ရှားတောမြို့နယ်အပါအဝင် ဝေးလံခက်ခဲသော မြို့နယ်၊ နယ်စွန်နယ်ဖျား တိုင်းရင်း သားဒေသများသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ ခေတ် အဆက်ဆက် လက်နက်ကိုင်ပဋိပက္ခများ ရှိခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျ ရပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အစိုးရသစ် ၏ ပြုပြင်ပြောင်း လဲရေးဆောင်ရွက်မှု များကြောင့် ငြိမ်းချမ်းရေး ရောင်နီများနှင့် အတူ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အချိန်ကောင်းရောက် ရှိနေပြီဖြစ် ပါကြောင်း၊ ယခင်အစိုးရ လက်ထက်က နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုး တက်ရေးကော်မတီ ဖွဲ့စည်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည် ဖော်ဆောင်ရွက်ခဲ့သော်လည်း တည်ငြိမ်အေးချမ်းမှု မရှိသည့် အတွက် အောင်မြင်မှုမရရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အစိုးရက ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံချက်ချ မှတ် ဆောင်ရွက်လျက်ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်ရသည့်အတွက် ဝေးလံသော နယ်စပ်နယ်ဖျား ဒေသများတွင် အစဉ်အဆက် ဖွံ့ဖြိုးမှုနောက်ကျနေပြီး လိုအပ်ချက်များစွာရှိပါကြောင်း၊ မိုင် ၄၀ ရှိသော လွိုင်ကော်-ကုန်းချောင်း-ရှားတောလမ်းသည် ယနေ့အထိ ကတ္တရာလမ်းအပြည့် မဖြစ်သေးသည့်အပြင် ၂၄ နာရီ လျှပ်စစ်မီးမရရှိခြင်း၊ ဆက်သွယ်ရေးတိုင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်း/ဆေးရုံအပါအဝင် အဆောက်အဦကောင်းများ မရှိခြင်း တို့အပြင် စီးပွားရေးလုပ်ငန်းများအနေဖြင့် အနည်းငယ်မျှသော လယ်ယာ လုပ်ငန်းနှင့် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းများကို အားကိုးနေရခြင်းစသည့် လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ ဝေးလံခက်ခဲသော အခြားမြို့နယ်များသည်လည်း ထိုကဲ့သို့ လိုအပ်ချက်များ ရှိနေပါကြောင်း။
၉-၈-၁၃ ရက်နေ့တွင် သမ္မတအိမ်တော်၌် နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား မိမိတို့ အစိုးရတာဝန်ယူရသော ၅ နှစ်တာကာလ အတွင်း ပြည်သူများ၏ စီးပွားရေး၊ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဦးစားပေးပြီး လူမှုစီးပွားရေး အကျိုးရလဒ်များ ရရှိခံစားနိုင်ရန် ထိရောက်စွာ ဆောင်ရွက်ရမည့် ကာလဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု မှာကြားသွားသည်ကို သိရှိရပါကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျနေသော တိုင်းရင်းသားများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးမည်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂(ဂ)တွင် အတိအလင်းပြဋ္ဌာန်းထား ပြီးဖြစ်ပါကြောင်း၊နိုင်ငံတဝှမ်းလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်မှသာ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး တိုင်းရင်းသားများ မျှော်လင့်နေသော တန်းတူညီမျှရှိမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲခြင်းများ မလွဲမသွေရရှိမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှားတောမြို့နယ်အပါအဝင် ဖွံ့ဖြိုးမှုနောက် ကျပြီး ဝေးလံခေါင်သီမြို့နယ်များရှိ ပြည်သူများ၏ တင်ပြတောင်းဆိုချက်များ၊ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တင်ပြချက်များ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ မှ ဆောင်ရွက်ပေးသင့်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အစရှိသည်များကို အထူးကိစ္စတစ်ရပ် အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့အနေဖြင့် စုစုပေါင်းမြို့နယ် ၇၃ မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ဒေသခံများ၏ လိုအပ်ချက်နှင့်အညီ လွှတ်တော်ကိုယ်စား လှယ် များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့များမှ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အ ထည်ဖော်ဆောင် ရွက်ပေး လျက်ရှိပါကြောင်း။
ယခင်က နယ်မြေအေးချမ်းတည်ငြိမ်မှု အပြည့်အဝ မရှိခဲ့သောကြောင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင်လည်း ကန့်သတ်ချက်များရှိခဲ့ ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကယားပြည်နယ်တွင် ၁၉၉၀-၉၁ မှ ၂၀၁၂-၁၃ အထိ လမ်း/တံတား၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆက်သွယ်ရေး၊ အိမ်ရာဆောက် လုပ်ရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ဆက်ဆံရေး၊ သာသနာရေးလုပ်ငန်းများ အတွက် ငွေကျပ် သန်းပေါင်း ၃၀၇၈.၀၆ ကျော်ကုန် ကျခံ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ။
ယခုဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အတွင်း မြေလမ်း ၅၀ မိုင်၊ ကျောက်လမ်း ၂၄.၅ မိုင်၊ ကတ္တရာလမ်း ၁၀ မိုင်၊ ကွန်ကရစ်တံတား ၆၄ စင်းတို့အတွက် ငွေကျပ် ၂၁၄၂.၈၉၅ ကျပ်သန်း၊ ဆေးပေးခန်းတစ်ခန်း၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းတစ်ခု၊ သောက်သုံးရေရရှိရေးလုပ်ငန်း ၆ ခု၊ စိုက်ပျိုးမြေဖော်ထုတ်ခြင်းလုပ်ငန်း ၇၃ ဧက၊ မီးရရှိရေးလုပ်ငန်း ၆ ခု၊ ရုပ်သံထပ်ဆင့်လွှင့်လုပ်ငန်း ၄ ခု၊ စာကြည့်တိုက် ၂ ခု၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ သိမ် ၁ ခု၊ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၇ လုံး၊ မြို့တော်ခန်းမဆောက်လုပ်ခြင်း ၁ ခု၊ စုစုပေါင်း ရန်ပုံငွေကျပ် ၃၄၁၉.၈၈၃ ကျပ် သန်းဖြင့် ကယားပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီမှ တာဝန်ယူဆောင် ရွက်ပေးလျက် ရှိပါကြောင်း။
ရှားတောမြို့နယ်တွင် ၁၉၉၀-၉၁ မှ ၂၀၁၂-၁၃ လမ်း/တံတားလုပ်ငန်း၊ သာသနာရေး၊ ပညာရေး၊ ပြည်သူ့ ဆက်ဆံရေး၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများကို ရန်ပုံငွေကျပ်သန်း ၃၆.၀၁၀ သန်းနှင့် ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ရှားတော-ဒေါခအော့-ဒေါတနော-ဝမ်လွဲ့-ရွာသစ်လမ်း မြေလမ်း မိုင် ၅၀၊ ကျောက်လမ်း မိုင်၂၀၊ ကတ္တရာလမ်း ၁၀ မိုင်ကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၁၅၀ ခန့်နှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိသည့်နည်းတူ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် လမ်းတံတား၊ ရေရရှိရေး၊ စွမ်းအင်၊ ပြည်သူ့ ဆက်ဆံရေးနှင့် သာသနာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ ကျပ်သန်း ၃၁၅၆.၀၅ ကျော် လျာထားရာ ရှားတောမြို့နယ်အတွက် တင်နွယ်-နားအွမ်မြေလမ်း ၂၄ မိုင်၊ အောင်ချမ်းသာရပ်ကွက် မင်းမူလာ- ချောင်းကူး ကွန်ကရစ်တံတား ၂၄ ပေ ၁စင်း၊ မြောက်ပိုင်းရွာ ၃ မိုင်အတွက် သောက်သုံးရေသွယ်ယူခြင်း၊ တင်လွယ်ရွာ အိမ်ခြေ ၃၁ အိမ်အတွက် ဆိုလာစနစ် တပ်ဆင်ခြင်း၊ စလောင်းကျေးရွာ ဘုန်းကြီး ကျောင်း ၁ ကျောင်းတို့အတွက် ရန်ပုံ ငွေကျပ်သန်း ၄၆၃.၈၇ ကျပ်သန်းလျာထားပါရှိကြောင်း။
လွိုင်ကော်-ရှားတော လမ်းပိုင်းသည် မိုင် ၄၇ ဖာလုံရှိပြီး လက်ရှိ ကတ္တရာလမ်း ၃၁ မိုင်၊ ကျောက်လမ်း ၉.၇ မိုင်ရှိပြီး ကျောက်လမ်းအား ကတ္တရာခင်းနိုင်ရေးကို ပြည်နယ်အစိုးရသို့ ရန်ပုံငွေ တင်ပြ ဆောင်ရွက် လျက်ရှိကြောင်း၊ ယခင် ကာလများတွင် နယ်မြေဒေသမတည်ငြိမ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အပြည့်အဝ မဆောင် ရွက်နိုင်ခဲ့ သော်လည်း ယခုအခါ နယ်မြေဒေသတည်ငြိမ်အေးချမ်း လာသည်နှင့် အမျှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်သော တိုင်းရင်းသားရေးရာဆပ်ကော်မတီအနေဖြင့်လည်း တိုင်းရင်းသားရေးရာနှင့်ဒေသ ဖွံ့ဖြိုးရေးကိစ္စရပ် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး ယခု တင်ပြချက်များကိုလည်း ကော်မတီအနေဖြင့် ကယားပြည် နယ်ကို သွားရောက်ချိန်တွင် အထူးကိစ္စတစ်ရပ် အနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုအပေါ် မူတည်၍ ပြည်ထောင်စု အစိုးရအနေဖြင့်သော် လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ အနေဖြင့်သော် လည်းကောင်း၊ ပြည်သူ့ ဆန္ဒသဘောထားနှင့်အညီ တိုင်းရင်းသားရေးရာနှင့်ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို စီမံ ချက်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားပါသည်။
ဒေါ်နန်းနွံ(ရှားတော) မှ ဆက်စပ်မေးခွန်း မေးမြန်းသည်။
ရှားတော- ဒေါခအော့- ဒေါတနော- ရွာသစ်လမ်း ၄၈ မိုင်သည် သန်းပေါင်း ၁၅၀၀ ဘတ်ဂျက် ကျပါကြောင်း၊ သို့သော် ညှိနှိုင်းအဆင်မပြေသည့်အတွက် ယင်းလမ်းဆောက်လုပ်ရန် အကန့်အသတ်ရှိ ပါကြောင်း၊ ပြည်နယ် အစိုးရ အဖွဲ့ အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ သဘောတူညီချက်နှင့် အဆိုပါလမ်းအစား ဖရူဆို ဘက်သို့ ပြောင်းရွှေ့ပေးမည်ဟု သိရပါကြောင်း၊ ကတ္တရာလမ်း ၁၀ မိုင်၊ ကျောက်ချောလမ်း မိုင် ၃၀ အနက် ကတ္တရာလမ်း ၁၀ မိုင်ကို လွိုင်ကော်- ပွန်ချောင်း- ရှားတောလမ်းအပိုင်းဖြစ်သည့် ပွန်ချောင်း- ရှားတောလမ်းအပိုင်း ကို ကတ္တရာလမ်းဖြည့်ပေးမည်ဆိုပါက သင့်မြတ်မည်ဟု ယူဆပါကြောင်း၊ သို့သော် ယင်းလမ်း အပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသော လမ်းဖြစ်ပြီး ယခု နယ်စပ်ဒေသရေးရာနှင့် ပတ်သက်သောကြောင့် ထပ်မံတင်ပြခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေး ဌာနနှင့် ပတ်သက်၍ ကျေးလက် ကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄ ခုကို ၂၀၁၂-၁၃ ဘတ်ဂျက်နှင့် ၂၀၁၃-၁၄ ဘတ်ဂျက်တို့တွင် ခွင့်ပြုချက်ရရှိသော်လည်း ယနေ့အချိန်ထိ အဆိုပါဆေးခန်း ၅ ခုကို အကောင်အထည် မဖော်နိုင်သေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒေါခအော့တွင် နယ်စပ်ဒေသ ဒုက္ခသည်စခန်းများမှ ရွာသားများ ပြန်လာနေစအချိန် ဖြစ်သည့်အတွက် လူနေမထူထပ်သေးပါကြောင်း၊ ထို့ပြင် ဒေါပလော အဲ၊ ဒေါအင်လ၊ ဒေါအင်ခ၊ ဒေါလွယ်မူး တို့သည်လည်း လူမနေတော့သည့် ရွာများဖြစ်ပါကြောင်း၊ သို့သော် ဒေါလဲ တူ၊ စလောင်းနှင့် ပွန်ချောင်းတို့သည် ကားလမ်းမပေါ်တွင် ရှိပြီး အမှန်တကယ် လိုအပ်ချက်ရှိသော ရွာများဖြစ်သောကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲ မဆောက်နိုင်သေးသည့် နေရာအစား ယင်း ၃ ရွာကို ပြန်လည်တင်ပြထားသော်လည်း ယနေ့ထိ အဖြေမသိရှိရသေးပါကြောင်း၊ ဘတ်ဂျက်နှစ် ကုန်ခါနီးနေပြီဖြစ် သည့်အတွက် သိရှိလိုကြောင်း ထပ်မံတင်ပြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း
လွယ်တော်- လွိုင်ကော်- ရှားတောလမ်းမှာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သည့်အတွက် မိမိတို့ ပြည်သူ့ ဆောက်လုပ်ရေး ဌာနနှင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းနှင့် ပတ်သက်၍ သဘောမတူ သည့်အချက်မှာ မိမိတို့ KNDP အဖွဲ့နှင့် ဆွေးနွေးရာတွင် KNDP အဖွဲ့က ရှားတော- ရွာသစ်လမ်းကို ကန့်ကွက်သည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် သီးခြားတစ်နေရာ မှာ ဆောင်ရွက် လျက်ရှိကြောင်း၊ လွန်ခဲ့သည့်သုံးပတ်ခန့်က ကယားပြည်နယ်တွင် KNDP အဖွဲ့နှင့် သွားရောက်ဆွေးနွေးခဲ့ရာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် စီမံဆောင်ရွက်ခဲ့သည့် အနေအထားလည်းရှိပါကြောင်း၊ KNDP ကတောင်းဆိုထားသော ရှားတော- ဒေါတနော- သစ်ဆည်- ဘီဘီနိုင်းလမ်း ၅၆ မိုင်ကို နတလ ရန်ပုံငွေနှင့်ဆောင်ရွက်ပေးရန် မိမိတို့ သဘောတူခွင့်ပြုခဲ့ပါကြောင်း၊ ရှားတောမြို့နယ်တွင် ဆေးပေးခန်း ၅ ခန်း အပါအဝင် ကျန်လုပ်ငန်းများကိုလည်း KNDP အဖွဲ့နှင့်ဆက်စပ်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် သီးခြား ရန်ပုံငွေတစ်ခုထူထောင်ထားရာ ၈ ဘီလီယံခန့်ရှိနေပြီဖြစ်ကြောင်း၊ ကယားပြည်နယ်တွင် ငွေကျပ် ၈၅၅ သန်း ခန့်သာ အကြမ်းဖျင်းလျာထားရာ နယ်မြေဒေသတည်ငြိမ်ပြီဆိုသည်နှင့် ရှားတောအပါအဝင် ဆုပန်၊ ဒေါခအော့ ဒေသအားလုံးကို လက်ရှိရန်ပုံငွေအရသော်လည်းကောင်း၊ ထပ်မံလိုအပ် လာပါ က နိုင်ငံတော် အစိုးရ၏ သီးသန့်ရန်ပုံငွေမှ ဖွံ့ဖြိုးတိုးတက်မှု နောက် ကျနေသော ဒေသများ ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားရေးရာ ဆပ်ကော်မတီများက ယင်းကိစ္စကို အလေးထားဆောင်ရွက်သောကြောင့် မိမိမှ ကယားပြည်နယ် ရောက်ချိန်တွင် ထပ်မံပြီးှ ဒေသ ဖွံ့ဖြိုးရေးအတွက် ပြည်နယ် အစိုးရနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြား ပါသည်။
