(က)-နမ့်စန်မြို့နယ်ဘောလုံးကွင်းအနီးတွင် အားကစားရုံတည်ဆောက်ရန်နှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် မြေနေရာအတွက် ဝန်ကြီးဌာနအချင်းချင်း ကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့ မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၇.၃.၂၀၁၈)

နမ့်စန်မြို့နယ်တွင် မြို့နယ်ဘောလုံးကွင်းတစ်ခုရှိပြီး အားကစားရုံက ဒီနေ့အထိ မရှိသေးပါကြောင်း၊ ရှမ်းပြည်နယ် လူမျိုးရေးဝန်ကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးမှူးနှင့် ညှိနှိုင်းသည့်အခါ အားကစားရုံနှင့် ကြက်ခြေနီရုံးအတွက် ဘတ်ဂျက်ထဲတွင် ရေးဆွဲပေးမည်ဖြစ်ပြီး မြေနေရာရှာဖွေပေးရန် ညှိနှိုင်းခဲ့ပါကြောင်း၊ ဆီဆိုင်မြို့နယ်ထွေ/အုပ်ရုံးတွင် လွှတ်တော် ကိုယ်စားလှယ်၊ စီမံခန့်ခွဲရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ အစည်းအဝေးပြုလုပ်ပြီး မြေနေရာရရှိရေးအတွက် ညှိနှိုင်းခဲ့ပါကြောင်း၊ ယခုလိုညှိနှိုင်းသည့်အခါ နမ့်စန်မြို့နယ်တွင် အားကစားရုံနှင့် ကြက်ခြေနီရုံးအတွက် မြေနေရာ မြေလွတ်မြေလပ်မရှိဘဲ နမ့်စန်မြို့နယ် ဝန်ကြီးဌာနပိုင် မြေများသာရှိနေသည့်အတွက် လူထု၏တောင်းဆိုချက်အရ မိမိတို့နမ့်စန်မြို့နယ်သည် ရပ်ကွက်တစ်ခုလုံးနီးပါး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လက်အောက်တွင် တည်ရှိသည့် စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန၏မြေများသာရှိသည့်အတွက် ၎င်းမြေများထဲကနေပြီး အားကစားရုံနှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် မြေနေရာတင်ပြ တောင်းခံပေးရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နမ့်စန်မြို့နယ်ဘောလုံးကွင်းနှင့် အနီးအနားရှိသည့် စက်မှုသီးနှံဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင်မြေများထဲမှ အကွက်အမှတ် (၃၄)၊ (၃၅) တွင် အားကစားရုံ တည်ဆောက်ရန် မြေ ဝ.၉၈ ဧကနှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် ဝ.၂၁၇ ဧကတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ဝန်ကြီးဌာနအချင်းချင်း လွှဲပြောင်း၍သော်လည်းကောင်း၊ ရောင်းချ၍သော်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန) ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နမ့်စန်မြို့နယ်ဘောလုံးကွင်းအနီးအနားရှိ စက်မှုသီးနှံစိုက်ပျိုးတိုးတက်ရေး ဦးစီးဌာနပိုင် မြေကွက် အမှတ် (၃၄)၊ (၃၅) တွင် အားကစားရုံ တည်ဆောက်မှုကိစ္စနှင့် ပတ်သက်ပြီး နမ့်စန်ဘောလုံးကွင်း အနီးအနားရှိ စက်မှုသီးနှံဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင်မြေကွက်ကို စုံစမ်းလိုက်သည့်အခါ ၂၁-၁-၂၀၁၈ ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနများမှ တာဝန်ရှိသူများက မြေနေရာကို သွားကြည့်ပြီး တိုင်းတာသည့်အခါ ကြည့်လိုက်တဲ့အခါ ၎င်းမြေသည် နမ့်စန်မြို့နယ် စက်မှုသီးနှံဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ မြေနေရာစွန့်လွှတ် ပေးနိုင်ခြင်းရှိ/မရှိကို သေချာမေးသည့်အခါ သူတို့အနေဖြင့် မစွန့်လွှတ်နိုင်ပါကြောင်း၊ မည်သည့်အတွက်ကြောင့် မစွန့်လွှတ်နိုင်သနည်း ဆိုသည့်အခါ ၎င်းနေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းမိသားစုများအား နေထိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသော အိမ်ရာကြီးကြပ်ရေးကော်မတီက အသိအမှတ်ပြုနေထိုင်ခွင့် တရားဝင်ပေးထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ကို အကြောင်းပြန်သည်မှာ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ထိုမြေကို လွှဲပြောင်းပေးခြင်း မပြုနိုင်ပါကြောင်းဟု အကြောင်းပြန်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အားကစားရုံဆောက်ရန် ဝန်မလေးကြောင်း၊ ပထမဦးစားပေးအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းတည်ဆောက်ပါမည်။ မြေရရှိရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့် ပြည်နယ်အစိုးရညှိမည်။ ထို့နောက် မြေရှာ၍ရပါကလည်း ပေးပါမည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Moto၊ တစ်ခုက Exercises Medicine၊ လူအများကိုယ်လက်လှုပ်ရှား လုပ်ခြင်းအားဖြင့် ရောဂါဘယကို ပျောက်အောင် လုပ်သည့်အပြင် အားကစားရုံကိုလည်း တည်ဆောက်ပါမည်။ မြေနေရာရရှိသည်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်တင်တောင်းပါမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဌေးလွင် (ခ) ဦးဒီလုံး (နမ့်စန်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နမ့်စန်မြို့နယ်ကို စတည်ကတည်းက ပလနဟုခေါ်သည့် လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ တစ်မြို့နယ်လုံးနီးပါး သူတို့ပိုင်သည့်မြေများ ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်အစိုးရများကလည်း ရုံးဌာနများ၊ အားကစားရုံများကို ခေတ်အဆက်ဆက် စွန့်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဝန်ကြီး ဖြေသွားသည့်မြေသည် ယခင်တုန်းကဆိုလျှင် ဆေးရုံတွေဖွင့်လှစ်ခြင်း၊ လ.ဝ.ကရုံး ဖွင့်လှစ်ခြင်း၊ လ.ယ.က ရုံးဖွင့်ပြီးသည့်အခါ လ.ဝ.ကရုံးနေရာကို နေရာသပ်သပ်ပေးပြီး သူ့ဝန်ထမ်းများကို လောလောဆယ် နေထိုင်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့တွင် ဝန်ထမ်းအိမ်ရာများလည်း အများကြီးရှိပါကြောင်း၊ မကြာသေးခင်က ဆည်မြောင်းဝန်ကြီးဌာနနှင့် ဟိန်းထက်စံကုမ္ပဏီတို့က အကျိုးတူဖက်စပ်ဈေး ဆောက်သည့်အခါ အစားထိုးအိမ်ဆိုပြီး လေးလုံးဆောက်လုပ်ပေးထားခြင်း လည်းရှိပါကြောင်း၊ ထိုဝန်ထမ်းများကို ၎င်းနေရာအားရွှေ့ပေးလိုက်လျှင်လည်း အဆင်ပြေပါကြောင်း၊ မြို့နယ်တွင် မြေရှာရန်မြေလွတ်၊ မြေလပ်က မရှိတော့ပါကြောင်း၊ ထို့ကြောင့် ၎င်းနေရာသည်လည်း ဘောလုံးကွင်းနှင့်နီးခြင်းကြောင့်၊ အားကစားရုံအတွက် အင်မတန်သင့်တော်သည့် နေရာဖြစ်ပါ ကြောင်း၊ ဝန်ကြီးအနေဖြင့် လယ်/ဆည်ဝန်ကြီးနှင့် ပြန်လည်ညှိနှိုင်းပေးပြီး မြေနေရာရရှိရေးကို ပြန်လည် ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

ဝန်ကြီးဦးအောင်သူနှင့်ညှိပြီး ပထမဦးဆုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများ ပိုင်သည့် မြေများရှိ/မရှိ မိမိတို့မှကြည့်ပါမည် ရှိခဲ့ပါက ပေးပါမည်။ ကျန်းမာရေးနှင့်အားကစားက တစ်ခုတည်း ဖြစ်နေသည့်အတွက် ပေးပါမည်။ ယခုတစ်ပတ်အတွင်း တယ်လီဖုန်းနှင့်လည်းညှိပါမည်။ နမ့်စန်မြို့နယ်ရှိ လူများအားကစားလုပ်မှသာလျှင် ကျန်းမာပြီးဆေးရုံလာသည့် လူနာဦးရေလျော့မည် ဖြစ်သည့်အတွက် မိမိဘက်မှ ကြိုးစားသွားမည်ဖြစ်ကြောင်းကို ရှင်းလင်းဖြေကြားပါသည်။