သနပ်ပင်-မင်းရွာ ကျောင်းစုလမ်းကို ၁၉၉၅-၉၆ ခုနှစ်ကစပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများက ကိုယ်ထူကိုယ်ထ သံဃာတော်များ၊ ရပ်မိရပ်ဖများက ပြုပြင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်း လမ်းကို ၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ပထမအကြိမ်တွင် မေးမြန်းခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်နှင့် ၂၀၁၄-၁၅ ဘတ်ဂျက်များတွင် သိန်းပေါင်း ၆၀၀၀ ခန့် အကုန်အကျခံပြီး ကျောက်ချောလမ်း ၉.၁ မိုင် အဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်း တည်ဆောက်စဉ်ကလည်း လမ်းသည် အရည်အသွေး မမီသည့်အတွက် လပိုင်းတွင် ပြန်လည်ပျက်စီးခဲ့ပါကြောင်း၊ မိမိတို့က သက်ဆိုင်ရာ ကျေးလက်ဦးစီးဌာနကို တင်ပြညှိနှိုင်းပြီး ကုမ္ပဏီများကလည်း တင်ဒါစည်းကမ်းအတိုင်း ပြန်ပြီး ပြုလုပ်ပေးရန် တင်ပြသည့်အခါ ပြန်လည်လုပ်ပေးခြင်းမရှိဘဲ ၂၀၁၆-၁၇ ဘတ်ဂျက်ကျမှ သဘာဝ ဘေးအန္တရာယ်ရန်ပုံငွေဖြင့် သိန်းပေါင်း ၁၈၇၀ ဖြင့် ပြန်လည်ပြီးတည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းကလည်း ဆောက်ပြီးသိပ်မကြာခင် ပြန်လည်ပျက်စီးခဲ့ပါကြောင်း၊ တည်ဆောက်စဉ်ကလည်း လမ်းကော်မတီများ၊ ကြီးကြပ်သည့်အဖွဲ့များ၊ ဒေသခံများမှလည်း ကန့်ကွက်ပါကြောင်း၊ ကျောက်ကမကောင်းခြင်း၊ အရည်အသွေးမမီခြင်း၊ ပြန်လည်ပြုလုပ်ပေးပါရန် အကြိမ်ကြိမ် ညှိနှိုင်းပေးခဲ့ရပါကြောင်း၊ သို့သော် ပြုပြင်ပြီးသိပ်မကြာခင် သုံး၊ လေးလမှာ ပြန်လည်ပျက်စီးခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘတ်ဂျက်နှစ်ကာလသည် ပြည်သူ့အစိုးရသစ်၏ ပထမဆုံးဆောင်ရွက်သည့် ဘတ်ဂျက်နှစ် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရများနှင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများပါပြောင်းလဲရန် သင့်ပါကြောင်း၊ တင်ဒါစည်းမျဉ်းစည်းကမ်းပါအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ခြင်းရှိ/မရှိကိုလည်း ကြပ်မတ်စစ်ဆေးရန် တာဝန်ရှိသကဲ့သို့ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ခြင်းမရှိသည့် ကုမ္ပဏီများကိုလည်း ထိရောက်စွာ စံပြအဖြစ် အရေးယူအပြစ်ပေးရန် လိုအပ်ပါကြောင်း၊ သနပ်ပင်-မင်းရွာကျောင်းစုလမ်းသည် ကျေးရွာပေါင်း ၃၀ ကျော်၏ အဓိကဆက်သွယ်သည့် လမ်းဖြစ်သကဲ့သို့ ကုန်ထုတ်ဆက်သွယ်ရေးလမ်း လည်းဖြစ်ပါကြောင်း၊ ဝေါနှင့်သနပ်ပင်ဆက်သွယ်သည့် မြို့နယ်ချင်းဆက်လမ်းလည်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းကို အဆင့်မြှင့်တင်ပေးမည်ဆိုပါက နှစ်မြို့နယ်က ပြည်သူများအတွက် အင်မတန်မှ အကျိုး ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သနပ်ပင်-မင်းရွာကျောင်းစု ကျောက်ချောလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ခြင်းမရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီကို အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်ကို ဆက်သွယ်ထားသော သနပ်ပင်-မင်းရွာ ကျောင်းစု ကျောက်ချောလမ်းအရှည် ၉ မိုင် ၂ ဖာလုံအား ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းအနေဖြင့် ၅ မိုင် ၆ ဖာလုံအား ငွေကျပ် ၁၈၇ သန်း ဖြင့် Kinetic Art ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပါပြီး ယခုအခါ Kinetic Art ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်အရ အာမခံကာလအတွင်းပျက်စီးပါက ပြန်လည်ပြုပြင် ဆောင်ရွက်ပေးရမည် ဟုပါရှိသဖြင့် ကုမ္ပဏီမှ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ပြီးစီးပြီဖြစ်ကြောင်း တင်ပြလာပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သနပ်ပင်-မင်းရွာကျောင်းစုလမ်းအား စာချုပ်ပါ စည်းကမ်းများအတိုင်း ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ ကုမ္ပဏီအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ယခင်တာဝန်ယူ ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ဆက်လက်အကြောင်းကြား သွားမည်ဖြစ်ပါကြောင်း၊
သနပ်ပင်-မင်းရွာကျောင်းစုလမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class-A ဦးစားပေးအဆင့် (၁) တွင် ပါဝင်ပါသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးကို ဦးစားပေးအပိုင်းလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
