(စ)-ကျောက်တော်မြို့နယ် အထက်ပိုင်း၊ ကုလားတန်အရှေ့ဘက် ကမ်းခြေဒေသဖြစ်သည့် ကျောက်တော်မှမီးဝအထိ ရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၇.၂.၂၀၁၈)

ကျောက်တော်မြို့နယ်အထက်ပိုင်း၊ ကုလားတန်အနောက်ဘက်ကမ်းခြေသည် မိသားစု ၃၀၀၀ ကျော်၊ လူပေါင်း ၂၀၀၀၀ ကျော်နေထိုင်ပြီး အဓိကကျသည့် ကမ်းခြေတစ်ခုဖြစ်ပါကြောင်း၊ ၎င်းဒေသ၏ လမ်းပန်းဆက်သွယ်မှုအခြေအနေဆိုးရွားကြောင်း မိမိအား တင်ပြသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့နယ်အထက်ပိုင်း ကုလားတန် အနောက်ဘက်ကမ်းခြေဒေသဖြစ်သည့် ကျောက်တော်မှ မီးဝအထိ ရွာချင်းဆက်လမ်းများ ဖောက်လုပ် ပေးဖို့အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူထားသော် ကျောက်တော်-ပလက်ဝလမ်းသည် ရာသီမရွေးသွားလာနိုင်သည့်လမ်း ဖြစ်ပါကြောင်း၊ တံတားများအားလုံးကို ကွန်ကရစ်တံတား တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ကစ္စပနဒီမြစ် အရှေ့ဘက်ကမ်း ပေါက်တော-ကျောက်ဂူ-ရွှေပြည်အထိ လမ်း အရှည် ၁၁ မိုင် ၄ ဖာလုံသည် ကျေးလက်လမ်း ဦးစီး ဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါ ကျောက်တော်-ရွှေပြည်ရွာမှ အရှေ့ဘက်ကမ်းရွာ များဖြစ်သည့် သာစည်၊ ကုလားမနိုင်၊ မာလာစသည့်ရွာများအတွက် လမ်းမရှိသေးသည့်အတွက် ကျေးလက်လမ်းအူကြောင်းကို ရှာဖွေ တိုင်းတာလျက်ရှိပြီး ကျေးလက်လမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောက်တော်မြို့၊ ကစ္စပနဒီမြစ်၏ အနောက်ဘက်ခြမ်း ဖြစ်သည့် အလည်ကျွန်းဈေး၊ ရွာမ၊ နတ်တောင်၊ ရတနာ၊ နံလျားကုန်း၊ ဒယ်ဖြူ၊ သံပုရာဒေါင့်၊ သံပူစသည့်ရွာများသည် ကစ္စပနဒီမြစ်၏ အနောက်ဘက်ကမ်းတွင်ရှိပြီး လမ်းလုံးဝမရှိသေးပါ ကြောင်း၊ ထို့ကြောင့် အဆိုပါရွာများ၏ ကျေးရွာချင်းဆက်လမ်းများကိုလည်း ကစ္စပနဒီမြစ် အရှေ့ဘက်ကမ်းရွာများအတွက် လမ်းအူကြောင်းရှာဖွေတိုင်းတာပြီးသည့်အခါ အနောက်ဘက် ကမ်းကို လမ်းအူကြောင်းရှာဖွေတိုင်းတာရန် Survey အဖွဲ့ကို မိမိညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

          ကျောက်တော်မြို့နယ်အထက်ပိုင်း၊ ကစ္စပနဒီမြစ်၏အရှေ့ဘက်ကမ်းဖြစ်သည့် ကျေးရွာများ နှင့် အနောက်ဘက်ကမ်းကျေးရွာများကို လမ်းများဖောက်လုပ်ပေးရန် အရှေ့ဘက်ကမ်းရွာများကို Survey တိုင်းတာပြီးစီးပါက အနောက်ဘက်ကမ်းရွာများကို လမ်းအူကြောင်းတိုင်းတာခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လမ်းအူကြောင်းတိုင်းတာခြင်းလုပ်ငန်း များပြီးစီးပါက လမ်းစာရင်းသိမ်းသွင်းပြီး ရန်ပုံငွေတင်ပြတောင်းခံပြီး လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။