(ဃ)-မြစ်ကြီးနား- ရွှေဘို- မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းမြို့နယ်တွင်း လမ်းပိုင်းနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းပိုင်းတို့အား B.O.T စနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရှိမှု အခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၇.၂.၂၀၁၈)

မြစ်ကြီးနား-ရွှေဘို-မန္တလေးပြည်ထောင်စုလမ်းမကြီးသည် မဲဆန္ဒနယ်ထဲတွင် ၄၆ မိုင်ပါဝင်ပြီး မြို့နယ်တစ်ခုလုံး အဓိကအားထားအသုံးပြုနေရသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ အဲဒီလမ်းမကြီးသည် ၂၀၁၇ ခုနှစ် တစ်နှစ်လုံး ပြုပြင်ထိန်းသိမ်းခြင်း မရှိခဲ့သည့်အတွက် ကတ္တရာလမ်းများ ပေါက်ပြဲပျက်စီးလျက်ရှိပါကြောင်း၊ လမ်းဦးစီးကို ပြုပြင်ရန်အတွက် မေးမြန်းရာတွင် B.O.T ပေးရန်ရှိခြင်းကြောင့် ပြင်/ထိန်းအတွက်တင်သည့် ဘတ်ဂျက်ကို ခွင့်မပြုသည့်အတွက် ပြုပြင်နိုင်ခြင်း မရှိကြောင်း ဖြေကြားလာပါသည်။ ထို့အတူ မိုးကောင်း-ကာမိုင်း-ဖားကန့်-ကျောက်စီလမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ကတ္တရာလမ်းခင်းမည်ဟု ကြားခဲ့ရပြီး ၎င်းလမ်းပိုင်းကလည်း B.O.T ပေးမည့်အထဲ ပါသည်ဆိုပြီး ဘတ်ဂျက်ပြန်ရုပ်သိမ်းသွားသည်ဟု သိရပါကြောင်း၊ နောက်တစ်ခုက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့သည့် ပြည်ထောင်စုလမ်းမကြီးပေါ်က ကွန်ကရစ်တံတား ၁၂ စင်းက လည်း ကတ္တရာထပ်မခင်းနိုင်သည့်အတွက် ဖြတ်သန်းသွားလာသမျှ ဆိုင်ကယ်များ၊ ယာဉ်များ အခက်အခဲ ဖြစ်နေကြရပါကြောင်း၊ ထိုတံတားများကို ကတ္တရာခင်းရန်လည်း B.O.T ပေးမည်ဟု ဘတ်ဂျက်တင်သည်ကို ခွင့်မပြုခဲ့ပါကြောင်း၊

ကုန်စည်စီးဆင်းမှုကို အဓိကအသုံးပြုနေရသည်နှင့်အညီ ကုန်တင်ယာဉ်ကြီးများ၊ ဖားကန့်ဒေသကို နေ့စဉ်အမျှ သယ်ယူပို့ဆောင်နေသည့် စက်ယန္တရားများ၊ ဆီသည်ယာဉ်များကြောင့် ဒီနှစ်မိုးတွင်းဆိုလျှင် မည်မျှအထိ ဆိုးဆိုးရွားရွားပျက်စီးသွားဦးမည်ဆိုသည်မှာ ဒေသခံများများစွာ စိုးရိမ်ပူပန်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ကြီးနား-ရွှေဘို-မန္တလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းမြို့နယ်တွင်း လမ်းအပိုင်းနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းအပိုင်းတို့အား မည်သည့်ကာလတွင် B.O.T စနစ် ဖြင့်ဆောင်ရွက်မည်နှင့် B.O.T စနစ်ဖြင့် မဆောင်ရွက်နိုင်သေးမည် ကာလအတွင်း မည်ကဲ့သို့ပြုပြင် ထိန်းသိမ်းသွားပေးမည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား-နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းပိုင်းကို B.O.T စနစ်ဖြင်‌့ ဆောင်ရွက်ရန်အတွက် မြောက်ပိုင်းတော်ဝင်ကျောက်စိမ်း ကုမ္ပဏီကို ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ထောက်ခံချက်ဖြင်‌့ ခွင့်ပြုပေးခဲ့သော်လည်း အဆိုပါကုမ္ပဏီသည် နမ္မတီးမှ လဝါးအထိမိုင် ၂၀ သာလျှင် ကတ္တရာကွန်ကရစ် AC ခင်းခြင်းလုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ကျန်အပိုင်းများကို လုံခြုံရေးတည်ငြိမ်မှု မရှိခြင်းကို အကြောင်းပြပြီး ဝင်ရောက်ဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ၁၄-၂-၂၀၁၈ ရက်နေ့တွင် တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦး၏ မေးမြန်းချက်ဖြစ်သည့် B.O.T ကုမ္ပဏီမှ ဝင်ရောက်ဆောင်ရွက်ခြင်းမရှိသည့် လမ်းပိုင်းကို ကုမ္ပဏီထံမှ ပြန်လည်သိမ်းယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းကို ဖြေကြားခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုလည်း ဆောင်ရွက်မည်‌့ အစီအစဉ်ကို အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ရှင်ဗွေယန်လမ်းပိုင်းသည် ယခုဆိုလျှင် ဝန်ထမ်းများ ဝင်ရောက်ဆောင်ရွက်ပြီး သွား၍ရနေပြီးဖြစ်ပါကြောင်း၊

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ တံတား ၁၂ စင်း၏ ချဉ်းကပ်လမ်းများကိုလည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းက B.O.T ပေးရန်မရှိပါကြောင်း၊ ထိုအပိုင်းများကို  ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ကတ္တရာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နောက်တစ်ပိုင်းဖြစ်သည့်  မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းပိုင်းသည် ပြီးခဲ့သည့် ၅ နှစ်တာကာလက ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ကုမ္ပဏီတစ်ခုကို B.O.T လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့ပါကြောင်း၊ သို့သော် အဆိုပါကုမ္ပဏီသည် မငြိမ်းချမ်းဘူးဆိုသည့် အကြောင်းပြချက်ဖြင့် လုပ်ငန်းများ လုပ်ခဲ့သည့်အတွက် ၁-၄-၂၀၁၆ ရက်နောက်ပိုင်း ကချင်ပြည်နယ်အစိုးရသစ်နှင့် ညှိနှိုင်းပြီး အဆိုပါကုမ္ပဏီထံကနေ ပြန်လည်သိမ်းယူပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနဝန်ထမ်းများဖြင့် ဝင်ရောက်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီးလည်း နောက်ထပ်လမ်းပိုင်းဖြစ်သည့် လဝါး-ပန်ဆောင်လမ်းပိုင်းကလည်း မြောက်ပိုင်းတော်ဝင်ကျောက်စိမ်း ကုမ္ပဏီအနေနှင့် မငြိမ်းချမ်းမှုကို အကြောင်းပြပြီး ဝင်ရောက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် ကချင်ပြည်နယ် အစိုးရကို ပြန်လည်သိမ်းယူပြီးဖြစ်ကြောင်း အကြောင်းကြားထားပြီး ဖြစ်ပါကြောင်းနှင့် အင်ဂျင်နီယာဌာန ဝန်ထမ်းများဖြင်‌့ ဝင်ရောက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးဝင်းနိုင် (မိုးကောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးမြန်းသည့် လမ်းနှစ်လမ်းလုံးကို B.O.T စနစ်ဖြင့်ဆောင်ရွက်ရန် မရှိသေးဘဲ ပြည်ထောင်စုလမ်းမကြီးကိုလည်း အမြန်ဆုံးပြုပြင်ပေးသွားမည်ဆိုသည်ကို သိရသည့်အတွက် အထူးပဲဝမ်းသာပါကြောင်း၊ နောက်ပြီး ဝန်ကြီးရှင်းလင်းရာမှာပါသည့် မိုးကောင်း-ကာမိုင်းလမ်းကလည်း ပျက်စီးနေပါကြောင်း၊ ဝန်ကြီးဖြေသွားသည့်အထဲတွင် ယခုဆောင်ရွက်နေပြီဟု ပြောခြင်းဖြစ်ပါကြောင်း၊ သို့သော် ယခုချိန်ထိ ပြုပြင်ဆောင်ရွက်ခြင်းမရှိသေးပါကြောင်း၊ ယခုလမ်းပိုင်းသည် ဆောင်းခါ-လပိုင်-ကထောင်-နန့်ဟိုင်-စေတုံစသည့် ရွာအကြီးများက ဒေသခံတိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စများအတွက် အဓိကအသုံးပြုနေရသည့် လမ်းဖြစ်ပါကြောင်း၊ တစ်ဆက်တည်းတင်ပြရလျှင် နမ္မတီး-လီဒိုလမ်းမကြီးကို ၂၉-၁-၂၀၁၈ ရက်နေ့ကတည်းက ဖြတ်သန်းခွင့် မပြုသည့်အတွက် တနိုင်းကိုသွားမည့် ယာဉ်များအားလုံးသည် နမ္မတီး-မိုးကောင်း-ကာမိုင်းမှ တစ်ဆင့်လဝါးကို ပြန်ခေါက်ပြီး အသုံးပြုနေရခြင်း ဖြစ်ပါကြောင်း၊ ၎င်းအတွက် နဂိုပုံမှန်သွားလာနေသည့် ယာဉ်များအပြင် တနိုင်းကိုသွားသမျှ ယာဉ်များကလည်း ၎င်းလမ်းပေါ် ဆက်လက်အသုံးပြု နေရသည့်အတွက် ထိုလမ်းကပိုပြီး ပျက်စီးဆိုးရွာလာရန် အခြေအနေရှိနေပါကြောင်း၊ ထို့ကြောင့် မည်သည့်ဘတ်ဂျက်နှစ်တွင် အဆင့်တိုးမြှင့်ဆောင်ရွက်ပေး နိုင်မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

မိမိတို့ သွားရောက်ဆောင်ရွက်ရသည့် ဝန်ထမ်းများအပိုင်းက လုံခြုံရေးလိုအပ်လျက်ရှိပါကြောင်း၊ မိမိတို့နံပါတ်(၁)အနေဖြင့်အရေးကြီး ဆုံးအပိုင်းဖြစ်သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုသည် အရေးကြီးသည့်အတွက် အဖွ့ဲဝင်များနေသည့်အခါ လွိုင်ကော်တပ် ခ.လ.ရ (၂၅၀) က လွိုင်ကော် ကလာပြီး မိမိတို့သွား၍ရအောင် လွိုင်ကော် ခ.လ.ရ (၂၅၀) ကနေပြီး‌ တွဲပြီးသွားရပါကြောင်း၊ ယခု Target က မိုင်းတွေမြှုပ်ထားသည့်အခါ ခရီးကမတွင်ပါကြောင်း၊ ထို့ကြောင့် လာမယ့်နှစ်ပတ်အတွင်း ဆွမ်ပရာဘွမ်-ပူတာအိုထိ ပေါက်အောင်လုပ်မည်ဖြစ်ပါကြောင်း၊ မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းအပိုင်းက ရန်ပုံငွေကြောင့် အထောက်အကူပြု တပ်ဖွဲ့များလည်း ရှိသည့်အတွက် ရန်ပုံငွေတင်ပြ တောင်းခံထားပြီး ရန်ပုံငွေရသည်နှင့် ကတ္တရာလမ်းအဆင့် ပြန်လည်မြှင့်တင် သွားမည်ဖြစ်ပါကြောင်း၊ အဓိကကတော့ ဒေသငြိမ်းချမ်းရေးကောင်းသည်နှင့် လမ်းများအားလုံး အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် ဒေသလည်းဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။