(က)-ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းပေါ်ရှိ မောင်းကော်တံတားအား ကွန်ကရစ်တံတားအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၇.၂.၂၀၁၈)

ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းဖြစ်ပြီး ဝန်းသိုမြို့အတွက်  အလွန်အရေးပါပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စများအတွက် ကောလင်းမြို့နှင့်လည်းကောင်း၊ ပင်လည်ဘူးမြို့နှင့်လည်းကောင်း၊ မန္တလေးမြို့နှင့်လည်းကောင်း ဆက်သွယ်သွားလာရာတွင် အဓိကကျသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းတံတားကို ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည့်အတွက် ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ နီးပါးကြာမြင့်နေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် နှစ်ပေါင်းကြာမြင့်နေပြီ ဖြစ်သည့်အတွက် ယိုယွင်းပျက်စီးလျက်လည်း ရှိနေပြီဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဒေါင်းမြူးချောင်း ရေကြီးရေလျှံဖြစ်ပေါ်ပြီး ကမ်းထိန်းနံရံပါ ပျက်စီးသွားသည့်အတွက် ပီပါခွန်များကို ကျောက်များဖြည့်၍ သဲကျောက်များဖြည့်ပြီး ယာယီပြင်ဆင်ထားရသည့် ပုံဖြစ်ပါကြောင်း၊ ကားတစ်စီး ဖြတ်သန်းနေသည့် အချိန်တွင် အခြားကားများ စောင့်ဆိုင်းနေရသည့် အတွက် ကျောင်းဆင်းချိန်တွင် ကျောင်းသား/သူများ တံတားအပေါ်ဖြတ်သန်းသွားလာနေသည့် အချိန်တွင် တစ်ဖက်ရှိ ကားများကရပ်ဆိုင်းပြီး စောင့်ဆိုင်းနေရသည့် တံတား၏အခြေအနေမှာ ၃.၆၆ မီတာသာ ကျယ်ဝန်းသည့်အတွက် အင်မတန်မှကျဉ်းမြောင်းနေပါကြောင်း၊ ယခုလက်ရှိ ၎င်းတံတားနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ်ကလည်း ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကိုယ်တိုင်လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းတံတားအပေါ်တွင် ပင်လည်ဘူး-ဝန်းသို-ကောလင်း-မန္တလေး လူစီးအမြန်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ သစ်လုံးတင်ကားများ၊ နေ့စဉ်သွားလာနေခြင်း ဖြစ်သည့်အတွက် တံတားသည် စိုးရိမ်ရသည့် အနေအထား ရှိနေပါကြောင်း၊ ထို့ကြောင့် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းပေါ်ရှိ မောင်းကော်တံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းပေါ်ရှိ တံတားအမှတ် (၃/၂၁) မောင်းကော်တံတားသည် ဒေါင်းမြူးချောင်းကိုဖြတ်၍ တည်ဆောက်ထားသော တံတားအမျိုးအစားဖြစ်ပြီး R.P.T တံတား သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပါကြောင်း၊ တံတားအရှည်က ၁၁၅ ပေရှိပြီး ခန်းဖွင့်က ၂၄ ပေ တစ်ခန်း၊ ၆၄ ပေ R.P.T တစ်ခန်းနှင့် ၂၇ ပေ RC တစ်ခန်းတို့ဖြစ်ပါကြောင်း၊ ယာဉ်သွားလမ်းအကျယ်မှာ ၃.၆၆ မီတာ တစ်လမ်းသွား ဖြစ်ခြင်းကြောင့် မောင်းကော်တံတားကို ၁၉၂၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၉၇ နှစ် ကြာမြင့်ပြီဖြစ်ပါကြောင်း၊ တံတားခံနိုင်ဝန်က ၁၃ တန်ရှိပါကြောင်း၊ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ပင်လည်ဘူးဘက်ခြမ်း ကမ်းကပ်ခုံရေတိုက် စားမှုကြောင့် ချဉ်းကပ်တံတား ပြိုကျပျက်စီးခဲ့သည်မှာ ၂၀၁၁-၁၂ ဘဏ္ဍာရေး နှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အနာဂတ်မှာဖြစ်ပေါ်လာမည့် မူဆယ်-နမ့်ခမ်း-ထီးချိုင့်-ဝန်းသို-ပင်လည်ဘူး-ဖောင်းပြင်-တမူးလမ်းပေါ်တွင် တည်ရှိပြီး အိန္ဒိယ-မြန်မာ-တရုတ် သုံးနိုင်ငံဆက်သွယ်မည့် အဓိကလမ်းမကြီးပေါ် ဖြစ်ပေါ်လာမည့် တံတားဖြစ်သည့်အတွက် နှစ်လမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင် ရန် လျာထားပြီးဖြစ်ပါကြောင်း၊

ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းပေါ်ရှိ မောင်းကော်တံတားအား နှစ်လမ်းသွားသံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးနိုင်ရေးအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရန်ပုံငွေလျာထား တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး တည်ဆောက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။