတစ်ယောက်၊ မြို့နယ်သူနာပြု တစ်ယောက်နှင့် လက်ထောက်ကျန်းမာရေးမှူး ၇ ယောက်ရှိပါကြောင်း၊ ကျန်းမာရေးကြီးကြပ် ၁ က သုံးဦး၊ (Lady Health Visitor) ကျန်းမာရေးဆရာမ ၈ ဦး၊ သားဖွားဆရာမ ၅၆ ဦး၊ ကျန်းမာ‌ရေးကြီးကြပ် ၄၂ ဦးဖြင်‌့ လူဦးရေ ၁၆၀၀၀၀ ခန့်ကို မိမိတို့ စောင့်ရှောက်နေပါကြောင်း၊ တောက်ကုတ်မြို့နယ်၊ ကျော်ကိုင်းကျေးလက်ကျန်းမာရေးဌာနခွဲသည် မအီကျေးလက်ကျန်းမာရေး ဌာနအောက်တွင် ရှိပါကြောင်း၊ မအီကျေးလက်ကျန်းမာရေးဌာနတွင် Serve Center ၇ ခု ရှိပါပြီး များသောအားဖြင့် ၄ ခု သို့မဟုတ် ၅ ခုရှိရာ အများဆုံး ၇ ခုပေးထားပါကြောင်း၊ လူဦးရေက ၂၀၀၀၀ ကျော် ရှိပါကြောင်း၊ ကျော်ကိုင်းကျေးလက်ကျန်းမာရေးဌာနသည် ရွာသုံးရွာ၊ အိမ်ခြေ ၆၁၇ အိမ်၊ လူဦးရေ ၂၈၀၃ ဦးကို စောင်‌့ရှောက်နေပါကြောင်း၊ ထို့အပြင် ကျော်ကိုင်းကျေးလက် ကျန်းမာရေးဌာနခွဲသည် လမုတိုက်နယ်ဆေးရုံနှင့် လေးမိုင်သာ ကွာဝေးပါကြောင်း၊ ကားလမ်းဖြင့် မိနစ် ၂၀ ခန့်သာသွားရပါကြောင်း၊ တိုက်နယ်ဆေးရုံမှ ဝန်ထမ်းများသည် တောင်းဆိုထားသော ကျော်ကိုင်းကျေးလက်ကျန်းမာရေးဌာနခွဲရှိ ရွာများကိုကြည်‌့ရှု၍ရပါကြောင်း၊ ကျော်ကိုင်းကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ကျောက်ဝေကျေးလက်ကျန်းမာရေးဌာနခွဲက ၅ မိုင်သာ ကွာဝေးပါကြောင်း၊ ဌာနခွဲနှစ်ခုကလည်း မြေသားလမ်းနှင့် မိနစ် ၄၀ ခန့်သွားရပါကြောင်း၊ ထို့အပြင် ၎င်းနေရာတွင် တကယ်လို/မလို မေးသည့်အခါ ပြည်နယ်ဦးစီးမှူးက မလိုကြောင်း မိမိတို့ကို တင်ပြပါကြောင်း၊ တင်ပြချက်များကိုပြန်ကြည့်သည့်အခါ ကျေးလက်ကျန်းမာရေးဌာနတစ်ခုကို ပေးမည်ဆိုလျှင် အချက် ၅ ချက်ရှိပြီး အဓိကအချက် ၂ ချက်ကို မမိပါကြောင်း၊ အဓိကအချက်နှစ်ချက်မှာ ကျေးလက်ကျန်းမာရေးဌာန လုပ်မည့်ကျေးရွာသည် ကျေးရွာအုပ်စု ၁၀ ခုမှ ၁၅ ခုထိ သွားလာ လုပ်ကိုင်နိုင်သော နေရာဖြစ်ရမည်ဖြစ်ပါကြောင်း၊ ကျေးလက်အုပ်စုတွင် ကျေးရွာသုံးရွာရှိပါ ကြောင်း၊ နောက်ထပ် အဓိကအချက်ဖြစ်သည့် သာမန်အားဖြင်‌့ လူဦးရေ ၁၀၀၀၀ မှ ၁၅၀၀၀ ခွဲရှိရမည်ဖြစ်ပြီး ထိုကျေးရွာတွင် လူဦးရေ ၂၈၀၀ သာရှိပါကြောင်း၊ ထိုနေရာသည် ချင်းပြည်နယ်နှင့် စာလျှင် သွားရလာရ လွယ်ပါကြောင်း၊ ချင်းပြည်နယ်ဆိုလျှင် မိမိတို့ အထူးစဉ်းစားပေးပါကြောင်း၊ ထိုအချက်များကြောင့် မိမိအနေဖြင့် လောလောဆယ် မပေးနိုင်ပါကြောင်း၊ တကယ်လိုလျှင် လွှတ်တော်ကိုယ်စားလှယ်ကြီးအနေနှင့် ပြည်နယ်ကျန်းမာရေးဦးစီးမှူးနှင့် ထပ်မံတိုင်ပင်ဆွေးနွေးပြီး မိမိတို့ကို ဆက်လက်တင်ပြပေးရန်လိုပါကြောင်း၊ လွှတ်တော်တွင်မမေးဘဲ တိုက်ရိုက်စာရေးပြီး မိမိတို့ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။