နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့အတူ လမ်းပန်းဆက်သွယ် ရေးဟုပြောလိုက်သည်နှင့် မပါမဖြစ်က တံတားများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လမ်းတံတားများကို ရည်ရွယ်ချက်ရှိရှိ စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ ဘိုင်းဒါးချောင်း၊ ချောင်းဆုံတံတားကြီးသည် အမြင့်ပေ ၁၈ ပေခန့်ရှိပြီး အရှည်ပေ ၁၅၀ ခန့်ရှည်လျားပါကြောင်း၊ ဒိုက်ဦးမြို့၏အရှေ့ဘက် ၅ မိုင်ကျော်အကွာအဝေးတွင်ရှိပြီး ကလိကျေးရွာအုပ်စုအတွင်း တည်ရှိပါကြောင်း၊ ဒိုက်ဦး၊ နှင်းဝိကျေးရွာ၊ ပနွတ်ကျေးရွာများကို ဆက်သွယ်ထားသော အဓိကကုန်ထုတ်လမ်းမကြီးပေါ်တွင် တည်ရှိနေခြင်းကြောင့် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်ကို ဆက်သွယ်ပေးထားသော လမ်းမကြီးလည်း ဖြစ်နေပါကြောင်း၊ နေ့စဉ်နှင့်အမျှ ဆိုင်ကယ်အစီး ၅၀၀ ကျော်ဖြတ်သန်းသွားလာပြီး ကျေးရွာပေါင်း ၁၂ ရွာမှ အိမ်ထောင်စုပေါင်း ၂၇၀၀ ကျော်၊ လူဦးရေ ၃၀၀၀၀ ကျော် ဖြတ်သန်းသွားလာနေရပါကြောင်း၊ ၎င်းဒေသမှာရှိ လယ်မြေဧကပေါင်း ၁၀၀၀၀ ကျော် ထွက်ရှိသော စပါး၊ ပဲများနှင့် ထုတ်ကုန် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးနေသော လမ်းမကြီးတွင်တည်ရှိနေသည့် တံတားတစ်စင်းလည်း ဖြစ်ပါကြောင်း၊
ချောင်းဆုံသစ်သားတံတားကြီးကို နိုင်ငံတော်မှ တည်ဆောက်ပေးမည်ဆိုပါက ဒိုက်ဦးမြို့သို့ အချိန်တိုတိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ရောက်ရှိပြီး ၎င်းဒေသတွင်ရှိသည့် ကျေးလက်နေ ပြည်သူတို့၏ လူနေမှုဘဝတိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုလည်း ပိုမိုမြန်ဆန်လာပြီး ကျေးလက်နေဒေသခံပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေးကမှအစ အကျိုးစီးပွား ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ၅ မိုင်ကျော်ဝေးသည့် နေရာကိုကုန်ထုတ် တံတားမရှိသည့်အတွက် ၁၅ မိုင်ခန့်ဝေးသော ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မှ ဝေ့ဝိုက်ပြီး လှည့်ပတ်သွားလာနေရသည့် အတွက်ကြောင့် အချိန်များစွာ ကြန့်ကြာစေပြီး ကုန်ကျစရိတ်လည်း များပြားလွန်းပါကြောင်း၊ သို့ပါသောကြောင့် ကျေးရွာပေါင်း ၁၂ ရွာ၊ လူဦးရေပေါင်း ၃၀၀၀၀ ကျော် နေ့စဉ်နှင့်အမျှ ဖြတ်သန်းသွားလာနေသော ဘိုင်းဒါးချောင်း၊ ချောင်းဆုံတံတားကြီးအား သံကူ ကွန်ကရစ်တံတားအဖြစ် အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ ဖအောင်ဝဲရပ်ကွက်မှ နှင်းဝိကျေးရွာသို့သွားသော လမ်းမကြီးပေါ်တွင် တည်ရှိသည့် ဘိုင်းဒါးချောင်း၊ ချောင်းဆုံတံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းပေါ်ရှိ တံတားဖြစ်ပါကြောင်း၊ ဒိုက်ဦးမြို့ ဖအောင်ဝဲရပ်ကွက်၊ နှင်းဝိလမ်းပေါ်ရှိ သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြ တောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
