မိမိတို့ မော်လိုက်မြို့နယ်တွင် အစိုးရဌာနပေါင်း၊ မြို့နယ်နှင့် ခရိုင်စုစုပေါင်း ၃၇ ဌာနရှိပါသည်။ တချို့ဌာနများတွင် ဖွဲ့စည်းပုံများရှိကြသော်လည်း ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်းများကို ပြည့်စုံစွာ ခန့်ထားခြင်း မရှိသဖြင့် (နေ့စား) လပေးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းများ၏ နေရာတွင် အစားထိုး၍ (နေ့စား) လပေး ပုတ်ပြတ်နေ့စားများ ခန့်ထားဆောင်ရွက်ရသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အချို့သောဌာနများတွင် ဘွဲ့ရနေ့စားများကို နှစ်နှစ်မှ ၁၇ နှစ်အထိ နေ့စားဝန်ထမ်းအဖြစ် လုပ်နေကြရပါကြောင်း၊ ဝန်ထမ်းလုပ်သက်အဖြစ် ရရှိခံစားရခြင်းမရှိဘဲ အလွန်နစ်နာဆုံးရှုံးနေသည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ နေ့စားဘဝတွင် ဝန်ထမ်းလုပ်သက်မရသဖြင့် ပင်စင်ယူသည့်အခါ နစ်နာဆုံးရှုံးရပါကြောင်း၊ ဘွဲ့ရအလုပ်လက်မဲ့၊ ဘွဲ့ရနေ့စားဝန်ထမ်းများ Public Service နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်ရရှိရေး၊ နေ့စားလုပ်သက် ၁၇ နှစ်ခန့်လုပ်ရပြီး အမြဲတမ်းဝန်ထမ်းအဖြစ်ရရှိရေး၊ ဝန်ထမ်းလုပ်သက်ရ In Service အဖြစ်ရရှိရေးကို မကြာခဏ လာရောက်တင်ပြကြပါကြောင်း၊ ကျေးရွာနေတောင်သူလယ်သမားများ၏ သားသမီးများမှာ စားဝတ်နေရေးခက်ခဲသောအခြေအနေမှ တက္ကသိုလ်ပညာကို ကြိုးစားအားထုတ်ပြီး ဘာသာရပ်အလိုက် ဘွဲ့အမျိုးမျိုးရရှိခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ဘွဲ့ရပြီး အလုပ်လျှောက်ထား သော်လည်း အလုပ်အကိုင်မရရှိဘဲ အလုပ်လက်မဲ့ဘဝ ရောက်ရှိနေကြပါကြောင်း၊ မိမိရောက်ရှိခဲ့သော တောရွာများ၊ မြို့နယ်တော်တော်များများမှာ ဘွဲ့ရ အလုပ်လက်မဲ့များ တွေ့ရှိရပါကြောင်း၊ တစ်ပြည်လုံးတွင်လည်း ဘွဲ့အမျိုးမျိုးရရှိပြီး အလုပ်လက်မဲ့ဘဝ ရောက်ရှိနေကြသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ဘွဲ့ရများ အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက မြို့နယ်တိုင်းတွင် ဘွဲ့ရအလုပ်လက်မဲ့များ၊ နှစ်ရှည်လများ(နေ့စား)ဘဝ လုပ်နေရသည့် ဝန်ထမ်းများစာရင်းကောက်ယူပြီး စီမံချက်ရေးဆွဲကာ အလုပ်အကိုင်နေရာချထားပေးသင့်ပါကြောင်း။
သို့ဖြစ်ပါ၍ (က) အစိုးရဌာနအသီးသီးတွင် နေ့စားဝန်ထမ်းအဖြစ် ၂ နှစ်မှ ၁၇ နှစ်အထိ တာဝန်ထမ်းဆောင်သူများကို (In Service) လုပ်သက်ရဝန်ထမ်းအဖြစ် တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ၊ (ခ) ကျေးလက်တောရွာများနှင့် မြို့များတွင် ဘွဲ့အမျိုးမျိုးရရှပြီး အလုပ် လက်မဲ့များကို စာရင်းကောက်ယူ၍ စီမံချက်ရေးဆွဲကာ အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ခန့်ထား ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
အစိုးရဌာနအသီးသီးတွင် နေ့စားဝန်ထမ်းများအဖြစ် နှစ်နှစ်မှ ၁၇ နှစ်အထိ တာဝန်ထမ်းဆောင်သူများကို In Service လုပ်သက်ရဝန်ထမ်းများအဖြစ် နေ့စားဝန်ထမ်းများ ခန့်အပ်ရာတွင် ဖွဲ့စည်းပုံအရ နေရာလစ်လပ်မှုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်အပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီမှ သတ်မှတ်ထားသော နေ့စားများကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် နေရာတွင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် နည်းဥပဒေ ၄၉တွင် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်း၏ လိုအပ်ချက်အရ ဖွဲ့စည်းပုံအင်အားအတွင်း လစ်လပ်လျက်ရှိသည့် ရာထူးတစ်နေရာကို ကျောထောက်နောက်ခံပြု၍ အောက်တစ်ဆင့်နိမ့်သော ရာထူးတစ်နေရာတွင် ဌာနအတွင်းမှ ဝန်ထမ်းများကို ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းဖြင့် ခန့်ထားနိုင်သည်ဟု နည်းဥပဒေ၅၀တွင် ပြဋ္ဌာန်းထားပြီး နည်းဥပဒေ ၄၉အရ ခန့်ထားရာတွင် သတ်မှတ်ခွင့်ပြုထားသည့် ဝန်ထမ်းဖွဲ့စည်းပုံ အင်အားအတွင်း ဖြစ်ရမည်ဟူ၍ လည်းကောင်း၊ ရာထူးတိုးမြှင့်ပေးနိုင်မည့် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီရမည်ဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားသောကြောင့် အစိုးရဌာနအသီးသီးမှ နေ့စားဝန်ထမ်းများအား သက်ဆိုင်ရာ အစိုးရဌာန၏ လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး လုပ်သက်ရဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ပေးနေပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လစ်လပ်ဝန်ထမ်းများ ခန့်ထားရာ နိုင်ငံတော်မှပြဋ္ဌာန်းထားသော နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီခန့်ထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေ့စားဝန်ထမ်းအဖြစ် လျှောက်ထားသူများမှာ သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသူများကိုရွေးချယ်ပြီး ခွင့်ပြုရန်ပုံငွေအပေါ် မူတည်ကာ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ဖြင့် နေ့စားဝန်ထမ်းခန့်ထားခြင်းကို ဆောင်ရွက်သလို နေ့စားဝန်ထမ်းများအား လုပ်ငန်း လိုအပ်ချက်အရ အမြဲတမ်းဝန်ထမ်းများ လစ်လပ်သည့်အခါများတွင် ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့သည့် အလိုက် ပညာအရည်အချင်းများနဲ့ ကိုက်ညီသူများကို လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ရွေးချယ်ပြီး အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူပြီး အမြဲတမ်းဝန်ထမ်း (In Service) အဖြစ် ခန့်ထားခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျေးလက်တောရွာများနှင့် မြို့များတွင်ဘွဲ့အမျိုးမျိုးရရှိပြီး အလုပ်လက်မဲ့များကို စာရင်းကောက်ယူပြီး စီမံချက်ရေးဆွဲကာ အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ခန့်ထားပေးနိုင်ခြင်းရှိ/မရှိနှင့် ပတ်သက်၍ မိမိတို့ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းပြည်ပ အလုပ်အကိုင် နေရာချထားရေးလုပ်ငန်းစဉ်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်နှင့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စေရန် ပုဂ္ဂလိက၊ သမဝါယမ၊ ဖက်စပ်စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများတွင် လိုအပ်သည့်နေ့စား၊ လစားဝန်ထမ်းများအတွက် ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသည့် အလုပ်သမားများရရှိရန်နှင့် အလုပ်အကိုင်လိုအပ်သည့် ဘွဲ့ရသူများ၊ ဘွဲ့မရသူများအတွက်ပါ ရည်ရွယ်၍ အလုပ်သမားမှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ အလုပ်ခန့်ထားပေးခြင်းစသည့် လုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး ပြည်နယ် ၁၅ ခုတို့တွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၇၈ ရုံးဖွင့်လှစ်၍ ဆောင်ရွက်ပေးပါကြောင်း။
ထို့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အလုပ်အကိုင်နှင့်အလုပ်သမား ရှာဖွေရေးရုံး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် ဒေသများသို့ Mobile Team ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair) များကို ကျင်းပပြုလုပ်ပြီး အလုပ်ခန့်ထားလိုသူနှင့် အလုပ်အကိုင် လိုချင်သူများအား တိုက်ရိုက်ချိတ်ဆက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားရှိသော ပြည်တွင်းနှင့်ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်လည်း အလုပ် သမားခန့်ထားလိုသည့် ကုမ္ပဏီများမှ အလုပ်လိုချင်သူများအား ချိတ်ဆက်ပြီးအလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးသည့် နေရာတွင် ကျေးလက်တောရွာ၊ မြို့များရှိ ဘွဲ့ရရှိသူများနှင့် ဘွဲ့မရရှိသူများ အားလုံးကို ဆောင်ရွက်ပေးနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
