(င)-ပြည်ပကုမ္ပဏီများအားကုန်းတွင်းလုပ်ကွက်များ ချထားပေးရာတွင် နတ်မောက်မြို့နယ်ပါဝင် သင့်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအလေးထားဆောင်ရွက်ရန်နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁.၁၁.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

၃၀-၈-၂၀၁၃ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် The Voice သတင်းစာတို့တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် ၁၈ ကွက်အတွက် စံနှုန်းသတ်မှတ်ချက် အောင်မြင်သောနိုင်ငံခြားကုမ္ပဏီ ၅၄ ခုအနက်မှ ၂၆ ခုသာ အဆိုပြုလွှာ ပြန်လည်တင်ပြလာသည့် သတင်းကိုလည်းကောင်း၊  ကုမ္ပဏီများ၏ လုပ်ကွက်များ လျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုကို လုပ်ကွက် ၃ ခုအထိ လျှောက်ထားခွင့်ပြုထားသည့် သတင်းကိုလည်းကောင်း၊ လုပ်ကွက်သစ် ၁၅ ကွက်ကို ဖော်ပြထားသည့် သတင်းကိုလည်းကောင်း တွေ့ရှိရသော်လည်း ၎င်းဖော်ပြချက်များတွင် မိမိတို့မြို့နယ် မပါသည်ကို တွေ့ရှိရပါကြောင်း၊ နတ်မောက်မြို့၏  အနောက်ဘက် ရေနံချောင်းမြို့နယ် ၂ ခုနှင့် ထိစပ်နေသော ဝက်ချုပ်ကျေးရွာတွင် ဦးပိုင် ၃၁/၂ ဦးရွှေလှိုင်၏ ယာအတွင်း တွင် ရေနံအစမ်း တွင်းဟောင်း တွင်းအမှတ် (၁)၊  ဦးပိုင် ၇၇ ဦးဇာတေး၏ ယာအတွင်းတွင် တွင်းအမှတ် (၂) ဟူ၍ (၂)ခုရှိပါကြောင်း၊ ဒေသခံများ၏ ပြောကြားချက်အရ တွင်းအမှတ်(၂) ကို အင်္ဂလိပ် လက်ထက်နှင့် တွင်းအမှတ် (၁) ကို  အင်္ဂလိပ်နှင့် မြန်မာအစိုးရ မကွဲမီ BOC ခေတ်က ဘန်ကာကြီးများ၊  ဆေးရုံကြီးများနှင့် အလုပ်သမားတန်းလျား ၂ ခုခန့် ဆောက်၍ တူးဖော်ခဲ့ကြောင်း၊ ၎င်းတွင်းများကိုအင်္ဂလိပ်များက မြန်မာပြည်ကပြန်လည် ထွက်ခွာရမည့် အချိန်တွင် ပြန်လည် ပိတ်ထားခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါနယ်ရှိ ၎င်းတွင်းများသည် အရှေ့တောင်အာရှရှိ တစ်ခုတည်းသော ကုန်းတွင်းရေနံအိုင်ကြီးဖြစ်ကြောင်း၊ အကယ်၍တူးဖော်အောင်မြင်ပါက ကမ္ဘာအကြီးဆုံးရေနံတွင်းများအနက် တစ်ခုဖြစ်သော  ကုန်းတွင်း ရေနံနှင့်သဘာဝလုပ်ကွက်များဖြစ်မည်ဟု  လေ့လာ သိရှိရပါကြောင်း၊ နတ်မောက်မြို့ နယ်၏ အရှေ့မြောက်ဘက်ရှိ ထန်းတပင်ကျေးရွာ၊ ဦးစိုးဝင်း၏ယာကွင်းတွင် တွေ့ရှိသော ကွင်းအမှတ် ၉၂၅ တပ်အိုင်ကွင်း၌ အလားတူလုပ်ကွက်မျိုး တွေ့ထားကြောင်းနှင့် ဒေသခံများ၏ ပြောကြားချက်အရ ၎င်းအိုင်နှင့် တထပ်တည်းဖြစ်နေသည်ကို တွေ့ရှိပါကြောင်း၊ ၎င်းနေရာကိုလည်း ဂြိုလ်ထုက ရှာဖွေခြင်း၊ လေထုက တိုင်းတာခြင်း၊ ဒေသခံများကို အင်တာဗျူးလုပ်ခြင်းများ သြဂုတ်လအတွင်းက ပြုလုပ်သွားခဲ့သည်ကို သိရှိပါကြောင်း၊  မိမိ ၁ ရက် နေ့က တင်ပြပြီးသည့်နောက် ၁၄ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာပြီး ကွင်းအမှတ် ၉၂၄ ဦးသောကြာ၏ ယဉ်မွန်တပ်ကွင်းဟု သတ်မှတ်ပြီး ၂၀ နှင့် ၂၄ ရက်နေ့များတွင် ကွင်းဆင်းတိုင်းတာခဲ့ကြောင်း၊  ထို့ကြောင့် ပြည်ပ ကုမ္ပဏီများကို ကုန်းတွင်းလုပ်ကွက်များချထားပေးရာတွင် နတ်မောက်မြို့နယ် ပါဝင်သင့်ကြောင်းနှင့် ယင်းသို့ချပေး ရန် အစီအစဉ်ရှိ/မရှိ၊ မည်သည့်ကုမ္ပဏီ၊ မည်သည့်နိုင်ငံမှ ပြည်ပအဖွဲ့ဖြစ်သည်ကို သိရှိပြီး လက်ပန်းတောင်းတောင် ကဲ့သို့ မဖြစ်စေရန်၊ ဒေသခံများအလုပ်အကိုင်နှင့်အခွင့်အလမ်းများ ရရှိရေးကို အလေးထားဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ ပြည်ပ ကုမ္ပဏီများကို နတ်မောက်မြို့နယ်သို့ အမြန်ဆုံးချထားပေးပြီး အမြန်ဆုံး အကောင် အထည်ဖော်စေချင်ပါကြောင်း၊ အကောင်အထည်ဖော်မှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
အဖြေ
ဖြေကြားချက် 

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေး လုပ်ငန်းများကို မိမိအစီအစဉ်ဖြင့် ဆောင် ရွက်နေသကဲ့သို့ နိုင်ငံခြား ကုမ္ပဏီများနှင့်လည်း အကျိုးတူပူးပေါင်း ဆောင်ရွက် လျက်ရှိရာတွင် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် အတွက် လုပ်ကွက်များအား ဘူမိဗေဒအနေအထား၊ ဘူမိရပ်ဝန်း တည်ရှိနေမှုတို့ အပေါ် မူတည်ပြီး လုပ်ကွက်နယ်နိမိတ်ဧရိယာများ သတ်မှတ်ထား ရှိပါကြောင်း၊  ဘူမိအနေအထားနှင့် ဘူမိရပ်ဝန်းတည်ရှိမှုအရ နတ်မောက်မြို့နယ်တွင် ကုန်းတွင်းပိုင်း လုပ်ကွက် PSC-G၊ RSF- 3၊ RSF-4 တို့ပါဝင်ပါကြောင်း၊

နတ်မောက်မြို့နယ်၊ အရှေ့ဘက်ခြမ်းတစ်ခုလုံးသည် ကုန်းတွင်းပိုင်းလုပ်ကွက် အမှတ် PSC- G အတွင်း ကျရောက်လျက်ရှိပြီး ၆-၆-၁၂ ရက်နေ့တွင် PTTEP SA ရေနံကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို၍ လည်းကောင်း၊  နတ်မောက်မြို့နယ်၊ အနောက်မြောက် ဘက်ခြမ်းရှိ ကုန်းတွင်းပိုင်းလုပ်ကွက်အမှတ် RSF- 3 ကို  ၄-၄-၂၀၁၂ ရက်နေ့တွင် Petronas Carigali Myanmar (မလေးရှား) ရေနံကုမ္ပဏီနှင့် လည်းကောင်း စာချုပ်ချုပ်ဆို၍ အကျိုးတူ ပူးပေါင်း ဆောင်ရွက်  လျက်ရှိပါကြောင်း၊  နတ်မောက်မြို့နယ်၊ အနောက်ဘက်ခြမ်းသည် ကုန်းတွင်းပိုင်းလုပ်ကွက် အမှတ် RSF-4 အတွင်းကျရောက်လျက်ရှိပြီး စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ရေနံရှာဖွေ တူးဖော်ရန် ဆောင်ရွက်နေသောဒေသများ ဖြစ်ပါကြောင်း၊

အဆိုပါလုပ်ကွက်များအနက် နတ်မောက်မြို့နယ် အရှေ့ဘက်ခြမ်းတွင် PTTEP SA  ကုမ္ပဏီမှ မြေပေါ်ဘူမိဗေဒ ကွင်းဆင်း စစ်ဆေးခြင်းနှင့် ဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းများကို ၁၀-၁၂-၁၂ ရက်နေ့မှ ၂၂-၇-၁၃ ရက်နေ့အထိ စုစုပေါင်း လိုင်းကီလိုမီတာ ၃၆၉.၄၂၅ ဆောင်ရွက်ပြီးစီးပြီး  တိုင်းတာရရှိသောအချက် အလက်များကို လေ့လာဆန်း စစ်လျက် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် တူးဖော်မည့် တွင်းနေရာ သတ်မှတ်နိုင်ရေးကို စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်စဉ်ကာလတွင် စာရင်းပြုစုတွက်ချက်ရန် မိတ္ထီလာမြို့ လေကြောင်း အတတ်သင် တက္ကသိုလ်ဘွဲ့ရတစ်ဦး၊ GTC ကျောင်းဆင်းတစ်ဦး၊  အခြားဘွဲ့ရ ၇ ဦးတို့အား တစ်ဦးလျှင် လစာ ကျပ်သုံးသိန်းနှုန်း၊ နတ်မောက် မြို့နယ်ရှိ ကျောက်ခွက် ကျေးရွာနှင့် ၎င်းရွာဝန်းကျင်မှ ယာယီဝန်ထမ်း ၆၀ ဦးတို့အား  တစ်ဦးလျှင်လစာကျပ် ခြောက်သောင်းနှုန်း၊ လုပ်ငန်းအတွေ့အကြုံရှိသူများကို တစ်လလျှင်စရိတ်ငြိမ်း ကျပ် ခုနစ်သောင်းနှုန်း၊ အတွေ့အကြုံမရှိသေးသူများအား စရိတ်ငြိမ်း ကျပ်ငါးသောင်း၊ ဒုတိယ/တတိယလတို့တွင်  တစ်လကျပ် ခြောက်သောင်းနှင့် ခုနစ်သောင်းနှုန်းများနှင့် ဝန်ထမ်းပေါင်း ၁၂၀ ဦးအားလည်းကောင်း၊ နတ်မောက်မြို့နယ်နှင့်နီးစပ်ရာ မြို့နယ်များမှ Vibrator ကားများမောင်းနှင်ရန် ယာဉ်ကြီးမောင်းနှင်သူများနှင့်   စက်ပြင်လုပ်သား ၅၀ ဦးခန့်ကိုလည်းကောင်း စုစုပေါင်းဝန်ထမ်း ၂၃၉ ဦးကို အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့ပါကြောင်း၊

နတ်မောက်မြို့နယ် အနောက်မြောက်ဘက်ခြမ်းသည် ဘူမိအနေအထားအရ ရေနံတည်ရှိမှု အလားအလာ နည်းပါး သောကြောင့် တိုင်းတာဆောင်ရွက်မှုများမရှိခဲ့သော်လည်း နတ်မောက်မြို့နယ် မြောက်ဘက်၏  ဘူမိအနေ အထားအရ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း၊  မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော နတ်မောက်မြို့နယ်၏ အနောက်ဘက်ခြမ်း ဝက်ချုပ်ကျေးရွာဒေသရှိ  ကုန်းတွင်းပိုင်း လုပ်ကွက် အမှတ် RSF-4ကို ၂၀၁၂-၁၃ ခုနှစ်တွင် ‌မြေပေါ်  ဘူမိဗေဒရှာဖွေရေးလုပ်ငန်းနှင့် ဘူမိ ရူပဗေဒဆိုက် စမစ်တိုင်းတာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဆိုက်စမစ်လိုင်း ကီလိုမီတာ ၁၄၇.၂၅ တိုင်းတာခဲ့ပြီး ယခုအချိန်တွင် ညောင်ကုန်းဒေသနှင့် ရေထွက်ဒေသတို့တွင် ရှာဖွေရေးတွင်းများတူးဖော်ရန် လျာထားသတ်မှတ်ထားရှိပါကြောင်း၊  ရေထွက်ဒေသတွင် ယခင်က ဘီအိုစီမှ တွင်းများတူးဖော်ခဲ့ရာ တွင်းအမှတ် ၄ တွင် အနက်ပေ ၃၅၀၀ ဝန်းကျင်မှ ဓာတ်ငွေ့ ဝ.၂ ကုဗပေသန်းသာ စမ်းသပ်ရရှိခဲ့ပါကြောင်း၊

ယခုအခါ နတ်မောက်မြို့နယ်အတွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ရှာဖွေတိုင်းတာ ဆောင်ရွက်လျက်ရှိပြီး ၎င်းမှ ရရှိသောအချက်အလက်များအပေါ်မူတည်၍ ရှာဖွေရေးတွင်းများ တူးဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီးပွားဖြစ် ရေနံနှင့် သဘာဝဓာတ်ငွေ့တွေ့ရှိပါက ဖွံ့ဖြိုးရေး စီမံကိန်းများ ဆက်လက်ဆောင်ရွက် မည်ဖြစ်ပြီး ဒေသ ခံနှင့်ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကျွမ်းကျင်မှု မလိုအပ်သော လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများကိုသာခန့်ထားရန်၊ မြန်မာနိုင်ငံသားများ လုပ်ငန်းကျွမ်းကျင်မှု ရှိရန်အတွက် သင်တန်းများ၊ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန်၊ လုပ်ငန်းဆောင်ရွက်သော ပထမ ၂ နှစ်တွင် ကျွမ်းကျင်လုပ်သား ၂၅ % ၊ ဒုတိယ ၂ နှစ်တွင် ကျွမ်းကျင်မြန်မာနိုင်ငံသား အနည်းဆုံး ၅၀%၊ တတိယ ၂ နှစ်တွင် ကျွမ်းကျင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅% အသီးသီးကို ခန့်အပ်တာဝန်ပေးရန် သက်ဆိုင်ရာကုမ္ပဏီသို့ အသိပေးညှိနှိုင်းအကြောင်း ကြားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။