နိုင်ငံတော်သမ္မတကြီးဦးစီးကျင်းပမည့် တစ်ပြည်လုံးအတိုင်း အတာနှင့် အပစ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခြင်းနှင့် နိုင်ငံရေးဆွေးနွေးမှုများ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသော မြန်မာနိုင်ငံငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ပြည်ထောင်စုညီလာခံ National Dialogue ကျင်းပနိုင်ရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဦးသိန်းညွန့် (သင်္ဃန်းကျွန်း)က မတရားအသင်းများအက်ဥပဒေ ၁၉၀၈ ခုနှစ်၊ အိန္ဒိယအက် ဥပဒေအမှတ်(၁၄) ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန်၊ လက်ခံဆွေးနွေးရန် အဆိုကို အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ မကြာခင် ကျင်းပတော့မည့် ပြည်ထောင်စုညီလာခံ National Dialogue အတွက် ကြိုတင်ပြင် ဆင်ရာတွင် လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရေး၊ ရရှိပြီးအပစ်ရပ် သဘောတူညီချက်များ တည်တံ့ခိုင်မြဲရေးတို့အတွက် ကြားဝင်ဆောင်ရွက်ပေးကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ လူပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းများက လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်ရန်အတွက်နှင့် မတရားအသင်းအဖြစ် သတ်မှတ်ခံ ထားရဆဲ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ အကြောင်းအမျိုးမျိုးကြောင့် ဆက်စပ်ပတ်သက်နေရ သူများအတွက် များစွာအဟန့်အတား ဖြစ်နေသော မတရားအသင်းများ အက်ဥပဒေပါပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့ကို ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း ပြုလုပ်ရန် အရေး တကြီးလိုအပ် နေပြီဖြစ်ပါကြောင်း၊ ၎င်းဥပဒေပုဒ်မ ၁၇(၁) အရ မတရားအသင်းတစ်ခုခု၏ အစည်းအဝေးတွင် ပါဝင်ဆောင်ရွက်နေပါက၊ အသင်းအတွက်ငွေကြေးထောက်ပံ့လျှင် သို့မဟုတ် လက်ခံလျှင် သို့မဟုတ် တောင်းခံ လျှင် သော်လည်းကောင်း၊ အသင်းလုပ်ငန်းတွင် တစ်နည်းနည်းဖြင့် ကူညီလျှင်သော် လည်းကောင်း ပြစ်ဒဏ် ကျခံစေရမည်ဆိုသည်ကို ပြဋ္ဌာန်းထားရှိသည့်နည်းတူ ပုဒ်မ ၁၇(၂)တွင် မတရားအသင်းကို စီမံအုပ်ချုပ်လျှင် သို့မဟုတ် စီမံအုပ်ချုပ်မှုကို ကူညီလျှင်သော် လည်းကောင်း၊ အသင်း၏အစည်းအဝေးအတွက် ဆော်သြ ကမကထပြုလျှင် သော်လည်းကောင်း၊ သို့မဟုတ် ကူညီလျှင်သော် လည်းကောင်း ပြစ်ဒဏ်ကျ ခံစေရမည်ဆိုပြီး ပြဋ္ဌာန်းထားရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ထိုမတရားအသင်းအဖြစ် သတ်မှတ်ခံနေ ရသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံကြသူများသည် ယင်းပုဒ်မများဖြင့် လိုရာဆွဲစွပ်စွဲခံရခြင်း၊ တရားရုံးရောက် အပြစ်ပေး ခံရခြင်း၊ ရွာသားများ နှိပ်စက်ညှင်းပမ်းခံရပြီးအသက် ဆုံးရှုံးရခြင်းများရှိပါကြောင်း၊ ထိုဖြစ်ရပ်မျိုးများစွာရှိခဲ့သော်လည်း အကြောက်တရားကြောင့် ဖြစ်ရပ်မှန်များကို တရားသဖြင့်စီရင်ခံရမှု အလွန်နည်းပါးသည်ကို တွေ့ရှိရသည်အပြင် ယင်းဖြစ်ရပ်များကြောင့် ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်လိုသော လူပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းများသည်လည်း မဝံ့မရဲနှင့်သာပါ ဝင်ဆောင် ရွက်နေကြရသည် တွေ့ရှိရပါကြောင်း၊ ယင်းဥပဒေပုဒ်မများ၏ အကျိုးဆက်ကြောင့်လည်း ပြည်တွင်း စစ်ရှောင် ဒုက္ခသည်စခန်းများ၊ ရွာပုန်းရွာရှောင်တိုင်းရင်းသားများ ၊ ရွာလုံးကျွတ်တစ်ဖက်အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ရခြင်းများ ပေါ်ပေါက်လာစေတဲ့ဖြစ်ရပ်များစွာ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၀၈ ခုနှစ်၊ မတရားအသင်း များအက်ဥပဒေကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို အချိန်မီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခု မြန်မာနိုင်ငံ၏အခြေအနေအရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီတွင် နိုင်ငံတော် သမ္မတကိုယ်တိုင် ဥက္ကဌ အဖြစ် ဆောင် ရွက်ပြီး ပြည်သူအများစု၏ ဆန္ဒဖြစ်သော တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဆောင်ရွက်ပေးနေ သည့် အပြင် ထိုကဲ့သို့ နိုင်ငံရေးပြုပြင်ပြောင်း လဲမှု ဆောင်ရွက်ရာတွင်လည်း အရာရာကို တရား ဥပဒေအတိုင်းဖြစ်စေရန်အတွက် အားထုတ်ကြိုးပမ်းဆောင်ရွက် လျက်ရှိ ပါကြောင်း၊
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန် အပိုင်း(၃)ပိုင်း ခွဲပြီး ဆောင်ရွက်ခဲ့ရာတွင် ပထမအဆင့် တွင် နှစ်ဖက်အပစ် အခတ်ရပ်စဲရေး ကို ဆောင်ရွက်ခြင်း ဒုတိယအဆင့်တွင် ထိတွေ့ဆက်ဆံဆွေးနွေးပြီး ယုံကြည်မှု ကို တည်ဆောက်ခဲ့ခြင်းတို့ဆောင်ရွက်ခဲ့ပြီး ထိုသို့ ဆွေးနွေးသည့် နေရာ တွင် အခြေခံမူ(၈)ချက် ကို ချမှတ် ဆွေးနွေးညှိနှိုင်းခဲ့သည့်အတွက် ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အထိုက်အလျောက် သဘောတူညီချက်များရရှိနေပြီး ဆက်လက်၍ တတိယအဆင့်အနေဖြင့် အင်အားစုအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးအစည်းအဝေးများ ကျင်းပကာ ငြိမ်းချမ်းရေးသဘော တူညီချက်ကို ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
အခြေခံမူ(၈)ချက်ချမှတ် ဆွေးနွေးညှိနှိုင်းခဲ့ရာတွင် အချို့အချက်များသာ ဆွေးနွေး ညှိနှိုင်းနိုင်ပြီး ဆက်လက်ညှိနှိုင်း ရန် အဆင့်များ ကျန်ရှိနေသည့် အပြင် ယင်းအဖွဲ့အစည်းအားလုံး၏ လက်ဝယ်တွင် လက်နက်များရှိနေ ဆဲဖြစ်သည့် အတွက် အချိန်မရွေး မမျှော်လင့်နိုင်သော အခြေအနေများပေါ်ပေါက်လာနိုင်သောကြောင့် ထိုအခြေအနေ များကို ဟန့်တားနိုင်ရန် ဥပဒေတစ်ရပ် လိုအပ်နေသေးသည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၀၈ ခုနှစ်၊ မတရားအသင်းများ အက်ဥပဒေ ပြဌာန်းထားခြင်း၏ ရည်ရွယ်ချက်သည် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုကို ကျူးလွန်ရန် အားပေးကူညီ သည့်အသင်း သို့မဟုတ် အသင်းအဖွဲ့ဝင်များက အဆိုပါ အပြုအမူကို ကျူးလွန်လေ့ရှိသော အသင်းအဖွဲ့များအား ထိရောက် ဟန့်တားဆောင်ရွက်နိုင် ရန် ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်အစိုးရအဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၁၉၉၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို မတရားအသင်းမှ ပယ်ဖျက်ခဲ့ပြီးဖြစ်သော်လည်း အချို့အဖွဲ့အစည်းများ အနေဖြင့် ပြည်သူလူထုကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ စသည့်အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းများကြောင့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၅ ပုဒ်မခွဲ(၂) ပုဒ်မခွဲ ငယ်(က)အရ ပုဒ်မ ၁၇ ပုဒ်မခွဲ(၁)နှင့် ပုဒ်မခွဲ(၂)တို့အရ အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့သော အဖွဲ့အစည်းနှင့် အဖွဲ့ဝင်များ၊ ၎င်းအဖွဲ့အစည်း၊ အဖွဲ့ဝင်များကို ဆက်သွယ်ကူညီ အားပေးနေသော မည်သည့်အဖွဲ့ အစည်း၊ ကုမ္ပဏီ၊ သာမန်ပြည်သူများ ကိုဖြစ်စေ တည်ဆဲဥပဒေဖြစ်သည့် မတရားအသင်းများအက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
၎င်းမတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ(၁)နှင့် ပုဒ်မခွဲ(၂)တို့အရ အရေးယူ ဆောင်ရွက်ရာတွင် ၎င်းပြစ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းက စုံစမ်းစစ်ဆေး တွေ့ရှိချက်များအရ တားမြစ်ချက်ကို ကျူးလွန်ရန် ရည်ရွယ်ဦးတည်ချက်ရှိကြောင်း သက်သေခံ အထောက်အထား မခိုင်လုံပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ အာမခံသူများနှင့်ဖြစ်စေ၊ အာမခံသူများမပါဘဲနှင့်ဖြစ်စေ ခံဝန်ချုပ်ချုပ်ဆိုပြီး စွပ်စွဲခံရသူကို လွှတ်ပေးရ မည်ဖြစ်ပါကြောင်း၊ သက်သေခံအထောက်အထား လုံလောက်ခိုင်လုံပါက မြို့နယ်ဥပဒေ အရာရှိ၏ ဥပဒေအကြံပြုချက်နှင့် အညီ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၇၀ ပုဒ်မခွဲ(၁)အရ စစ်ဆေးစီရင် ပိုင်ခွင့်ရှိသော သက်ဆိုင်ရာတရားရုံးသို့ လွှဲအပ် တင်ပို့ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စွပ်စွဲခံရသူ အနေဖြင့်လည်း တရားစီရင်ရေးဆိုင်ရာ မူများနှင့် အညီ သက်ဆိုင်ရာ တရားရုံးမှာ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း သက်သေထင်ရှားပြခွင့် ရရှိထားခြင်း၊ ချမှတ်သော ပြစ်ဒဏ်ကို မကျေနပ်ပါက တရားရုံးအဆင့်ဆင့်သို့ အယူခံပိုင်ခွင့်ရှိခြင်းများကိုလည်း ပြဋ္ဌာန်း ထားရှိပြီးဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့ကို ပျက်ပြားစေရန် ဖြစ်ပေါ်လာသော မည်သည့်အကြမ်းဖက်မှုများကိုမဆို ထိရောက်စွာ အရေးယူ ဆောင်ရွက် ရမည်သာ ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ် အတိမ်အနက်နှင့် ပြစ်မှုကျူးလွန်သူများ၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ စစ်ဆေးပေါ်ပေါက်ချက်များအရ သက်ဆိုင်ရာ တရားရုံးများက ထိရောက်စွာ ပြစ်ဒဏ် ချမှတ်ရေးကို လိုအပ်သလို ချင့်ချိန်ဆောင်ရွက်ရမည်ဖြစ်ပြီး အချိန်အခါမရွေး ဘာသာရေး၊ လူမျိုးရေး အကြမ်း ဖက်မှုများ ဖြစ်ပေါ် လာနိုင်ခြင်းကြောင့် မတရားအသင်းများ အက်ဥပဒေကို ပယ်ဖျက်ရန်မသင့်ဘဲ မတရား အသင်းမှ ကြော်ငြာထားခြင်း ကို ပယ်ဖျက်ရန် သင့်/မသင့်ကိုသာ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ပါကြောင်း၊
တည်ဆဲဥပဒေတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Law and Practice ဆိုသကဲ့သို့ ပြဋ္ဌာန်း ထားသော ဥပဒေနှင့် ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် လည်း ဆောင်ရွက်သော အဖွဲ့အစည်း များ၏ အကောင် အထည်ဖော်မှုမှာ အားနည်းချက်ကြောင့် ဥပဒေ၏ အကျိုးတရားများ ဖြစ်မလာဘဲ လွဲမှားမှုများ ရှိနိုင်သည့်အတွက် အကောင်အထည်ဖော်သော အဖွဲ့အစည်းများ၏ အားနည်းချက်များ မဖြစ်ပေါ်စေရေးသည် အဓိကဖြစ်ပြီး ဥပဒေကို ပယ်ဖျက်ရေးက အဓိကမဟုတ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ လက်ရှိ ကျင့်သုံးသော ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး(၃)ရပ်က ထိန်းညှိပေးလျက်ရှိ၍ လွတ်လပ်စွာ တရားစီရင်ခွင့်ရရှိပြီးဖြစ်သည့်နည်းတူ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်သူများ ရသင့်ရထိုက်သော အခွင့်အရေးများ ကိုလည်း ထိန်းကျောင်း တည့်မတ်ပေးနိုင်မည့် လူ့အခွင့်အရေးကော်မရှင်လည်း ရှိနေပြီဖြစ်ပါကြောင်း၊ ထို့အပြင် အများပြည်သူ၏ ဆန္ဒနှင့်အညီ ဥပဒေပြုနိုင်သော လွှတ်တော်အရပ်ရပ်လည်း ရှိနေပြီဖြစ်ရာ ထိုအခြေအနေများသည် အားနည်းချက်များကို ကာကွယ်ကုစား အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများဖြစ်သည် ကို တွေ့ရှိရ ပါကြောင်း၊ Check and Balance ဖြစ်မည့် ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်သော အဖွဲ့အစည်းများ၏ ထိန်းကျောင်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအရ ဥပဒေကို ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်းအဆင့်အထိ စဉ်းစားရန် မလိုအပ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယင်းဥပဒေကို တိုးတက်ပြောင်း လဲသော နိုင် ငံရေးဖြစ်စဉ်များနှင့်အညီ လေ့လာသုံးသပ်ပြီး နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး တို့အတွက် လိုအပ်သလို ပြင်ဆင်/ ဖြည့်စွက်ခြင်းသည်သာ သင့်တော်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
