မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု ကတ္တရာလမ်းမကြီးနှင့် ဆက်သွယ်ထားသော ဟိုနမ့်-ထီဟန်းခြွီး ရွာချင်းဆက်လမ်း၊ ဟိုနမ့်-ပြင်သာယာ-ပုန်းအောင်း-ထီပျဉ်ရွာချင်းဆက်လမ်း၊ စဉ့်ဝင်ကျေးရွာအုပ်စုရှိ ရွာသစ်-နောင်ခမ်းရွာချင်းဆက်လမ်းတို့ကို (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် မည်သည့်လမ်းအဆင့်ထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းတဲ့မေးခွန်း
မောက်မယ်မြို့နယ်တွင် ဝေးလံခေါင်သီသော ကျေးရွာများအထိ မြေသားလမ်း၊ ကျောက်ချောလမ်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခင်က လုပ်ငန်းနယ်မြေ ကန့်သတ်ခွဲဝေရာတွင် နတလ ဦးစီးဌာနနှင့် ကျေးလက်ဦးစီးဌာနတို့မှ ရွာချင်းဆက်လမ်းများကို မိမိတို့လုပ်ငန်းနယ်မြေအလိုက် ခွဲခြားဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခုပြောင်းရွှေ့ဖွင့်လှစ်လိုက်သော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် ကျေးလက်လမ်းများကို (A), (B), (C) အဆင့်ခွဲခြား၍ ဆောင်ရွက်ပေးမည်ဟုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ကျေးရွာသုံးရွာသည် ၂၀၁၀ ပြည့်နှစ်မှ ယနေ့အချိန်ထိ ကျေးလက်လမ်းကြမ်း အဆင့်ထိသာ ကျန်ရှိနေသော ကျေးလက်လမ်းများဖြစ်သဖြင့် ဦးစားပေးဆောင်ရွက် ပေးပါရန် လိုအပ်ပါကြောင်း၊ (၁) မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု၊ ဟိုနမ့်ကတ္တရာလမ်းနှင့် ဆက်သွယ်ထားသော ပြင်သာယာ-ပုန်းအောင်း-ထီပျဉ် ရွာချင်းဆက်လမ်း၊ (၂) မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု၊ ဟိုနမ့်ကတ္တရာလမ်းနှင့် ဆက်သွယ်ထားသော ဟိုနမ့်-ထီဟန်းခြွီးရွာချင်းဆက် လမ်း၊ (၃) မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စု မြို့ပေါ်ရပ်ကွက်နှင့် ဆက်သွယ်ထားသော ရွာသစ်-နောင်ခမ်းလမ်းတို့ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ထိတိုင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော ကျေးရွာချင်းဆက်လမ်းများအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မည်သည့်လမ်း အဆင့်ထိ တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရွာချင်းဆက်လမ်း သုံးလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းများဖြစ်ပါကြောင်း၊ ဟိုနမ့်ကျေးရွာအုပ်စုအတွင်းရှိ ဟိုနမ့်-ထီဟန်းခြွီး (ပွန်ချောင်း-ပင်ငို-ထီဟန်းခြွီး) လမ်းအရှည် ၉ မိုင် ၃ ဖာလုံနှင့် ဟိုနမ့်-ပြင်သာယာ-ပုန်းအောင်း-ထီပျဉ်လမ်းအရှည် ၇ မိုင် ၅ ဖာလုံတို့သည် မောက်မယ်-ဆီဆိုင် လမ်းမကြီးနှင့် ဆက်သွယ်ထားသောလမ်းများ ဖြစ်ပါကြောင်း၊ စဉ့်ဝင်ကျေးရွာအုပ်စုအတွင်းရှိ ရွာသစ်-နောင်ခမ်းလမ်းအရှည် ၃ မိုင် ၆ ဖာလုံက လက်ရှိအခြေအနေတွင် ကျောက်ချောလမ်း ၆ ဖာလုံနှင့် မြေသားလမ်း ၃ မိုင်ဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဟိုနမ့်-ထီဟန်းခြွီး (ပွန်ချောင်း-ပင်ငို-ထီဟန်းခြွီး) လမ်းနှင့် ဟိုနမ့်-ပြင်သာယာ-ပုန်းအောင်း-ထီပျဉ်လမ်းတို့ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၁၂ လ ရန်ပုံငွေတွင်လည်းကောင်း၊ ရွာသစ်-နောင်ခမ်းလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၁၂ လ ပြည်ထောင်စုရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ် မူတည်ပြီး လမ်းလုပ်ငန်းများကို အဆင့်မြှင့်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
