(စ)-ညောင်တုန်းမြို့နယ်အပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လမ်းနယ်နိမိတ် များကို မူလလမ်းနှင့်သတ်မှတ်ချက် ပေ ၃၀၀ မှ ပေ ၁၅၀ လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာသော မြေလွတ်မြေလပ်များအား မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၅.၃.၂၀၁၈)

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လမ်းနယ်နိမိတ်များကို ယခင် အကျယ် ပေ ၃၀၀ သတ်မှတ်ထားရှိရာမှ ယခုအခါ လမ်းနယ်နိမိတ်အား အကျယ် ၁၅၀ အထိ လျှော့ချခဲ့သည့်အတွက် တစ်ဖက်တွင် ၇၅ ပေ အကျယ် ကျန်ရှိနေပြီး မည်သည့်စီမံခန့်ခွဲမှုအောက်တွင် ရှိသည်ကို မသိရပါကြောင်း၊ လွတ်နေသည့်မြေအား ဝင်ရောက်နေရာယူလာသူ အများအပြားရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း တချို့မူလပိုင်ရှင်များက ပြန်လည် တောင်းဆိုမှုများ ရှိလာသည့်အတွက် ကျူးကျော်နေရာယူသူများနှင့် မူလတောင်သူတို့အကြား ပြဿနာမဖြစ်စေရန်အတွက် ၎င်းမြေလွတ်အား မည်သို့စီမံဆောင်ရွက်ထား သည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင်လမ်းများနှင့် ပတ်သက်၍ လမ်းနယ်နိမိတ်များကို လမ်းအဆင့်အတန်းအပေါ် မူတည်ပြီး ၂၄-၇-၂၀၁၄ ရက် နေ့မှစ၍ အမြန်လမ်းမကြီး ၄၀၀ ပေ၊ အထူး သတ်မှတ်လမ်း ၃၀၀ ပေ၊ နိုင်ငံတကာ ဆက်သွယ် ရေးလမ်းမကြီး ၂၃၀ ပေ၊ ပြည်ထောင်စုလမ်းမကြီး ၁၅၀ ပေ၊ တိုင်းဒေသကြီး/ ပြည်နယ်များ ဆက်သွယ်သည်‌့လမ်း ၁၅၀ ပေ၊ ခရိုင်/မြို့နယ်များ ဆက်သွယ် သည်‌့လမ်း ၁၅၀ ပေနှင့် မြို့နယ်/ကျေးရွာများ ဆက်သွယ်သည်‌့လမ်း ၁၀၀ ပေ စသည်ဖြင့် အသီးသီး သတ်မှတ်ထားပြီး မြို့တွင်း/ရွာတွင်းစည်ပင်သာယာ နယ်နိမိတ်အတွင်း၌ အနည်းဆုံး ၁၀၀ ပေအဖြစ် သတ်မှတ်ထားရှိပါကြောင်း၊ ပုသိမ်-မုံရွာလမ်းနှင့် ရန်ကုန်-ပုသိမ်လမ်းတို့သည်‌ ပြည်ထောင်စုလမ်းမကြီးများ ဖြစ်သဖြင့် လမ်းနယ်နိမိတ် သတ်မှတ်ချက်မှာ ၁၅၀ ပေဖြစ်ပါကြောင်း၊  အဆိုပါလမ်းနှစ်လမ်းအနက် ပုသိမ်-မုံရွာလမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ EC ဆုံးဖြတ်ချက် အရ ၂၀-၈-၂၀၁၀ ရက်နေ့တွင် လမ်းနယ်နိမိတ် အကျယ် ၃၀၀ ပေအဖြစ် သတ်မှတ်ခဲ့ပါ ကြောင်း၊ သဖြင့် လက်ရှိလမ်းအဆင့် သတ်မှတ်ချက်အရ ၎င်းနယ်နိမိတ် ကို ၁၅၀ ပေသို့ ၂၄-၇-၂၀၁၄ ရက်နေ့တွင် ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ပါကြောင်း၊ အဆိုပါ လမ်းနယ်နိမိတ်ပြင်ဆင်သတ်မှတ်မှုများ ကြောင့်ဖြစ်ပေါ်လာသော မြေယာကိစ္စများနှင့်စပ်လျဉ်းပြီး ယခင်သိမ်းယူခဲ့စဉ်က မြေယာလျာ်ကြေး ပေးချေခဲ့ခြင်းရှိ/မရှိကို ပြန်လည်စိစစ်လျက်ရှိပါကြောင်း၊ လျော်ကြေးပေးချေ၍ သိမ်းဆည်းခဲ့ခြင်းဖြစ်ပါက နိုင်ငံတော်သို့ပြန်လည်အပ်နှံနိုင်ရေးကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး လျော်ကြေး ပေးချေခဲ့ခြင်းမရှိခဲ့ပါက မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။