(ဃ)- ရေးမြို့နယ်၊လမိုင်းမြို့နယ်ခွဲနှင့်ခေါဇာမြို့နယ် ခွဲများအတွက်GSM တာဝါတိုင်နှင့်CDMAတာဝါ တိုင်များ ထပ်မံဖြည့်စွက်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၄.၁၁.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

ရေးမြို့နယ်သည် ကျေးရွာပေါင်း ၉၆ ရွာ၊ လူဦးရေ ၂၃၃၈၃၄ ဦးဖြင့် ဖွဲ့စည်းထားသော မြို့တစ်မြို့ဖြစ်ပြီး မြို့နယ်ခွဲ ၂ ခုဖြင့် ထပ်မံဖွဲ့စည်းထားသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာ ၉၆ ရွာအနက် အစဉ်စံပြကျေးရွာတွင်သာ  CDMA တာဝါတိုင် တစ်တိုင်သာရှိသည်ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ GSM တာဝါတိုင်ကို ရေးမြို့နယ် တွင် ၄ တိုင်ရှိသော်လည်း သင်္ဃန်းကျွန်းကျေးရွာတို့တွင်  တာဝါတိုင် တစ်တိုင်မျှ မရှိခြင်း၊ လမိုင်းမြို့နယ်ခွဲတွင် ၃ တိုင်ရှိသော်လည်း  ခေါဇာမြို့နယ်ခွဲတွင် တစ်တိုင်မှမရှိသည်ကို လေ့လာသိရှိခဲ့ရပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်ကို လူဦးရေ ထူထောင်ပြီး တစ်ရွာနှင့် တစ်ရွာ ဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် တာဝါ တိုင်များ လုံလောက်စွာ စိုက်ထူရန် လိုအပ်လျက်ရှိနေသည် ကို လေ့လာသိရှိရ ပါကြောင်း၊ အိမ်ခြေ ၁၈၅၁ အိမ်၊ အိမ်ထောင်စု ၁၈၆၉ စုနှင့် လူဦးရေ ၁၁၁၀၁ ဦး ရှိသော ကော့တော့ စံပြကျေးရွာတွင် SIM Card များ ချပေးသော်လည်း တာဝါတိုင်မရှိ၍ ဆက်သွယ်မှုဧရိယာ မရှိသည့်အတွက် အသုံးပြုရန် အလွန်ခက်ခဲနေပါကြောင်း၊ ရေးမြို့နယ်သည် တောတောင်များ ပတ်လည်ဝန်းရံနေ၍ တာဝါတိုင်များ နေရာအနှံ့အပြား တပ်ဆင်၍ အဆင်ပြေနိုင်မည်ဖြစ်သောကြောင့် ရေးမြို့နယ်၊ လမိုင်းမြို့နယ် ခွဲနှင့် ခေါဇာမြို့နယ်ခွဲများအတွက် GSM တာဝါတိုင်နှင့် CDMA တာဝါတိုင်များ ထပ်မံဖြည့်စွက်ဆောင် ရွက်ပေးနိုင်ခြင်း အခြေအနေရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ
ဖြေကြားချက် 

မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ရေးမြို့နယ်တွင် GSM ရေဒီယိုစခန်း ၄ ခုနှင့် CDMA ရေဒီယိုစခန်း ၁ ခု၊ လမိုင်းမြို့နယ်ခွဲတွင် GSM ရေဒီယိုစခန်း ၃ ခု ကို တည်ဆောက်တပ်ဆင်ထားပါကြောင်း၊       ၂၀၁၃-၁၄ ဘဏ္ဍရေးနှစ်တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆောင်ရွက်မည့် GSM/WCDMA လိုင်း ၄ လိုင်းနှင့် အသစ် ၁ သန်း အစားထိုးလဲလှယ်တပ်ဆင်ခြင်း ၃ သန်း စီမံကိန်းတွင် မွန်ပြည်နယ်၊ ရေးမြို့တွင် GSM ရေဒီယိုစခန်း အသစ် ၃ ခု ထပ်မံတည်ဆောက် တပ်ဆင်ပေးရန် လျာထား သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊  လမိုင်းမြို့နယ်ခွဲနှင့်   ခေါဇာမြို့နယ်ခွဲများတွင် လျာထားချက် ပါဝင်ခြင်းမရှိသေးပါသဖြင့် ယခုအခြေအနေတွင် ယင်းမြို့နယ်ခွဲများတွင် GSM ရေဒီယိုစခန်း ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်မရှိသေးသော်လည်း

မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက်အရ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ (Tele Density) ကို ၂၇ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရယူရန် စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အတူ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအပြင် အခြားကုမ္ပဏီကြီး ၃ ခုမှ လက်ရှိအနေအထားတွင် ပါဝင်ဆောင်ရွက်နိုင်ရန် စတင် ပြင်ဆင်နေပြီ ဖြစ်သောကြောင့်  လာမည့် ဘဏ္ဍာရေးနှစ် များတွင် ယင်းမြို့နယ်ခွဲများ၏ ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးပြီး  GSM ရေဒီယိုစခန်းများ ထပ်မံတည်ဆောက် တပ်ဆင်ပေးရေးကို စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်မိမြင့်သန်း(ရေး)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်၊ လစဉ် SIM Card များကို ချပေးနေသည့်အတွက်ကြောင့် ယခုအချိန်တွင် အင်တာနက်လိုင်း မြန်ဆန်မှုနှုန်း အလွန်ကျဆင်းနေခြင်းကြောင့် သုံးစွဲသူများ အဆင်ပြေမှုမရှိသည်ကို သိရှိရ ပါကြောင်း၊ လူထုအတွက် Mobile Phone SIM Card များ ချပေးမှုများပြားပြီး အင်တာနက်သုံးစွဲသူများလည်း ပိုမို၍ များပြားလာသည်အပြင် SEA Game နီးလာသည့်အတွက် ပြည်တွင်းသုံးစွဲသူများနှင့် နိုင်ငံတကာမှ လာရောက်သောသူများ သုံးစွဲမှုအတွက် အင်တာနက်လိုင်း လျှင်မြန်စွာ သုံးစွဲနိုင်ရေးအတွက် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ မည်ကဲ့သို့ ဆောင်ရွက်ထားတာကိုလည်း ပြည်သူများကိုယ်စား မေးမြန်းပါသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်

အင်တာနက်လိုင်း အမြန်နှုန်းမြှင့်ရန်နှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနမှ သိရှိနားလည်ပြီးဖြစ်သကဲ့သို့ အစဉ်တ စိုက် ဆောင်ရွက်နေပါကြောင်း၊ အမြန်နှုန်းမြှင့်တင်ရန် လိုအပ်ချက်ရှိနေသေးသောကြောင့် စက်မှုပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာများကို အသေးစိတ် ကွင်းဆင်းလေ့လာပြီး အနာဂတ်ကာလများတွင် ယခုထက်ပို၍ အမြန်နှုန်းမြင့်စေရန်အတွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဆောင်ရွက် ချက်နှင့်တွေ့ရှိချက်များ ကို ပြည်သများအား သတင်းစာမှတစ်ဆင့် အသိပေးကြေညာသွားရန် စီစဉ်နေပြီဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားပါသည်။