မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ-ဝေလူးလမ်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တစ်ကြောင်းထိုးလမ်းအဖြစ် ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ ဝေလူးကျေးရွာဟာ မတူပီမြို့နယ်အဆုံးဖြစ်ပြီး ထိန်းခေါင်ကျေးရွာနှင့် လုံတူးကျေးရွာတို့သည် ပလက်ဝမြို့နယ် ဖြစ်ပါကြောင်း၊ သို့သော် ပလက်ဝမြို့ကို သွားသည့်အခါ လေးမြို့မြစ်ကိုဆုံဆင်းပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့တို့ကို ဖြတ်ပြီးမှ ပလက်ဝမြို့ကို ရောက်ပါကြောင်း၊ မိုင် ၂၀၀ ကျော်ဝေးသည့် မတူပီမြို့မှ ထိန်းခေါင်-လုံတူးကျေးရွာသည် မိုင် ၃၀ ကျော် ၄၀ ခန့်သာ ဝေးသည့်အတွက် ပြည်သူများ၏ စားဝတ်နေရေးနှင့် အစစအရာရာအတွက် ပလက်ဝမြို့နယ်ထက် မတူပီမြို့ကိုပိုပြီး မှီခိုအားထားနေရပါကြောင်း၊ ထို့ကြောင့် မတူပီမြို့နယ်ကို ဆက်သွယ် သွားလာနိုင်သည့် ကားလမ်းလိုအပ်သည့်အပြင် လုံတူးကျေးရွာမှ အရှေ့ဘက်ကိုသွားလျှင် ကန်ပက်လက်မြို့နယ် မကြားအိမ်နူးနှင့် မထားအိမ်နူးကျေးရွာတို့ကိုရောက်ပါကြောင်း၊ ကန်ပက်လက် မြို့နယ်မှ မကြားအိမ်နူးအထိ တစ်ကြောင်းထိုးကားလမ်း ပေါက်ပြီးဖြစ်ပါကြောင်း၊ မကြားအိမ်နူးကားလမ်းသည် ကန်ပက်လက်မြို့နှင့် ပလက်ဝမြို့ချင်းဆက် လမ်းအဖြစ် လျာထားသည်ဟုလည်း သိရပါကြောင်း၊
ချင်းပြည်နယ် (တောင်ပိုင်း) မြို့နယ်များဖြစ်သည့် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ပလက်ဝမြို့နယ် လေးမြို့နယ်ဆုံချက် နေရာဖြစ်သည့်အတွက်ကြောင့် မည်သည့်မြို့နယ်ကမှ လက်လှမ်းမမီသည့်အတွက် ကားလမ်းမရှိဘဲ ရွာပေါင်း ၇၀ ကျော်က ဆက်သွယ်ရေး ပြတ်တောက်သည့် နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးမှုအလွန်နိမ့်ကျပြီး လမ်းပန်းဆက်သွယ်ရေး လုံးဝမရှိသည့် နေရာဖြစ်ခြင်းကြောင့် မတူပီမြို့နယ်၊ ဝေလူးကျေးရွာမှ ပလက်ဝမြို့နယ်၊ ထိန်းခေါင်ကျေးရွာ၊ လုံတူးကျေးရွာတို့ကိုဖြတ်ပြီး ကန်ပက်လက်မြို့နယ် မကြားအိမ်နူးကျေးရွာတို့ ဆက်သွယ်သွားလာနိုင်မည့် မိုင် ၂၀ အား ဖောက်လုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ-ဝေလူး-ထိန်းခေါင်-လုံးတူ-မကြားအိမ်နူးကျေးရွာများကို ဖောက်၍ ဖောက်လုပ်လိုသည့် လမ်းသည် မတူပီမြို့မှ ၂၃ မိုင် ၃ ဖာလုံ မြေလမ်းအကွာရှိ ဝေလူးကျေးရွာမှ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်နှင့် ကန်ပက်လက်မြို့နယ် သုံးခုအားဖြတ်ပြီး မကြားအိမ်နူးရွာထိ ဆက်သွယ်ထားသော မြေသားလမ်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝေလူး-ထိန်းခေါင်-လုံတူး-မကြားအိမ်နူးလမ်း မိုင် ၂၀ အနက် ဝေလူး-ထိန်းခေါင်လမ်းအပိုင်း ၆ မိုင်အား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၈ ပေ အကျယ်မြေသားလမ်းအဖြစ် လျာထားပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
အဆိုပါလမ်းများ၏ ဆောင်ရွက်ရန်ကျန်ရှိနေသော လမ်းပိုင်း ၁၄ မိုင်အား လမ်းအူကြောင်းရှာဖွေ ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင်လမ်းအဖြစ် လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းသွင်းဆောင်ရွက်သွားပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ တင်ပြတောင်းခံပြီး လမ်းပိုင်းအလိုက် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးပါထန်း (မတူပီမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတင်ပြသည့် ဒေသသည် လေးမြို့နယ်ဆုံချက် ဖြစ်သည့်အခါ လမ်းပန်းဆက်သွယ်ရေး မရှိပါကြောင်း၊ ယခု တစ်နှစ်တွင် ၆ မိုင် လျာထားပေးသည်မှာ ၎င်းဒေသအတွက် လုံလောက်သည့် အတိုင်းအတာမဟုတ်ပါကြောင်း၊ ထို့ကြောင့် ထိုးမြေသားလမ်းကို တောင်းရခြင်းဖြစ်သည့် အတွက်ကြောင့် မိမိတို့ ဒေသ၏လိုအပ်ချက်အရ ကျန်သည့် ၁၄ မိုင်ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
၂၀၁၅ ခုနှစ်အထိက လမ်းမရှိသည့် ရွာများဖြစ်ပါကြောင်း၊ အစိုးရသစ်တက်လာပြီး နှစ်နှစ်အတွင်း ဦးစားပေးအနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဦးစားပေးပါ ဆိုသည့်အတွက် ၎င်းရွာများကို နှစ်နှစ်အတွင်း ဖောက်ခဲ့သည့်လမ်းများ ဖြစ်သော်လည်း အခက်အခဲတစ်ခု ဖြစ်သွားသည်က နတ်မတောင်ခြေကနေပြီးဖြတ်ပြီး လမ်းဖောက်လိုက်ခြင်း၊ ကန်ပက်လက်ကနေပြီး မြို့သစ်ပေးလိုက်သည့် မကွေအိမ်နူးသည် အစိုးရသစ်လက်ထက်တွင် မိုင် ၄၀ ခန့် ရှိပါကြောင်း၊ ယခင်က မကွေအိမ်နူးသည် လမ်းလုံးဝမရှိပါကြောင်း၊ ၎င်းကို နတ်မတောင်ခြေကနေ ဖြတ်ဖောက်လိုက်သည့်အခါ မျက်ခုံးဖြူငှက်၏ အသိုက်များရှိသည့် နေရာကနေ လမ်းဖောက်ပြီးသား ဖြစ်သွားပါကြောင်း၊ သစ်တောရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကနေပြီး မိမိတို့ထံသို့ ကန့်ကွက်စာပို့ပြီး ၎င်းလမ်းက လမ်းပေါက်သွားသည်နှင့် ထိုရွာသားများက မော်တော်ဆိုင်ကယ်များ မောင်းသည့်အခါ ငှက်များက အသိုက်ပြောင်းကုန်ပါကြောင်း၊ ငှက်များအသိုက်ပြောင်းသည့်အခါ လမ်းအသစ်ဖောက်ပေးပါဆိုသည်နှင့် ပြီးခဲ့သည့်လထဲတွင် သစ်တောရေးရာအဖွဲ့များနှင့် ကွင်းဆင်းပြီး နတ်မတောင်ကနေ တောင်ဘက် ခုနစ်မိုင်အကွာတွင် လမ်းအူကြောင်းအသစ်ရှာပြီး ၁၄ မိုင် လမ်းသစ် ကို မြေသားလမ်းအသစ် ဖောက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် မတိုင်ခင် ကန်ပက်လက်ကနေပြီး မကွေအိမ်နူးအထိ၊ မကွေအိမ်နူးကနေ မကြားအိမ်နူးအထိ၊ မကြားအိမ်နူး ကနေပြီး မတူပီဆက်သည့်လမ်း အားလုံးကို မြေသားလမ်းပေါက်သွားမည် ဖြစ်ပါပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
