ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၇.၂.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၂၇  ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၃ ) ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

 

(၁)    ဦးနေစိုးအောင်၊ ဝန်းသိုမဲဆန္ဒနယ်မှ မေးမြန်းသော ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းပေါ်ရှိ မောင်းကော်တံတားအား ကွန်ကရစ် တံတားအဖြစ် အသစ်ဆောက်လုပ်ပေးရန်  အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေလျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

(၂)    ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ မေးမြန်းသော တောင်တွင်းကြီးမြို့နယ်ရှိ ဗိဿနိုးယဉ်ကျေးမှုနယ်မြေ မြို့ပတ်လမ်းဖြစ်သော အုန္နဲတန်း-ကြက်ဖြူတော ကျေးရွာချင်းဆက်လမ်းကို မြေနီကျောက်ချောလမ်းခင်းပေးရန်  အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေ    ထည့်သွင်းလျာထား သွားမည်ဖြစ်ပြီး လမ်းများကိုအဆင့်မြှင့်တင် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ်မှ မေးမြန်းသော ဒိုက်ဦးမြို့၊ ဖအောင်ဝဲ ရပ်ကွက်မှ နှင်းဝိကျေးရွာသို့သွားသော လမ်းမကြီးတွင် ဘိုင်းဒါးချောင်း၊ ချောင်းဆုံ တံတားကြီးအား သစ်သားတံတားမှ သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထား တင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဦးဝင်းနိုင်၊ မိုးကောင်းမဲဆန္ဒနယ်မှ မေးမြန်းသော မြစ်ကြီးနား-ရွှေဘို-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းမြို့နယ်အတွင်း လမ်းပိုင်းနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းပိုင်တို့အား B.O.T စနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရှိမှု အခြေအနေကို သိလိုခြင်း  မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ်မှစ၍ ရန်ပုံငွေတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကတော့ B.O.T စနစ်ပေးဖို့ မရှိပါကြောင်းနှင့် အင်ဂျင်နီယာဌာန ဝန်ထမ်းများဖြင့် ဝင်ရောက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်မှ မေးမြန်းသော ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နှစ်တွင် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သော သနပ်ပင်-မင်းရွာကျောင်းစု ကျောက်ချောလမ်း (၅.၆)မိုင်မှာ ယခုအခါ ပျက်စီးနေပြီဖြစ်သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် ယင်းလမ်းအား တည်ဆောက်ခဲ့သော ကုမ္ပဏီသည် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ခြင်းမရှိသည့်အတွက် အရေးယူဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဦးစားပေးအပိုင်းလိုက် ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် ယင်းလမ်းအား ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ်   မူတည်၍ ကုမ္ပဏီအားအရေးယူဆောင်ရွက်နိုင်ရေးအတွက် ယခင်တာဝန်ယူဆောင် ရွက်ခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ဆက်လက် အကြောင်းကြားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးဦးထွန်းဝင်း၊ ကျောက်တော်မဲဆန္ဒနယ်မှ မေးမြန်းသော ကျောက်တော်မြို့နယ် အထက်ပိုင်း၊ ကုလားတန်အနောက်ဘက် ကမ်းခြေဖြစ်သည့် ကျောက်တော်မှ မီးဝ အထိ ရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန်  အစီအစဉ် ရှိ/ မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်းအူကြောင်းတိုင်းတာခြင်း လုပ်ငန်းများပြီးစီးပါက လမ်းစာရင်းသိမ်းသွင်း၍ ရန်ပုံငွေတင်ပြတောင်းခံပြီး လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(ခ)    ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့်အစီရင်ခံစာဖတ်ကြားခြင်း

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော ကိုယ်စားလှယ်များက  ၅.၃.၂၀၁၈ ရက် (တနင်္လာနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

 

၃။      အစည်းအဝေးကို နံနက်( ၁၀ )နာရီ( ၅၃ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၅.၃.၂၀၁၈ ရက် (တနင်္လာနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။