(က)- လယ်သမားများထံ လယ်ယာမြေလုပ် ပိုင်ခွင့်ပြု မှတ်ပုံတင်လက်မှတ်များရောက်ရှိရေး အတွက်မည်သို့ ဆောင်ရွက်မည်၊ မြေတိုင်းတာ ရာတွင်အထောက်အကူပစ္စည်းများဝယ်ယူဖြည့် တင်းခြင်း၊ဝန်ထမ်းလိုအပ်ပါကခန့်အပ်ခြင်း စသည့် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၄.၁၁.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ကျင်းပခဲ့သည့် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ လယ်ယာမြေစီမံ ခန့်ခွဲမှု အတွင်းရေးမှူးများ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးမှ တောင်သူ လယ်သမားတစ်ဦးချင်း၏ လက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင် ခွင့် ခွင့်ပြုမှတ်ပုံတင် လက်မှတ်များကို ၂၀၁၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီး စီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့က တစ်ပြိုင် တည်းကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့အထိ နေပြည်တော်ကောင်စီ တွင် ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော်လည်း  အချို့သောပြည်နယ်/ တိုင်းဒေသကြီးများအတွက် လုပ်ငန်းတာဝန်ကို စိတ်ဝင်စားမှု အား နည်းနေသောကြောင့် ပြီးစီးမှုကို ၁၀ ရာခိုင်နှုန်းခန့်သာ တွေ့ရှိရကြောင်း။

လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်များ အချိန်မီမရရှိသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူရရှိမှုအတွက် အခက်အခဲရှိနေကြောင်း၊ သို့ပါ၍ မြန်မာတစ်နိုင်ငံလုံးရှိ လယ်သမား များထံ လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်၊ မှတ်ပုံတင်လက်မှတ်များ ရောက်ရှိရေးအတွက် မည်သို့ဆောင်ရွက်မည်နည်း။ မြေတိုင်းတာသည့်နေရာတွင် အသုံးပြုနိုင်သည့် အထောက်အကူပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ ဝန်ထမ်းလိုအပ်ပါက နေ့စားဝန်ထမ်းများခန့်အပ်ခြင်း သို့မဟုတ် ကျေးရွာအထောက်အကူပြု အဖွဲ့များထံမှ အကူအညီ တောင်းခံခြင်းစသည့် အစီအစဉ်များရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ
ဖြေကြားချက် 

လယ်ယာမြေဥပဒေကို ၃၀-၃-၂၀၁၂ ရက်နေ့တွင် အတည်ပြု ထုတ်ပြန် ပြဋ္ဌာန်းခဲ့ ပြီးနောက် ၃၁-၈-၂၀၁၂ ရက်‌နေ့တွင် စတင်အာဏာ သက်ရောက်စေခဲ့ပြီးဖြစ် ပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၁၅ ပုဒ်မခွဲ (က) အရ ဗဟိုလယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၂-၉-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၆၂/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် /ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်း အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ဖြင့် သတ်မှတ်ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။

တောင်သူလယ်သမားများ၏ လယ်ယာမြေများကို သားစဉ်မြေးဆက် ဥပဒေနှင့် ညီညွတ်စွာ လုပ်ပိုင်ခွင့်ရရှိနိုင်ရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းများအား တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာနမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းအား လယ်ယာမြေဥပဒေအရ မှတ်ပုံတင်ကြေးကို ဦးပိုင်လုပ်ကွက်တစ်ကွက်လျှင် ကျပ် ၅၀၀ နှုန်း ပေးသွင်းရန်မှအပ အခြားမည်သည့်အခကြေးငွေမှ ကျခံပေးသွင်းရန်မလိုဘဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၆-၆-၂၀၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်သမ္မတကြီးမှ လယ်ယာ‌မြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များ ထုတ်ပေးရန်လုပ်ငန်းအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန် လမ်းညွှန် မှုပြုထားပြီးဖြစ်သည့်အပြင် ၉-၈-၂၀၁၃ ရက်နေ့ သမ္မတအိမ်တော်၌ ပြောကြားခဲ့သည့် မိန့်ခွန်း တွင်လည်း  တောင်သူလယ်သမားများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်၊ မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကို အမြန်ပြီးပြတ်အောင် ဆောင် ရွက်ပေးနိုင်သည်နှင့်အမျှ ၎င်းတို့၏ လုပ်ပိုင်ခွင့်၊ ရောင်းချခွင့်၊ ပေါင်နှံခွင့်များရရှိလာပြီး ချေးငွေရရှိရေး၊ ငွေကြေး အရင်းအနှီးရရှိရေး ဆောင်ရွက်လာနိုင် မည်ဖြစ်သည့်အတွက် တောင်သူလယ်သမားများ၏ လူမှုရေး၊ စီးပွားရေး တိုးတက် လာမည်ဖြစ်၍ ဝိုင်းဝန်းဆောင် ရွက်ပေးကြရန် လမ်းညွှန်ပြောကြားခဲ့ပါကြောင်း။

လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်း၊  လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင်မြင်စေရေးအတွက် နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များရှိ ကြေးတိုင်နှင့်‌မြေစာရင်း ဦးစီးဌာနရုံးများတွင် လစ်လပ်လျက်ရှိသော ကွင်းဝန်ထမ်းနေရာများ အတွက် မြေတိုင်း-၅ ရာထူး ဝန်ထမ်း ၁၆၀၀ ဦးအား ၁-၃-၂၀၁၃ ရက်နေ့မှ စတင်ခန့်ထားဆောင်ရွက်ပေးခဲ့သည့် အပြင် မြို့နယ်မြေစာရင်း ဦးစီးဌာနရုံးများသို့ ကျေးရွာအုပ်စု ၂ အုပ်စုလျှင် နေ့စားဝန်ထမ်း ၁ ဦးနှုန်းကို Project Labor အနေဖြင့် ၁-၈-၂၀၁၃ ရက်နေ့ မှစ၍ နေ့စားဝန်ထမ်း (ယာယီ) ၃၇၇၅ ဦးအား ၃ လခန့်ထားခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ခရိုင်/မြို့နယ်အလိုက် ခွဲဝေခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၌ လက်ရှိမြေ တိုင်းတာသည့် စနစ်နှင့် ပတ်သက်၍ ယခင်က သီအိုဒိုလိုက်မှန်ပြောင်းနှင့် သံကြိုးများ အသုံးပြုပြီး မြေတိုင်းတာဆောင် ရွက်ခဲ့ရပါကြောင်း၊ ယခုအချိန်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အနေဖြင့် ခေတ်မီမြေတိုင်း ကိရိယာများဖြစ်သော RTK GPS (RTK- GPS) မြေတိုင်းကိရိယာများ၊ ဒီဂျစ်တယ်စနစ်အသုံးပြုသည့် Total Station မြေတိုင်းကိရိယာများကို ကိုင်တွယ်အသုံးပြု၍ မြေကြီး၊ မြေပုံမှန်ကန်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအသုံးပြုနေသည့် ခေတ်မီမြေတိုင်း ပစ္စည်းကိရိယာများသည်  GPS စနစ်၊ ရုရှားနိုင်ငံမှ Global Navigation Satellite System စနစ်နှင့် COMPASS စနစ်များကို ချိတ်ဆက်အသုံးပြုသော စနစ်များ ဖြစ်ပါကြောင်း၊  အထက်ပါစနစ်များနှင့် ဆက်သွယ်၍ ကမ္ဘာ့မြေပြင် တည်နေရာများကို တိကျ စွာဖော်ပြနိုင်သည့် ခေတ်မီမြေတိုင်း ကိရိယာများကို အသုံးပြု၍ အချိန်၊ လူ၊ငွေအင်အား သက်သာစွာဖြင့် မှန်ကန်မြန်ဆန်စွာ တိုင်းတာနေပြီဖြစ်ပါကြောင်း။

မြေတိုင်းတာရာတွင် အသုံးပြုနိုင်သော အထောက်အကူပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းနှင့် စပ်လျဉ်း၍  လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနတွင် ခေတ်မီမြေတိုင်း ကိရိယာများ ဖြစ်သည့် RTK- GPS၊ Total Station ၂၅ စုံတို့အား ဝယ်ယူခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်မြေစာရင်းဦးစီးများသို့ ဖြန့်ဝေပေးခဲ့ကာ ၂၀၁၃-၁၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် RTK- GPS၊ Total Station အစုံ ၁၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူရန်စာချုပ် ချုပ်ဆိုထားပြီး ပစ္စည်းများ လက်ဝယ်ရောက်ရှိလာပါက လိုအပ်သောပစ္စည်းအရည်အသွေး စစ်ဆေးမှုများပြုလုပ်ကာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေသွား မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ၊ မိုးနဲ၊ ဆီဆိုင်နှင့် မောက်မယ်မြို့နယ်များရှိ မြေပြင် ကွင်းဆင်းတိုင်းတာရန် ခက်ခဲသော ဒေသများအတွက် ဝ.၅ မီတာ Resolution ရှိ World View 2 ဂြိုလ်တုပုံရိပ်ကို ၁၀၀၀၀ စတုရန်းကီလိုမီတာအတွက် မြေပုံရေးဆွဲထုတ်လုပ်ရန် ဝယ်ယူခဲ့ပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း။

လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး တွင် ၁-၁-၂၀၁၃ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ၃၁-၁၀-၂၀၁၃ ရက်နေ့အထိ တောင်သူ လယ်သမားများ လက်ဝယ်အရောက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များကို ၈၆.၉၁ ရာခိုင်နှုန်း ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ၁၀၀ ရာခိုင်နှုန်း ထုတ်ပေးပြီးဖြစ်သော နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး /ပည်နယ် ၆ ခု၊ ၈၀ ရာခိုင်နှုန်းအထက် ၇ ခု၊ ၇၀ ရာခိုင်နှုန်းအထက် ၁ ခုနှင့် ၄၈ ရာခိုင်နှုန်း ရခိုင်ပြည်နယ် ၁ ခုသာလျှင်ကျန်ရှိပြီး ရာနှုန်းပြည့်ပြီးစီးသည်အထိ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ  အထူး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အပါအဝင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များကို တောင်သူလယ်သမားများ လက်ဝယ်အရောက် ရရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်ထောင်စုတစ်ဝန်းလုံး၌ နယ်မြေတည်ငြိမ် အေးချမ်းမှုနှင့် လုံခြုံရေးအရ ကျန်ရှိနေနိုင်သည့် နယ်မြေ‌ဒေသများနှင့် အငြင်းပွားကန့်ကွက်ကြသော လယ်ယာမြေများမှအပ ရာနှုန်းပြည့် အကောင်အထည်ဖော် ပြီးစီးရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေ ကြားပါသည်။